NLD အစိုးရလက်ထက် လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့် တိုးတက်မှုမရှိ

ရန်ကုန်၊ မေ ၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရ၏ ပထမတစ်နှစ်သက်တမ်းအတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ တိုးတက်မှုမရှိသေးဟု ပဲန်(Pen) မြန်မာနှင့် မိတ်ဖက် အဖွဲ့အစည်းများက ပြောကြားသည်။

“ဘာဖြစ်လို့ အခြေအနေတိုးတက်မှု မရှိရတာလဲဆိုတော့လည်း တကယ် NLD အစိုးရအဖြစ် တာဝန်ယူရတဲ့အချိန် သူတို့ကိုယ်တိုင် အရင်အစိုးရတွေရဲ့ အချိုးအတိုင်း ဖြစ်လာခဲ့တယ်။ နိုင်ငံပိုင်သတင်းစာ မရှိစေရလို့ ပြောခဲ့ပေမယ့်လည်း ရှိနေတုန်းဘဲ” ဟု ပဲန်(Pen) မြန်မာ ဥက္ကဋ္ဌ ဦးမျိုးမြင့်ငြိမ်းက ပြောကြားသည်။

မေ ၃ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေ အကဲဖြတ်အစီရင်ခံကို ပဲန်မြန်မာနှင့် မိတ်ဖက်အဖွဲ့အစည်းများက ယနေ့ထုတ်ပြန်ရာတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် တိုးတက်မှုကို အကဲခတ်ရာတွင် ဥပဒေနှင့် လုပ်ထုံးလုပ်နည်း အမိန့် ညွှန်ကြားချက်များ၊ သတင်းမီဒီယာ အမှီအခိုကင်းမှုနှင့် လွတ်လပ်မှု၊ ဒစ်ဂျစ်တယ်လွတ်လပ်မှု၊ လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့်နှင့် ထင်မြင်ယူဆခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် လုံခြုံဘေးကင်းခြင်းနှင့် အကာအကွယ်ရှိခြင်းဟူသော အဆင့်အတန်းညွှန်ကိန်း ခြောက်ခုတွင် ပေးမှတ် ၆၀ ၌ ရှစ်မှတ်သာ ရရှိခဲ့သည်။

“သတင်းမီဒီယာဆိုတာ အစိုးရရဲ့ မဏ္ဍိုင်ကြီး သုံးခုကို ထိန်းကျောင်းပေးတဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် နိုင်ငံတကာမှာ စံထားတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း သတင်းမီဒီယာရဲ့ အဆင့်အတန်းကို စတုတ္ထမဏ္ဍိုင်အဆင့် ရောက်အောင်ဆိုရင် အစိုးရအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ကို အာမခံပေးဖို့လိုသလို မြေတောင် မြှောက်ပေးဖို့လည်း လိုပါတယ်။ စတုတ္ထမဏ္ဍိုင်အဖြစ်လည်း တန်းတူညီတူ သဘောထားဖို့ လိုပါတယ်” ဟု BNI (Burma News InternationL) မှ ဦးဇင်လင်းက ပြောကြားသည်။

ယခုအစီရင်ခံစာမတိုင်မီ ရှေ့ပြေးအစီအစဉ်အနေဖြင့်၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလကလည်း ပဲန်မြန်မာနှင့် မိတ်ဖတ်အဖွဲ့ အစည်းများက အစိုးရသစ်၏ ပထမသက်တမ်း ခြောက်လတာကာလအတွင်း အခြေအနေကို အကဲဖြတ်သုံးသပ်သည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထိုအချိန်ကလည်း ပေးမှတ် ၆၀ တွင် ရှစ်မှတ်သာ ရရှိခဲ့ခြင်းဖြစ်၍ ယခုတစ်နှစ်ပြည့်အချိန်အထိ တိုးတက်ပြောင်းလဲမှုမရှိသေးခြင်းဖြစ်သည်ဟု ပဲန်မြန်မာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစီရင်ခံစာပါ တွေ့ရှိချက်များအပေါ် အခြေခံ၍ ညွှန်ကိန်း ခြောက်ခုအတွက်ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) အပါအဝင် စုစုပေါင်းအကြံပေးချက် ၂၅ ချက်ကို အစိုးရထံ ပေးပို့ခဲ့သည်ဟု သိရသည်။

“လွတ်လပ်စွာထုတ်ဖော်ခွင့် အားနည်းခြင်းရဲ့ အကျိုးဆက်ကတော့ လက်ရှိနိုင်ငံရေးအကျဉ်းသားတွေ တိုးတိုးနေတယ်။ ယနေ့ နိုင်ငံရေးအကျဉ်းသား ၉၉ ယောက်မှာ လယ်သမား ခုနစ်ယောက်ပါတယ်။ လက်ရှိ ၆၆ (ဃ) နဲ့ အမှုရင်ဆိုင်နေတာ ၃၃ ယောက်ရှိတယ် ထောင်ကျတာ ငါးယောက်ရှိတယ်။ ပြန်လွတ်သွားတာ ၁၁ ယောက် ရှိတယ်။ ကျွန်တော်တို့ စာရင်းအရပေါ့။ ဒါက ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အတိအကျ ထိခိုက်နေလားပေါ့။ ဒီတော့ ၆၆ (ဃ) ပုဒ်မကြီးကို ပယ်ဖျတ်ဖို့ ကျွန်တော်တို့ အားပေးတယ်။ ထောက်ခံတယ်။ ဒါ့အပြင် ပုဒ်မ ၁၇ (၁) ဆိုတာကလည်း တိုင်းရင်းသား သတင်းမီဒီယာလေးတွေကို အတားအဆီး ဖြစ်စေပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့ (AAPP) မှ ကိုဇော်မိုးက ပြောသည်။

မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆို ခွင့်တိုးတက်မှုအခြေအနေ အကဲဖြတ် သုံးသပ်ခြင်းကို ပဲန် (Pen) မြန်မာနှင့် မိတ်ဖတ်အဖွဲ့အစည်း ၁၃ ခုက ပူပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သတင်း-စောကပလူစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar