ဝ ဒေသပေါက်ကွဲမှု အနည်းဆုံး ၁၆ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရ

မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ထဲက ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားတဲ့မြို့တစ်မြို့မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် ၁၆ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီကာ ဒဏ်ရာရရှိခဲ့ပါတယ်။

မတ် ၂၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ဝ ဒေသရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ မိုင်းမောမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ဝ ပြည်နယ်မိုင်းမောမြို့ (ဂက်စ်အိုး+ယမ်း) မတော်တဆပေါက်ကွဲမှုမှာ ၁၆ ဦးသေဆုံးပြီး ၄၈ ဦးဒဏ်ရာရကြောင်းသိရှိရသည်” လို့ UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက Facebook မှာ ရေးသားထားပါတယ်။ ပေါက်ကွဲမှုဟာ မတ် ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့တာလို့လည်း သူက အတည်ပြု ရေးသားထားပါတယ်။

သူလွှင့်တင်ထားတဲ့ဗီဒီယိုထဲမှာ ကယ်ဆယ်ရေးလုပ်သားတွေက အပျက်အစီးတွေကြားထဲမှာ ပိုက်စိတ်တိုက်ရှာဖွေနေတာကို တွေ့မြင်ရပါတယ်။

ဝ ဒေသဟာ မြန်မာနဲ့ တရုတ်နိုင်ငံ နယ်စပ်မှာ တည်ရှိပြီး လူဦးရေ ၆၀၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

တပ်ဖွဲ့ဝင် ၃၀,၀၀၀ လောက်ရှိပြီး မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ UWSA ဟာ တပ်မတော်နဲ့ ငြိမ်းချမ်းရေးရယူထားပြီး ဝ ဒေသကို လွတ်လွတ်လပ်လပ် ထိန်းချုပ်ခွင့်ရရှိထားပါတယ်။

အစိုးရနဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA တို့ ငြိမ်းချမ်းရေးတည်ဆောက်ခဲ့တဲ့ နှစ် ၃၀ ပြည့်အခမ်းအနားကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့မှာ ဧပြီ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာဖြစ်တယ်လို့ UWSA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar