၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့က စတင်ပေါ်ထွန်းလာတာဖြစ်လို့ ပါတီသက်တမ်း ၂၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ NLD ရဲ့ပါတီစည်းကမ်းပိုင်း၊ ဖွဲ့စည်းပုံပိုင်းနဲ့ အနာဂတ် နိုင်ငံရေးမှာ ဆက်လက်ဦးဆောင်နိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ များစွာ ပေါ်ထွက်နေပါတယ်
ဉာဏ်လှိုင်လင်း ရေးသားသည်။
မြန်မာ့နိုင်ငံရေးသမိုင်းမှာ လူထုထောက်ခံမှု အမြင့်မားဆုံးရရှိခဲ့တဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ပြောပါဆိုရင် လွတ်လပ်ရေးတောင်းဆိုတဲ့ခေတ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှုနဲ့ ပေါ်ပေါက်ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး (ဖဆပလ)အဖွဲ့ချုပ်ပြီးရင်ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ခေတ်မှာ သန္ဓေတည်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပဲ ရှိတယ်ဆိုတာ ငြင်းမရပါဘူး။
NLD ဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီတည်း အုပ်ချုပ်တဲ့ခေတ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ နိုင်ငံအနှံ့မှာ လူထုအင်အားနဲ့ တောင်းဆိုကြတဲ့ ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့က စတင်ပေါ်ထွန်းလာတာဖြစ်လို့ ဒီကနေ့ဆိုရင် ပါတီသက်တမ်း ၂၈ နှစ်ပြည့်ပါပြီ။
အဲဒီကာလတွေကို NLD ပါတီနဲ့ အဖွဲ့ဝင်တွေဟာ အေးအေးသက်သာ ဖြတ်ကျော်လာခဲ့ရတာတော့ မဟုတ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အစစအရာ အဖိနှိပ်ခံ၊ အနှိပ်စက်ခံပြီး ထောင်ကျတန်းကျနဲ့ အသက်တွေ ဆုံးရှုံးရတဲ့အထိ ရုန်းကန် လှုပ်ရှားခဲ့ရတာပါ။
အဲဒီလောက်အထိ အကြပ်အတည်းနဲ့ ကြုံခဲ့ရပေမယ့် ရှစ်လေးလုံးအရေးတော်ပုံအပြီး အဓိကကျတဲ့ အထွေထွေ ရွေးကောက်ပွဲ သုံးခုမှာ နှစ်ခုကို ဝင်ပြိုင်ပြီး နှစ်ကြိမ်စလုံး အပြတ်အသတ် အောင်ပွဲရအောင် စွမ်းဆောင်နိုင်တဲ့အထိ လူထုရဲ့ သဲသဲလှုပ် ထောက်ခံမှုကို ရထားပါတယ်။
နိုင်ငံတော်အာဏာရယူထားတဲ့ စစ်တပ်က ဦးဆောင်ကျင်းပပြီး အာဏာလွဲပြောင်းပေးခြင်း မရှိတဲ့ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ၈၂ ဒသမ ၂ ရာခိုင်နှုန်း၊ အဲဒီနောက် ၂၅ နှစ်အကြာမှာ တစ်ကျော့ပြန်ဝင်ပြိုင်တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းခန့်အထိ အသီးသီး အောင်ပွဲခံနိုင်ခဲ့တာပါ။
အနီးကပ်ဆုံး အထွေထွေရွေးကောက်ပွဲမတိုင်မီ ၂၀၁၂ မှာ လစ်လပ်နေရာ အနည်းငယ်အတွက် လုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းကဆိုရင်လည်း ၉၀ ရာခိုင်နှုန်း ကျော် အနိုင်ရခဲ့တဲ့ ပါတီတစ်ခုဖြစ်ပါတယ်။ ဒါဟာ လူထု ထောက်ခံမှုကို အခိုင်အခန့် စဉ်ဆက်မပြတ် တည်ဆောက်နိုင်ခဲ့တဲ့ ရလဒ်ဖြစ်ပြီး ဒီကနေ့မှာတော့ ပါတီရဲ့ အဖိအနှိပ်ခံ သမိုင်းအိပ်မက်ဆိုးတွေကို တစ်ခန်းရပ်ကာ အာဏာရပါတီအဖြစ် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရနေပါပြီ။
ဒါကို မြန်မာ့ဒီမိုကရေစီခရီးမှာ တောက်လျှောက် တိုက်ပွဲဝင်ခဲ့ရတဲ့ NLD နဲ့ ရေရှည်ထောက်ခံခဲ့ကြတဲ့ ပြည်သူတွေရဲ့ အောင်ပွဲလို့ ကျေနပ်ဂုဏ်ယူနေသူတွေ အများအပြားပါ။ ဒါ့အပြင် ရှေ့ခရီးကို ဒီလိုအရှိန်အဟုန်နဲ့ ဆက်သွားနိုင်ပါ့မလားဆိုပြီး စိုးရိမ်ပူပန်နေကြတဲ့ NLD ကို ထောက်ခံသူတွေလည်း ရှိပါတယ်။
အကြောင်းကတော့ ပါတီကို စနစ်တကျ ပြန်လည်တည်ဆောက်ဖို့လိုအပ်နေပြီလို့ ယူဆကြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် မရှိတော့တဲ့ အနာဂတ်အတွက် NLD ဟာ ပြင်ဆင်မှု အစီအမံတွေလိုအပ်နေပြီလို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။
အချက်အလက်တွေနဲ့ လတ်တလောဖြစ်စဉ်အချို့ကို ကြည့်မယ်ဆိုရင်လည်း စိုးရိမ်ပူပန်သူတွေကို မှားတယ်လို့ ဆိုနိုင်မှာမဟုတ်ပါဘူး။ ပါတီဝင်အင်အား လေးသန်းကျော်ရှိတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က အတည်ပြုပေးထားတဲ့ NLD ဟာ ၂၈ နှစ်အတွင်းမှာ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ တစ်ကြိမ်သာ လုပ်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၃ ခုနှစ်၊ မတ်လမှာ ကျင်းပတဲ့ အဲဒီတစ်ခုတည်းသော ညီလာခံက ရွေးချယ်ပေးလိုက်တဲ့ ဗဟိုကော်မတီရဲ့ အစည်းအဝေးဟာလည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကာလအပြီးအထိသာ ပုံမှန်ကျင်းပဖြစ်ပြီး အာဏာလွှဲပြောင်းရေးကိစ္စတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အလုပ်ရှုပ်နေချိန်မှာရော၊ အစိုးရတာဝန်တွေ ယူပြီးချိန်မှာရော မကျင်းပဖြစ်တာ ခုနစ်လနီးပါး ရှိနေပါပြီ။
ဓာတ်ပုံ-အေအက်ဖ်ပီ
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ NLD ဟာ ဒီကနေ့အထိ ပါတီတစ်ရပ်ရဲ့ အသွင်အပြင်နဲ့ ဖွဲ့စည်းမှု၊ လုပ်ငန်းလုပ်ဆောင်မှုတွေ ပီပီပြင်ပြင် မလုပ်နိုင်သေးပေမယ့် ပါတီအပေါ် လူထုရဲ့ ထောက်ခံမှုတွေလည်း ကျဆင်း မသွားသေးဘူးလို့ သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ တိုင်းပြည်ကို ပြောင်းလဲလိုတဲ့ အောက်ခြေ ပါတီဝင်တွေ စိတ်ပါလက်ပါ အလုပ်လုပ်နေတာကြောင့်မို့လို့ NLD ဟာ ဒီနေ့အချိန်အထိ ဒီလိုရပ်တည်နေနိုင်တာ” လို့ သူကဆိုပါတယ်။
ဒါပေမယ့် မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် ပါတီဥက္ကဋ္ဌ၊ တောင်ကြီးခရိုင် ဥက္ကဋ္ဌနဲ့ အခြားတာဝန်ရှိသူတွေ ထုတ်ပယ်ခံရတဲ့ကိစ္စ၊ လစ်ဟင်းနေတဲ့ ရပ်ကွက်ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းတွေရဲ့ အလုပ်အမှုဆောင်တွေ ပြန်လည်ရွေးချယ်တဲ့ကိစ္စ စတာတွေကို ထောက်ရှုပြီး NLD ပါတီတွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်နေပြီလားဆိုတဲ့ မေးခွန်းပေါ်ပေါက်လာပါတယ်။
ဒီအခြေအနေမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်တွေယူထားတဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံဥပဒေရဲ့ အကန့်အသတ်ကြောင့် ပါတီလုပ်ငန်းတွေကနေ မဖြစ်မနေ ကင်းကွာနေရမယ့် အနေအထားမှာ ရှိပါတယ်။
NLD ဟာ ဒီအရေးကို ကြိုမြင်ခဲ့ပုံတော့ ရပါတယ်။ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာ လွှဲပြောင်းမရယူမီ တစ်လခန့် အလိုထဲက ပါတီရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်ပြီး ပြင်ဆင်မှုတွေ လုပ်ခဲ့တာတွေ့ရပါတယ်။ NLD ဦးဆောင်တဲ့ လွှတ်တော်အစည်းအဝေးတွေ စတင်နေတဲ့အချိန်၊ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ပါတီရဲ့ လုပ်ငန်းစဉ်တွေ အားလျော့ လာမယ့် အလားအလာတွေကို ကြပ်မတ်ထိန်းသိမ်ဖို့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ကို ပုဂ္ဂိုလ်ငါးဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။
ဒီအဖွဲ့မှာ ပါတီရဲ့ စီနီယာ ဗဟိုအလုပ်အမှုဆောင်ကြီးတွေဖြစ်တဲ့ ဦးဝင်းထိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဦးဉာဏ်ဝင်းနဲ့ ဦးဟံသာမြင့်တို့ကို တာဝန် ပေးထားပါတယ်။
ဖွဲ့စည်းပြီးနောက်ပိုင်း တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိတဲ့ ဒီအဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်မှုထဲမှာ ဦးဝင်းထိန်ရဲ့ လုပ်ဆောင်ချက်အချို့သာ ထင်သာမြင်သာတွေ့ရပြီး အငြင်းပွားဖွယ်ကိစ္စတွေလည်း ပါဝင်နေပါတယ်။
အထင်ရှားဆုံးကတော့ ယခုလဆန်းပိုင်းမှာ ဖြစ်ခဲ့တဲ့ တောင်ကြီးကိစ္စပါ။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် တောင်ကြီးမြို့ကို ရောက်ရှိချိန်မှာ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အင်တာနက် လူမှုကွန်ရက် Facebook ကနေ ပြင်းပြင်ထန်ထန်ဝေဖန်တဲ့ တောင်ကြီးခရိုင် ပါတီဥက္ကဋ္ဌ ဦးတင် မောင်တိုးကို ထုတ်ပယ်လိုက်တဲ့ ကိစ္စပါ။
အဲဒီနောက် ဦးတင်မောင်တိုးနဲ့ ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးအပါအဝင် စုစုပေါင်းခြောက်ဦးကို ထုတ်ပယ်လိုက်ပါတယ်။ ထုတ်ပယ်ခံရသူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်မိုးမိုးကတော့ ဒီလုပ်ရပ်ဟာ ပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီသလို ရှင်းရှင်းလင်းလင်း မရှိတာကြောင့် ပါတီစည်းကမ်းထိန်းသိမ်းရေးဗဟိုက ဖြေရှင်းပေးဖို့ ဝိုင်းဝန်း အရေးဆိုထားတယ်လို့ ပြောပါတယ်။
“ကျွန်မတို့မှားတယ်ဆိုလို့ရှိရင် ပါတီစည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဉ်အဆင့်ဆင့်အရ တိုင်တာရှိရင် နှစ်ဖက်စွပ်စွဲခံရသူတွေကို ခေါ်စစ်ရမယ်။ အခုဟာက အဲဒီလိုဟာ မပါဘူး”လို့ ဒေါ်ခင်မိုးမိုးက ဆိုပါတယ်။ ဒါအပြင် စာမှာ ရှမ်းပြည်နယ်ဥက္ကဋ္ဌအဖြစ်က ထုတ်ပယ်တယ်လို့သာ ပါဝင်တာကြောင့် ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိမရှိဟာလည်း မရှင်းလင်းသေးဘူးလို့ သူက ဆက်ပြောပါတယ်။
ဒေါ်ခင်မိုးမိုးဟာ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တောင်ကြီးမြို့နယ် NLD အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူပါ။ အဲဒီနောက် ၂၀၁၃ ခုနှစ်၊ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအပြီးမှာတော့ ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
အဲဒီညီလာခံအပြီး ရေးဆွဲပြဋ္ဌာန်းထားတဲ့ NLD ပါတီ စည်းမျဉ်းနဲ့ ဖွဲ့စည်းပုံမှာတော့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ရင် အခုလိုဆောင်ရွက်ဖို့ လမ်းညွှန်ထားပါတယ်။
“ဆုံးဖြတ်ချက်တိုင်းသည် ဒီမိုကရေစီနည်းဖြင့် အများသဘောတူ ဆုံးဖြတ်ချက်မျိုးသာလျှင် ဖြစ်စေရမည်” လို့ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ပါတီဝင်အချို့ ထုတ်ပယ်ခံရတဲ့ တောင်ကြီးဖြစ်စဉ်ဟာ အဲဒီအချက်နဲ့ မကိုက်ညီဘူးလို့ ယုံကြည်သူတွေရှိနေကြတာပါ။
လက်တွေ့အခြေအနေမှာလည်း ရှမ်းပြည်နယ် NLD ပါတီဝင်အချို့ကို ထုတ်ပယ်လိုက်ကြောင်း မီဒီယာတွေကို ဦးဝင်းထိန်က ကနဦးထုတ် ဖော်ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီနောက် တစ်ပတ်ခန့်အကြာ၊ စက်တင်ဘာ ၁၁ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကျမှ အဲဒီကိစ္စကို ဝိုင်းဝန်း ဆွေးနွေးအတည်ပြုခဲ့တာ တွေ့ရပါတယ်။
“တောင်ကြီးကိစ္စက ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ထဲက စည်းကမ်းထိန်းသိမ်းရေးက လုပ်ရမှာ။ ဘယ်သူ့မှမလုပ်ဘဲ ကန့်လန့်ဖြစ်နေလို့ ကျွန်တော်သွားလုပ်ရတာ”လို့ ဦးဝင်းထိန်က ရှင်းပြပါတယ်။
ဦးဝင်းထိန်ကတော့ သူ့ရဲ့ လုပ်ဆောင်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်ဟာ ဥပဒေစည်းကမ်း နည်းလမ်းအတိုင်းသာ ဖြစ်တယ်လို့ဆိုပါတယ်။ ဓာတ်ပုံ-အန်းဝမ်
၂၀၁၃ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းထားတဲ့ ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းကတော့ အဲဒီနေပြည်တော်အစည်းအဝေးကို မတက်ရောက်ခဲ့ပါဘူး။
ထုတ်ပယ်မှုနဲ့ ပတ်သက်ပြီး ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံက ဘာအချက်အလက်မှ ရောက်မလာသေးဘူးလို့ တောင်ကြီးကိစ္စဖြစ်ပြီး နောက်တစ်နေ့မှာ သူက Frontier ကို ပြောထားဖူးပါတယ်။
စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်အစည်းအဝေးအပြီး ထပ်မံ ဆက်သွယ်တဲ့အခါမှာလည်း ဒီကိစ္စကို အခုအချိန်အထိ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အနေနဲ့ မကိုင်တွယ်နိုင်သေးဘူးလို့ ဦးဉာဏ်ဝင်းကပြောတယ်။
“ဗဟို အလုပ်အမှုဆောင်အဖွဲ့နဲ့ပဲ သူတို့ ဆုံးဖြတ်ချက်ချထားတာ။ စည်းကမ်းထိန်းသိမ်းရေးက ဒီကိစ္စကို ကိုင်ဖို့အတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တင်ပြရမှာ။ ကျွန်တော် နေမကောင်းလို့ စက်တင်ဘာ ၁၁ ရက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို မတက်နိုင်ခဲ့ဘူး။ ဘယ်တော့ အစည်းအဝေး ထပ်လုပ်ဖြစ်မလဲတော့ သေချာမပြောနိုင်ဘူး” လို့ သူကဆိုတယ်။
NLD ရဲ့ ဗဟိုနဲ့ တိုင်းနဲ့ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေဟာ အဖွဲ့ဝင်ငါးဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဗဟိုအဆင့်မှာတော့ ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီဝင် နှစ်ဦးစီနဲ့ ရုံးအဖွဲ့မှူးတစ်ဦး ပါဝင်ပါတယ်။
ထုတ်ပယ်ခံရသူ ဒေါ်ခင်မိုးမိုးကတော့ “ပါတီထိပ်ပိုင်းက ပုဂ္ဂိုလ်တွေကိုယ်တိုင်က ရိုးရိုးသားသား မှန်မှန်ကန်ကန်နဲ့ ပါတီက ချထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဖို့လိုပါတယ်” လို့ဆိုလိုက်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ပြဿနာတစ်ခုပေါ်မှ တစ်ခု ထပ်တိုးတာမျိုးမလုပ်ဘဲ အထက်အောက် လိုက်နာနိုင်တဲ့ အချက်မျိုးတွေနဲ့ ခိုင်ခိုင်မာမာဖြစ်အောင် ရေးဆွဲပြဋ္ဌာန်းသင့်ပြီလို့ မှတ်ချက်ပြုပါတယ်။
ဒေါက်တာရန်မျိုးသိမ်းကလည်း ဒီအချက်ကို ထောက်ပြခဲ့ပြီး NLD အနေနဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့စဉ်းစားနေတဲ့ တစ်ချိန်တည်းမှာ ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း တွေကိုလည်း ပြင်ဆင်နိုင်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။
ပါတီရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက်အလက်တွေ ကြည့်မယ်ဆိုရင်လည်း NLD မှာ ဖွဲ့စည်းခဲ့ပြီးနောက် မတ် ၂၁ ရက်နေ့ ရက်စွဲနဲ့ ဖျက်သိမ်းထားတဲ့ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တောင်သူလယ်သမားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားရေး၊ အမျိုးသမီးရေး၊ ဥပဒေ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊ ပြန်ကြားရေး၊ လွှတ်တော်ရေးရာစတဲ့ ကော်မတီ ၁၂ ခုကို ဒီကနေ့အချိန်အထိ ပြန်လည်ဖွဲ့စည်းထားတာ မတွေ့ရသေးပါဘူး။
ဒါ့အပြင် ဇွန် ၁၅ ရက်နေ့ကနေ သြဂုတ် ၁၄ ရက်အတွင်း နိုင်ငံအနှံ့မှာ လစ်ဟင်းနေတဲ့ ရပ်ကွက်ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းတွေရဲ့ အလုပ်အမှုဆောင်တွေကို အပြီး ပြန်လည် ရွေးချယ်ရမယ်ဆိုတာနဲ့ လူငယ်တွေ ပါဝင်ခွင့်ရှိတယ်လို့ ညွှန်ကြားထားပေမယ့် အသစ်ရွေးချယ်ပြီးတာ စုစုပေါင်း ဘယ်နှစ်ဦးရှိပြီလဲနဲ့ လူငယ်ဘယ်လောက်များများ ပါဝင်လာသလဲဆိုတာ အတိအကျ မသိရသေးပါဘူး။
ဦးဝင်းထိန်ကတော့ “မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ် လစ်လပ်အလုပ်အမှုဆောင် ရွေးတာတွေ အကုန်ပြီးသွားပြီ” လို့သာ ပြောပါတယ်။
နောက်ထပ်အရေးကြီးတာတစ်ခုကတော့ အနာဂတ်ကို ဦးဆောင်ရမယ့် အဖွဲ့ချုပ်ရဲ့ လူငယ်လုပ်ငန်းအဖွဲ့ ပြန်လည်ဖွဲ့စည်းရေး ကိစ္စပါ။ ဒါနဲ့ပတ်သက်ပြီး ၂၀၁၆ ခုနှစ်၊ ဇွန် ၁၄ ရက်စွဲနဲ့ ထုတ်တဲ့ NLD ရဲ့ ညွှန်ကြားချက်မှာ ပါဝင်ပေမယ့် လေးလကြာတဲ့အထိ တစ်စုံတစ်ရာ စီစဉ်နေတာမျိုး မတွေ့ရသေးပါဘူး။
လူငယ်လုပ်ငန်းအဖွဲ့(ဗဟို)ရဲ့ တွဲဖက်တာဝန်ခံ ဒေါက်တာဝေဖြိုးအောင်ကတော့ လူငယ်ညီလာခံမျိုး ထပ်လုပ်မှာ မဟုတ်ဘဲ တိုင်းနဲ့ ပြည်နယ်အသီးသီးရဲ့ အလုပ်အမှုဆောင်အဖွဲ့တွေမှာ ရွေးကောက်ခံရတဲ့ လူငယ်လုပ်ငန်း အဖွဲ့ဝင်တွေရဲ့နေရာမှာ အသက် ၃၀ နှစ်အောက် လူငယ်တွေနဲ့ အစားထိုးဖို့သာရှိမယ်လို့ ဆိုပါတယ်။ လက်ရှိ လူငယ်လုပ်ငန်းအဖွဲ့မှာတော့ အသက်ဟာ ၃၀ ကျော် လူငယ်တွေက ဦးဆောင်နေကြတာပါ။
ဓာတ်ပုံ-အေအက်ဖ်ပီ
ဒါ့အပြင် NLD ဟာ သူ့ရဲ့ လူငယ်တွေကို ပြုစုပျိုးထောင်ရေးအပေါ်လည်း အာရုံစိုက်နိုင်ဟန် မပေါ်သေးပါဘူး။ အဖွဲ့ဝင် ၁၅ ဦး ပါဝင်တဲ့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့နဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဦးရေ ၅,၀၀၀ နီးပါးရှိတဲ့ လူငယ်လုပ်ငန်းအဖွဲ့တွေကို ၂၀၁၄ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့ပေမယ့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတွေကိုသာ အများဆုံး ပို့ချထားနိုင်ပါသေးတယ်။
အသက်၃၂ နှစ်အရွယ် ဒေါက်တာဝေဖြိုးအောင်ရဲ့ ပြောဆိုချက်အရ နိုင်ငံအနှံ့ လူငယ်လုပ်ငန်းအဖွဲ့တွေနဲ့ လက်တွဲ အလုပ်လုပ်နေတဲ့ လူငယ်အင်အားဟာ တစ်သိန်းနီးပါး ရှိတယ်လို့ဆိုပေမယ့် ဘဏ္ဍာရေးမှူး မဇင်နီနီဝင်းကတော့ ကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်တွေ မပြီးဆုံးသေးတာကြောင့် အတိအကျပြောဖို့ ခက်တယ်လို့ မှတ်ချက်ပြုပါတယ်။
သင်တန်းတွေနဲ့ ပတ်သက်ပြီး လူငယ်လုပ်ငန်းအဖွဲ့ (ဗဟို)က လူငယ်ဖွံ့ဖြိုးရေးရာတာဝန်ခံ မဇာခြည်မြင့်ကတော့ “ရန်ကုန်ရုံးချုပ်မှာ လူငယ်စွမ်းဆောင်ရည်မြှင့် သင်တန်းတွေ ဖွင့်နေတယ်။ တိုင်းနဲ့ပြည်နယ်အားလုံးတော့ မပြီးသေးပါဘူး”လို့ ပြောပါတယ်။
မေးမြန်းခဲ့တဲ့ လူငယ်တွေအားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တာရယ်၊ ပါတီရဲ့ မူဝါဒကို နှစ်သက်တာရယ် တိုင်းပြည်အပြောင်းအလဲဖြစ်အောင် လုပ်ရာမှာ ပါဝင်လိုတာရယ်ကြောင့် NLD ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ပါတီအတွင်းမှာ လူကြီးလူငယ် ပြဿနာ ကြီးကြီးမားမားမရှိဘူးလို့ ဆိုကြပါတယ်။ ဒါ့အပြင် လူငယ်အားလုံးဟာ အနာဂတ်အတွက် လေ့လာမှုတွေ လုပ်နေကြပါတယ်လို့လည်း သူတို့က ပြောကြပါတယ်။
ဒေါ်ခင်မိုးမိုးကတော့ အနာဂတ်ကို ဆက်လက် ဦးဆောင်ကြရမယ့် လူငယ်တွေအတွက် ပါတီက လူကြီးတွေဟာ စည်းမျဉ်းစည်းကမ်းလိုက်နာမှုမှာ ရှေ့ဆောင်လမ်းပြ ဖြစ်ဖို့ကောင်းတယ်လို့ မှတ်ချက်ပြုပါတယ်။
“လူငယ်တွေကို ထိန်းကျောင်းဖို့ဆိုတာ အမ(ဒေါ်အောင်ဆန်းစုကြည်)လိုမျိုး လူငယ်တွေအပေါ် စာနာတတ်သူကသာ လုပ်နိုင်ပါလိမ့်မယ်” လို့ သူက ဆိုတယ်။ ဒါ့အပြင် ဗဟိုကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ လူငယ်တွေ ပါဝင်မှုနည်းနေတယ်လို့လည်း ဒေါ်ခင်မိုးမိုးက ဆက်ပြောပါတယ်။
စိုးရိမ်ပူပန်သူတွေကတော့ NLD ဟာ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ Political Institution တစ်ခုအနေနဲ့ အားနည်းနေသေးတယ်လို့ ယုံကြည်နေကြပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ခေတ်လွန် ကာလတွေအတွက် ပြင်ဆင်မှုပါ။
NLD ဟာ အနာဂတ်အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ယုံကြည်သူတွေထဲမှာ NLD ပါဝင်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲတိုင်းမှာ NLD ကို မဲပေးခဲ့တဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နေ MMM အင်္ဂလိပ်စာသင်တန်းကျောင်း၊ ကျောင်းအုပ် ဦးမြင့်မောင်မောင်လည်း ပါပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရင်တော့ ပင်လယ်ထဲက ရေခဲတုံးကြီးလိုပေ့ါ။ အပေါ်က ကြည့်ရင် သိပ်မသိသာဘူး။ အောက်ပိုင်းမှာတော့ အက်နေတယ်ပေါ့။ ကျွန်တော်တော့ အဲဒီလိုပဲ ခံစားလို့ရတယ်” လို့ သူက ဆိုပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ပါတီရဲ့ အမြင့်ဆုံးတာဝန်ရှိသူတွေဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အခြားသော အတွင်းရေးမှူး အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်တို့ကို Frontier က ဆက်သွယ်ပေမယ့်လို့ ဘယ်သူ့ကိုမှ မမေးမြန်းနိုင်ခဲ့ပါဘူး။
ဦးဝင်းထိန်ကတော့ “ပါတီရဲ့ အနာဂတ်က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလုပ်နိုင်မှ အခြေအနေကောင်းမှာ ကျုပ်တို့တစ်တွေ ဘယ်သူမှ မနိုင်ဘူး။ နောက်ရွေးကောက်ပွဲ (၂၀၂၀) နီးတော့မှ အခြေခံဥပဒေအရ ပါတီအတွက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လှုပ်ရှားနိုင်မှ ဖြစ်မှာ။ ပါတီက သူ့ခေါင်းဆောင်မှုနဲ့ ဖြစ်လာတာကိုး။ ကျွန်တော်တို့က သူ့ကိုပံ့ပိုးတာပဲရှိတယ်။ သူကိုယ်တိုင် ခေါင်းဆောင်မှသာ ချောချောမွေ့မွေ့ ဖြစ်မှာ”လို့ ဆိုပါတယ်။
ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည် မဦးဆောင်နိုင်တော့တဲ့အချိန်အတွက် “NLD က ဘယ်လို ပြင်ဆင်မှာလဲ၊ ဘာတွေပြင်ဆင်ထားလဲ” လို့ ဆက်လက်မေးမြန်းရာမှာတော့ “အဲဒီကိစ္စ ငါမဖြေဘူး” လို့ ဦးဝင်းထိန်က ပြောပါတယ်။
ဦးဉာဏ်ဝင်းကတော့ ဒီကိစ္စအပေါ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထဲမှာ စဉ်းစားနေကြတုန်းပါ လို့ ဆိုပါတယ်။
“အားလုံးမပြီးသေးပါဘူး။ ပြီးရင်ထုတ်ပြန်ပေးပါ့မယ်။ လူငယ်တွေ ကိစ္စရော၊ ပါတီလှုပ်ရှားမှု၊ ပါတီဖွဲ့စည်းပုံ၊ စည်းရုံးရေးစသဖြင့် အကုန်ပါ” လို့ သူက ပြောပါတယ်။
ဦးရန်မျိုးသိမ်းကတော့ လူထုထောက်ခံမှု အမြင့်မားဆုံးရထားတဲ့ ပါတီကြီးရဲ့ လက်ရှိအခြေ အနေဟာ တိုင်းပြည်အတွက်ပါ စိုးရိမ်စရာကောင်းနေတယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် အခုချိန်ကစပြီး မူဝါဒပေါ်အခြေခံတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်အောင် စီမံချက်ရေးဆွဲ တည်ဆောက်သင့်နေပြီလို့ သူကတိုက်တွန်းတယ်။
“မြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ NLD ဟာ ဦးဆောင်ပါတီတစ်ခု ဖြစ်တယ်။ လူထုထောက်ခံမှုလည်း မြင့်မြင့်မားမားရထားတဲ့ ပါတီလည်း ဖြစ်တာကြောင့် ပါတီထဲမှာ ချွတ်ချော် တိမ်းစောင်းမှုတစ်ခုခုဖြစ်တာနဲ့ တိုင်းပြည်ပေါ်မှာရော၊ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူလူထုအပေါ်မှာရော ကြီးကြီးမားမား သက်ရောက်နိုင်တယ်လို့ မြင်တယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် “ အဲဒီအချက်ကို ပါတီခေါင်းဆောင်တွေအနေနဲ့ အလေးအနက်ထား စဉ်းစားပြီးတော့ ပါတီကို မူဝါဒလမ်းစဉ်၊ လုပ်ငန်းစဉ်ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ပါတီတစ်ခုဖြစ်အောင် အမြန်ဆုံး စလုပ်သင့်ပါပြီ”လို့လည်း ဒေါက်တာရန်မျိုးသိမ်းက သတိပေးလိုက်ပါသေးတယ်။
ခေါင်းစီးဓာတ်ပုံ- အေအက်ဖ်ပီ