NLD နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ပြည်ထဲရေး စုံစမ်းနေ

နေပြည်တော်၊ မေ ၄

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာ Facebook မှာ ကောလာဟလ ဖြန့်ချိနေမှုတွေကို ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ယူ စုံစမ်းပေးနေပြီလို့ ပါတီရဲ့ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာတွေကို ပြောပါတယ်။

“အားလုံးဟာ အမှန်မဟုတ်ဘူး။ မဟုတ်တဲ့အတွက် လုပ်တဲ့လူကို ဖော်ထုတ်မယ်”လို့ နေပြည်တော်၊ စည်ပင်သာယာဧည့်ရိပ်သာက သူနေထိုင်ရာအခန်းရှေ့မှာ ယနေ့နံနက်ပိုင်းက မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

“သမ္မတဦးထင်ကျော် ရာထူးက အနားယူတော့မယ်”။ “NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို သူရဦးရွှေမန်း တက်တယ်” ဆိုတာနဲ့ “နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို သတိပေးတယ်” စတဲ့ သတင်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအထိ “NLD သတင်းသီးသန့်”လို့ အမည်ပေးထားရာကနေ “NLD Central News” လို့ ယနေ့မှာ အမည်ပြောင်းလိုက်တဲ့ Facebook စာမျက်နှာမှာ အဓိကဖော်ပြနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မေ ၃ ရက်နေ့မှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေထံ တယ်လီဖုန်းနဲ့ အကြောင်းကြားခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မှုခင်းဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးဌာန (CID)က ရဲမှူးကြီးတစ်ဦး သူ့ထံ လာရောက်ပြီး စုံစမ်းသွားတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“ဖော်ထုတ်ပါ။ တရားဥပဒေအရ အရေးယူမယ်လို့ ကျွန်တော်ပြောလိုက်တယ်”လို့လည်း ဦးဝင်းထိန်က ဆိုပါတယ်။ ကောလာဟလတွေ ထုတ်လွှင့်နေတဲ့ အကြောင်းအရင်းခံကိုတော့ ဒေါ်အောင်ဆန်းစုကြည် ခရီးသွားနေချိန်မှာ နိုင်ငံရေးမတည်ငြိမ်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ယူဆကြောင်းနဲ့ ဘယ်သူ့ကို သံသယရှိတယ်လို့ အတပ်မပြောနိုင်သေးကြောင်း သူက ပြောပါတယ်။

“ကြားနေရတာက အများကြီး၊ ကြံ့ခိုင်ရေးကပဲ လုပ်သလား၊ တစ်ချို့ တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား၊ သို့တည်းမဟုတ် အိုင်တီမှာ ကျွမ်းကျင်တဲ့ ကျွန်တော်တို့ကို မလိုလားတဲ့သူတွေလားဆိုတာ မှန်းဆရခက်တယ်”လို့ ဦးဝင်းထိန်က ဆိုပါတယ်။

ကောလာဟာလအများစုမှာ “ဦးဝင်းထိန်က ပြောတယ်၊ လုပ်တယ်” ဆိုပြီး ဖော်ပြနေတာကတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား အဆင်မပြေဖြစ်အောင် ကြိုးစားနေတယ်လို့ ယူဆရတယ်လို့လည်း သူက သုံးသပ်ပါတယ်။

“ဒါဆိုရင်တော့ သူတို့မှားသွားမယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar