Lord Voldemort’ အမည်သုံးပြီး ခြိမ်းခြောက်ခဲ့တဲ့ မြန်မာတစ်ဦး စင်ကာပူမှာ ထောင်ကျ

အေအက်ဖ်ပီ

သူ့ထံ bitcoins တွေ မပို့ပေးရင် နစ်နာအောင်ပြုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အာမခံကိုယ်စားလှယ် မြန်မာတစ်ဦးကို စင်ကာပူတရားရုံးက ထောင်ချလိုက်ပါတယ်။ သူက ဟယ်ရီပေါ်တာဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Lord Voldemort ရဲ့အမည်ကို အသုံးပြုပြီး အဲဒီလို ခြိမ်းခြောက်တောင်းခံခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသား ရဲလင်းမြင့်ဟာ သူနဲ့ ချိန်းဆိုထားမှုတွေ လွတ်သွားတဲ့သူတွေ၊ ဒါမှမဟုတ် အာမခံပေါ်လစီကို ဖျက်သိမ်းလိုက်တဲ့ ဖောက်သည်အချို့ကို ပစ်မှတ်ထားခဲ့တယ်လို့ တရားရုံးစာရွက်စာတမ်းတွေအရ သိရပါတယ်။

သူဟာ စင်ကာပူမှာ အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။ အာမခံပေါ်လစီဝယ်ဖို့ စဉ်းစားပြီး မဝယ်ဖို့ဆုံးဖြတ်လိုက်သူတွေကို သူက ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါ့အပြင် ဖောက်သည်တွေရဲ့ အိမ်နီးချင်းတွေ၊ ဖောက်သည်ဖြစ်လာဖွယ်ရှိသူတွေကလည်း ခြိမ်းခြောက်ခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့သူက လူခြောက်ယောက်ထံကို အီးမေးနဲ့ စာတွေ ပေးပို့ခဲ့ပါတယ်။ အဲဒီထဲမှာတော့ သူ့ဆီကို bitcoin တစ်ခု မပို့ပေးရင် သူတို့နဲ့ သူတို့မိသားစုတွေကို နစ်နာအောင်ပြုလုပ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ပြစ်မှုဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်နဲ့ စက်တင်ဘာလတွေတုန်းက ခရစ်တိုငွေကြေး တစ်ယူနစ်ဟာ စင်ကာပူဒေါ်လာ ၆,၆၀၀ (အမေရိကန်ဒေါ်လာ ၄,၉၀၀) လောက်တန်ကြေးရှိပါတယ်။

အနှောက်အယှက်ပေးဖို့အတွက် သူက အီးမေးအကောင့်တစ်ခုဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် စာတွေမှာ Lord Voldermort လို့ လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒါက ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်အမည်ကို စာလုံးပေါင်းမှားရေးထားတာဖြစ်ပါတယ်။

ဟယ်ရီပေါ်တာစာအုပ်တွေထဲမှာတော့ Lord Voldemort ဟာ ကြောက်မတ်ဖွယ်ဖြစ်ပြီး စွမ်းအားကြီးမားတဲ့ မှော်ဆရာတစ်ဦးဖြစ်ကာ ဟယ်ရီပေါ်တာရဲ့ မိဘတွေကို သတ်ခဲ့တဲ့ ဗီလိန်ဇာတ်ကောင်ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ အဆောက်အဦးတစ်ခုထဲမှာ နေထိုင်ကြသူတွေထံကို စာတွေ ပေးပို့ခဲ့ပါတယ်။ သူထံကို bitcoin ပေးဖို့အတွက် အိမ်နီးချင်းတွေကို မတိုက်တွန်းဘူးဆိုရင် သူတို့အိမ်ခန်းတွေကို ပစ်မှတ်ထားမယ်လို့ သူက ခြိမ်းခြောက်ခဲ့ပါတယ်။

သူက ထပ်တလဲလဲနဲ့ မညှာမတာ အနှောင့်အယှက်ပေးဖို့အတွက် လူ ၃၃ ဦးကို ပစ်မှတ်ထားခဲ့တယ်လို့ တရားရုံး စာရွက်စာတမ်းတွေအရ သိရပါတယ်။

အပြစ်ရှိကြောင်း သူက ဝန်ခံခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ သူ့ကို ထောင်ဒဏ် နှစ်နှစ်နဲ့ ငါးလချမှတ်လိုက်ပါတယ်။

လက်ရှိမှာ အာမခံပေးထားပြီး သူ့ရဲ့ ပြစ်ဒဏ်ကို ဖေဖော်ဝါရီကနေ စတင်ကျခံရမှာဖြစ်ပါတယ်။

သူရဲ့ ပြစ်မှတ်ထားခြင်းခံခဲ့ရသူတွေက တိုင်ကြားပြီးတဲ့နောက် ရဲတွေက သူ့ကို စတင်ခြေရာခံခဲ့တာဖြစ်ပါတယ်။ သူ့ဆီကို တစ်ဦးတစ်ယောက်ကမှ bitcoin တွေ လွှဲမပေးခဲ့ဘူးလို့ The Straits Times သတင်းစာက ရေးသားထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar