The Voice အယ်ဒီတာကို ပုဒ်မတိုးပါက ဥပဒေအကြံပေး ကန့်ကွက်မည်

ထက်ခေါင်လင်း/Myanmar Now ရေးသားသည်။

သရော်စာတစ်ပုဒ်နှင့် ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်၊ အထိန်းသိမ်းခံထားရသည့် The Voice သတင်းစာ အယ်ဒီတာချုပ်ကို အခြားပုဒ်မတစ်ခုဖြင့် ထပ်မံ တရားစွဲမည်ဆိုပါက လက်မခံနိုင်ကြောင်း သူ၏ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က တနင်္လာနေ့တွင် ပြောလိုက်သည်။

အခြားပုဒ်မတစ်ခုဖြင့် အရေးယူပေးရန် တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ဟု ရန်ကုန်၊ ဗဟန်းမြို့နယ် ရဲစခန်းမှူးထံမှ သိရကြောင်း၊ ထိုသို့ လျှောက်ထားသော်လည်း ထပ်မံအစစ်ဆေးခံနိုင်မည် မဟုတ်ကြောင်း ဦးခင်မောင်မြင့်က ပြောသည်။

“လူတစ်ဦးကို တူညီတဲ့ပြစ်မှုနဲ့ နှစ်ခါ တရားစွဲလို့ မရဘူး။ အစစ်မခံတဲ့ အတွက် ပုဒ်မ ၆၆(ဃ) တုန်းက စစ်ချက်ကိုပဲ ယူသုံးသုံး ကျွန်တော်တို့က ကန့်ကွက်မှာပဲ” ဟု ဦးခင်မောင်မြင့်က ပြောသည်။

“ဒီနေ့ စခန်းမှူးနဲ့တွေ့တော့ မေးလိုက်တာမှာ ဦးတိုက် လျှောက်ထားတာ မှန်ကန်ပါတယ်ဆိုတာကို သူက ပြောတယ်။ ကျွန်တော်တု့ိက တရားဝင်အကြောင်းကြားစာ ထုတ်ပေးပါလို့ ပြောထားတယ်။ ဒါပေမယ့် သူတို့စခန်းမှာ ပုဒ်မတပ်ပြီး အမှုဖွင့်ထားတာမျိုးတော့ မရှိသေးဘူး။ ဘာပုဒ်မ တပ်မလဲတော့ ကျွန်တော် မသိသေးဘူး”

ထပ်မံစွဲဆိုမည်ဆိုပါက ပုံနှိပ်အက်ဥပဒေ၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ စသည့် ဥပဒေပုဒ်မများလည်း ဖြစ်နိုင်သည်ဟု သူက ခန့်မှန်းသည်။

ပုံနှိပ်အက်ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ပုံနှိပ်ထုတ်ဝေခွင့် လိုင်စင် ရုတ်သိမ်းခြင်း၊ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခြင်း ပြုလုပ်နိုင်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အသရေဖျက်မှု ပုဒ်မ ၅ဝဝ တွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အမြင့်ဆုံး ချမှတ်နိုင်သည့် ထောင်ဒဏ်မှာ ၂ နှစ် ဖြစ်ကြောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

လတ်တလောအခြေအနေနှင့် ပတ်သက်ပြီး ဗဟန်းမြို့နယ်ရဲစခန်းသို့ သွားရောက်မေးမြန်းရာ တာဝန်ယူ ဖြေကြားမည့် စခန်းမှူးကို မတွေ့ခဲ့ရပေ။ စခန်းမှူးကို တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

The Voice သတင်းစာ နှင့် အင်တာနက်စာမျက်နှာတွင် မတ်လ ၂၆ ရက်နေ့က ဖော်ပြခဲ့သော “ကျည်ထောင်စုသစွာ” ခေါင်းစဉ်တပ် သရော်စာသည် တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟု ဆိုကာ တပ်မတော်က ကန့်ကွက်ခဲ့သည်။

ညှိနှိုင်းဖြေရှင်းအရေးယူပေးရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံသို့ တိုင်ကြားခဲ့ရာ ကောင်စီက ကြားဝင် ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။

မီဒီယာကောင်စီညှိနှိုင်းမှု ရပ်ဆိုင်း

ကန့်ကွက်ချက်နှင့် ပတ်သက်ပြီး The Voice သတင်းစာ၏ ရှင်းလင်းချက်တစ်စောင်တွင် “ယင်းသရော်စာသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ယူဆဖွယ်ရာ သဘော သက်ရောက်သွားပါက The Voice Daily အနေနှင့် အထူးပင် စိတ်မကောင်းဖြစ်ရပါကြောင်း” ဟု ဖော်ပြထားသည်။

သရော်စာတွင် မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမျှ တိုက်ရိုက်ရည်ညွှန်းသော စကားလုံး မပါရှိဘဲ “ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းကို ရပ်စဲစေလိုသော၊ ငြိမ်းချမ်းရေးကို ရှေးရှုသော ဆန္ဒဖြင့် စာဖတ်သူများရော၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကိုပါ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ခံစားရစေရန် စိတ်ကူးတန်ဆာဆင်ထားသည့် ရယ်ရွှင်ဖွယ် ဟာသရသ အထူးပြုသရော်စာအမျိုးအစား သက်သက်သာ ဖြစ်ပါသည်” ဟု ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

တပ်မတော်နှင့် The Voice သတင်းစာကြား ပြေလည်စေရန် မီဒီယာကောင်စီက ညှိနှိုင်းပေးနေစဉ် တပ်မတော်က အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ကို အမှုဖွင့်ခဲ့သည်။

၎င်းတို့ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားစဉ် ဗဟန်းမြို့နယ်တရားရုံးကို အများပြည်သူရုံးပိတ်ရက်တွင်ပင် သီးသန့် ဖွင့်လှစ်ပြီး ချုပ်ရက် ရမန်ယူခဲ့သည်။ ရုံးပိတ်ရက်အတွင်း ချုပ်ရက်ရမန်ယူခြင်း၊ အာမခံ မပေးခြင်းတို့နှင့် ပတ်သက်ပြီး တနင်္လာနေ့တွင် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ သွားရောက်ကန့်ကွက်ခဲ့သည်။

ကန့်ကွက်မှုနှင့် ပတ်သက်ပြီး တရားခွင်ဖွင့်လှစ်သည့်အခါမှ ဆောင်ရွက်ပေးမည်ဟု ခရိုင်တရားရုံး တရားသူကြီး ဒေါ်ဆွေဆွေက အကြောင်းပြန်ကြောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။

“(ယခုလ) ၈ ရက်နေ့ ရုံးချိန်းမှာလည်း အာမခံပေး၊ မပေးကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးမယ်၊ တကယ်လို့ အာမခံပေးလို့ မရဘူး ဆိုရင်လည်း ဘာ့ကြောင့်ပေးလို့မရတာလဲ ဆိုတာကို အကြောင်းပြန်မယ် တဲ့”ဟု ဦးခင်မောင်မြင့်က ပြောသည်။

ဤအတောအတွင်း မီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းပေးမှုကို ဆက်လက်လုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်း တနင်္လာနေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

“မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် နှစ်ဦးနှစ်ဘက်ပြေလည်မှု ရစေရန် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသော်လည်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်နေဆဲ ကာလအတွင်း တိုင်ကြားသူက တရားရုံးတွင် တရားစွဲဆိုခဲ့ပြီးဖြစ်ပါသဖြင့် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများအရ ဆက်လက် ညှိနှိုင်းဆောင်ရွက်နိုင်ခွင့် မရှိတော့ပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar