Liveblog- စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ

နိုင်ငံအဝှမ်းဖြစ်ပေါ်နေသည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖရွန်းတီးယားမြန်မာက အချိန်နှင့်တစ်ပြေးညီ တင်ဆက်လျက်ရှိပါသည်။ နောက်ဆုံးရသတင်းများကို သိရှိနိုင်ရန် ဤ Liveblog ကို စောင့်မျှော်ဖတ်ရှု အားပေးကြပါရန် စာဖတ်ပရိတ်သတ်များကို အသိပေးအပ်ပါသည်။

ဖရွန်းတီးယားမြန်မာက တင်ဆက်သည်။

ညနေ ၄နာရီ

ဆန္ဒပြမှုအကြမ်းဖက်ဖြိုခွင်းခံရစဉ်အတွင်း ကျဆုံးခဲ့တဲ့ ကိုမင်းရဲ့ နောက်ဆုံးခရီး

ဖေဖော်ဝါရီ၂၀ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ကမ်းနားလမ်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဝမ်းဗိုက်အနီးသေနတ်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ ကိုသက်နိုင်ဝင်း (ခ) ကိုမင်းရဲ့ နောက်ဆုံးခရီးကို ယနေ့ မန္တလေးမြို့ခံအများအပြားက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

ကိုမင်းရဲ့ ရုပ်ကလာပ်ကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ပင်မ(၁၀)ရပ်ကွက်ကနေ အေးရိပ်ငြိမ်သုသာန်ကို ဒီမနက်၁၀နာရီမှာ သယ်ယူပို့ဆောင်ခဲ့ပြီး ဈာပနအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ နေ့လယ်၂နာရီလောက်မှာတော့ သူ့ရဲ့ရုပ်အလောင်းကို မီးသဂြိုဟ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ ကိုသက်နိုင်ဝင်း (ခ) ကိုမင်းဟာ အသက်၃၇နှစ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူနဲ့ ကိုးနှစ်အရွယ်သားငယ်တို့ ကျန်ရစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ၂၀ရက်က အကြမ်းဖက်ဖြိုခွင်းမှုအတွင်း ကျဆုံးခဲ့သူနောက်တစ်ဦးဖြစ်တဲ့ အသက်၁၆နှစ်သာရှိသေးတဲ့ မောင်ဝေယံထွန်းရဲ့ ဈာပနအခမ်းအနားကိုလည်း သူနေထိုင်ရာ မြစ်ငယ်မြို့မှာပဲ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ၂၀ရက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုအတွင်း သူတို့နှစ်ဦး ကျဆုံးခဲ့ပြီး လူ၃၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အဖမ်းဆီးခံရတဲ့အရေအတွက်ကတော့ ၇၀ကျော်ရှိခဲ့ပြီး သူတို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ ၁၄၃၊ ၁၄၈၊ ၁၅၂စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ 7Day သတင်းဌာနက ဒီနေ့ ရေးသားဖော်ပြပါတယ်။


ဖေဖော်ဝါရီ ၂၃ရက်၊ မနက် ၁၁နာရီ

အင်ဒိုနီးရှားသံရုံးအနီးတွင် လူရာချီဆန္ဒပြ၊ ရဲတပ်ဖွဲ့က သံရုံးရှေ့လမ်းကိုပိတ်ဆို့ထား

မြန်မာစစ်ကောင်စီ၏ ရွေးကောက်ပွဲထပ်မံကျင်းပမည့်အစီအစဉ်ကို အားပေးအားမြှောက်ပြုသည့်  အင်ဒိုနီးရှားနိုင်ငံ၏လုပ်ဆောင်မှုကြောင့်ယနေ့နံနံက်ပိုင်းတွင် ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံးအနီးတွင် လူ နှစ်ရာကျော် စုဝေးဆန္ဒပြလျက်ရှိသည်။
ရဲတပ်ဖွဲ့ကမူ အင်ဒိုနီးရှားသံရုံးရှေ့ ပြည်ထောင်စု ရိပ်သာလမ်းကို ပိတ်ဆို့ထားသည်။
“မနေ့က အာဆီယံမှာအင်ဒိုနီးရှားက ရွေးကောက်ပွဲ ပြန်လုပ်ပေးဖို့ဆိုတဲ့ ပုံစံပြောသွားတယ်။ အဲဒါကို လက်မခံနိုင်လို့ လာကန့်ကွက်တာ။ ကျွန်တော်တို့မဲပေးပြီးပြီ။ ရွေးကောက်ပွဲ ထပ်လုပ်ဖို့ မလိုဘူး”ဟု မရမ်းကုန်းမြို့နယ်မှ ဆန္ဒလာပြသူတစ်ဦးကပြောသည်။

ဆန္ဒပြသူများသည် “Respect Our Vote” “No need Re-election”, “Please stand with us”စသည်တို့ကို ကြွေးကြော်ပြီး ဆန္ဒထုတ်ဖော်လျက်ရှိသည်။ အလားတူ မလေးရှားသံရုံးရှေ့တွင်လည်း လူ ၅၀ ခန့် ဆန္ဒထုတ်ဖော်လျက်ရှိသည်။ “အာဆီယံနိုင်ငံတွေအနေနဲ့ ကျွန်တော် တို့အသံတွေကို နားထောင်ဖို့ လိုတယ်။ ကျွန်တော်တို့ဘက်က ရပ်တည်ပေးပါ”ဟု အဆိုပါအမျိုးသားကပြောသည်။

မြေနီကုန်း၊ လှည်းတန်း ရှိ နေရာများတွင် ဆန္ဒထုတ်ဖော်သူများရှိသော်လည်း မနေ့ကထက် နည်းပါးလျက်ရှိသည်။မနေ့က ဆန္ဒပြသူသိန်းချီရှိခဲ့သော မြေနီကုန်း တံတားအောက်တွင် နံနက် ၁၁ နာရီ အချိန်အထိ ဆန္ဒပြသူ ၅၀၀ကျော်သာရှိသည်။ရှစ်မိုင်မှ မြေနီကုန်းအထိ ပြည်လမ်း တစ်လျှောက်တွင်လည်း ဆန္ဒပြသူ အနည်းငယ်သာရှိသည်။ 

“ဒီနေ့က ဆန္ဒပြတဲ့သူတော်တော်နည်းတယ်။ ကားပျက်ကမ်ပိန်းလည်းမတွေ့သေးဘူး။ လူတွေ ပင်ပန်းသွားပုံရတယ်”မြောက်ဥက္ကလာမြို့နယ်တွင်နေထိုင်သည့် အငှားယာဥ်မောင်းအမျိုးသားတစ်ဦးက ပြောဆိုသည်။

ထို့အတူ မနေ့ကလူသိန်းဂဏန်းခန့် စုဝေးခဲ့သည့် လှည်းတန်းတွင်လည်း နံနက် ၁၀ နာရီဝန်းကျင်အထိ ဆန္ဒပြသူ ၂၀၀ကျော်သာရှိသည်။


ညနေ ၅နာရီ

လူပင်လယ်သပိတ်နဲ့ မန္တလေးရဲ့ ၂ငါးလုံးအရေးတော်ပုံ

ယနေ့၊ မန္တလေးတွင် ၂ငါးလုံးအရေးတော်ပုံ အထွေထွေသပိတ်ကို လူသိန်းချီပါဝင်၍ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ လူထုလူတန်းစား အလွှာပေါင်းစုံပါဝင်သော မြို့ခံများသည် ဘူတာကြီးအနီးတွင် စုဝေးကြပြီး ဖေဖော်ဝါရီ၁ရက်က စစ်အာဏာသိမ်းမှုကို မနှစ်မြို့ကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယနေ့ ၂ငါးလုံးလူထုသပိတ်တွင် ပါဝင်သူလူအင်အားသည် ဆန္ဒပြပွဲများစတင်သည့် ဖေဖော်ဝါရီပထမအပတ်အချိန်ကစလျှင် အကြီးမားဆုံး ဆန္ဒပြပွဲဟု ဆိုနိုင်သည်။

လွန်ခဲ့သည့် စနေနေ့က ရဲတပ်ဖွဲ့နှင့် စစ်တပ်က ဂေါဝိန်ဆိပ်ကမ်းအနီး လူသေဆုံးသည်အထိ အကြမ်းဖက်ဖြိုခွင်းခဲ့သည့်တိုင် မန္တလေးသူ၊ မန္တလေးသားများသည် နောက်နေ့များတွင် တဖန်ပြန်လည်၍ အင်အားကောင်းကောင်းဖြင့် ဆန္ဒပြပွဲများကို ဆင်နွှဲခဲ့ကြသည်။ လူပင်လယ်ဟု တင်စားရလောက်အောင် လူအင်အား အလွန်များပြားလှသည်။

စုဝေးဆန္ဒပြမှုအတွင်း အဆိုတော်မွန်းအောင်အပါအဝင် တေးသံရှင်များကလည်း တော်လှန်ရေးသီချင်းများ သီဆို၍​ ပါဝင်ခဲ့ကြသည်။ ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးကာလအတွင်း ကျဆုံးသွားသူများအတွက် ရည်စူး၍ အချိန်အနည်းငယ်ခန့် ငြိမ်သက်ခြင်းနှင့် တက်ကြွလှုပ်ရှားသူအချို့က မိန့်ခွန်းပြောကြားခြင်း စသည်တို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

ယနေ့ ဆန္ဒပြပွဲကို လူသောင်းနှင့်ချီ တက်ရောက်သော်လည်း စစ်တပ်နှင့်ရဲတပ်ဖွဲ့က ဖြိုခွင်းခြင်းမရှိပေ။ အနီးရှိ အဆောက်အအုံအချို့မှ စစ်သားအချို့က စောင့်ကြည့်နေသော်လည်း ယခုအချိန်အထိ တစ်စုံတစ်ရာ ဖြိုခွင်းခြင်း၊ ဖိအားပေးခြင်း မရှိသေးပေ။


ညနေ ၄နာရီ၊ ၃၀မိနစ်

အဖမ်းအဆီးကြမ်းခဲ့တဲ့ နေပြည်တော် ၂ငါးလုံးသပိတ်

နေပြည်တော်တွင် ၂ငါးလုံးအရေးတော်ပုံ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေသူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့သဖြင့် ပြည်သူအချို့ဖမ်းဆီးခံခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောသည်။

ယနေ့နံနက်အစောပိုင်းတွင် အင်အားသိန်းချီရှိသည့် ဆန္ဒပြသူများသည် ပျဥ်းမနားမြို့ရှိ နှင်းဆီပန်းအဝိုင်းအနီး စုဝေးကာ စတင်ဆန္ဒထုတ်ဖော်ကြသည်။ ၁၁နာရီခန့်တွင် နှင်းဆီပန်းအဝိုင်းအနီးရှိ ဆန္ဒ​ပြသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က လူစုခွဲခိုင်းပြီး ကားများဖြင့်လိုက်လံမောင်းထုတ်ခဲ့ရာ ဆန္ဒပြသူများ လူစုကွဲသွားသည်။

ရဲတပ်ဖွဲ့က ကွဲသွားသောလူစုနောက်သို့ လိုက်လံဖမ်းဆီးခဲ့ပြီး ပေါင်းလောင်းအားကစားကွင်း၊ သံလမ်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှိရာ ရှမ်းကန်နှင့် ဇီဇဝါပန်းအဝိုင်းအနီးတွင်ပါ ဆန္ဒပြသူများကို လိုက်လံဖမ်းဆီးခဲ့သည်။

မျက်မြင်တွေ့ရှိသူများ၏ ပြောဆိုချက်အရ လမ်းကြားများအထိပါ လိုက်လံဖမ်းဆီးမှုများရှိသည်ဟု သိရသည်။

“ရှမ်းကန်နားတော့ ငါးယောက်ထက် မနည်းပါသွားတယ်။ လာဖမ်းတုန်းကဆို ဆန္ဒပြသူက ၁၀၀ လောက်ပဲ ရှိမယ်။ ရှမ်းကန်းနားတော့ ဒီတစ်ခါ ဖမ်းတာက သတိပေးတာ မလုပ်ဘူးနော်။ ဒီအတိုင်းဖမ်းတာဗျ”ဟု ဖမ်းဆီးမှုကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

ထို့ပြင် ပေါင်းလောင်းဘက်တွင် သေနတ်ပစ်ဖောက်မှုရှိခဲ့ကြောင်းလည်း ၎င်းကဆိုသည်။ ယင်းဖြစ်စဉ်ကိုမူ ၎င်းကိုယ်တိုင် ကြားသိခဲ့ခြင်း မဟုတ်ပေ။

ယနေ့ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် အင်ဂျင်နီယာအချို့ ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ဖမ်းဆီးခံရသူဦးရေ စုစုပေါင်းကို ဖရွန်းတီးယားမြန်မာက အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

ယနေ့မွန်းလွဲပိုင်းအချိန်တွင်မူ ပျဥ်းမနားမြို့အထွက်မှစ၍ သပြေကုန်းဘက်အထိ ပျဥ်းမနား-တောင်ညို လမ်းမကြီးပေါ်တွင် လှည့်လည်ဆန္ဒပြသူများ မရှိတာ့ဘဲ ပုံမှန်သွားလာနေကြသည့် ပြည်သူများသာ ကျန်ရှိတော့သည်။ ပျဥ်းမနားရှိ ရှမ်းကန်အနီးတွင်လည်း ရဲကားနှင့်စစ်ကားများ၊ လုံခြုံရေးရယူနေသည့် ရဲတပ်ဖွဲ့နှင့် စစ်သားများသာရှိပြီး ဆန္ဒပြသူများကို မတွေ့ရှိရတော့ပေ။

ထို့ပြင် ယနေ့မွန်းလွဲပိုင်းတွင် ဈေးဆိုင်များ၊ စားသောက်ဆိုင်များလည်း ၂ငါးလုံးအရေးတော်ပုံနေ့ဖြစ်၍ ပိတ်သိမ်းထားရာ ပျဉ်းမနားနှင့် ဇမ္ဗူသီရိမြို့နယ်များတွင် လူအသွားအလာနည်းပါးပြီး ခြောက်ကပ်နေသည်။


ညနေ ၄နာရီ

ကမာရွတ်လှည်းတန်းက အားကောင်းနေဆဲ၂ငါးလုံးသပိတ်

ရန်ကုန်မြို့၊ နေရာအချို့တွင် ဆန္ဒပြစစ်ကြောင်းများ ရုတ်သိမ်းသွားခဲ့ပြီဖြစ်သော်လည်း ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီးတွင်မူ ၂ငါးလုံးအရေးတော်ပုံကို ဆင်နွှဲနေသည့် ဆန္ဒပြသူများ သောင်းနှင့်ချီ စုဝေးလျက်​ရှိကြသေးသည်။


နေ့လယ် ၂နာရီ၊ ၃၀မိနစ်

အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းအနီးက သပိတ်စစ်ကြောင်း ပြန်ရုတ်ပြီ

အင်းလျားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းမီးပွိုင့် (အမေရိကန်စင်တာအနီး)မှာတော့ ထိုင်သပိတ်ဆင်နွှဲနေသူတွေဟာ ဒီနေ့၊ နေ့လယ် ၂နာရီခွဲဝန်းကျင်မှာ လူစုခွဲသွားခဲ့ပါပြီ။ ဒီသပိတ်စစ်ကြောင်းဟာ မနက်ကတည်းက ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတဲ့ အဲဒီနေရာတစ်ဝိုက်မှာ ထိုင်သပိတ်ဆင်နွှဲနေခဲ့ကြတာဖြစ်ပါတယ်။

“၁၁နာရီလောက်မှာ စပိတ်တယ်။ လေးဘက်လေးလံ ပိတ်ထားတယ်။ ရှေ့ကို သွားလို့မရတော့ ပြည်သူတွေက ဒီမှာပဲ ထိုင်သပိတ်ပြနေတယ်”လို့ အသက်၄၀ကျော် အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီနေရာမှာ လူဦးရေတစ်ထောင်ကျော်လောက် ထိုင်ပြီး သပိတ်ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ တစ်ချို့ကလည်း အဲဒီနေရာကနေ ထွက်ခွာပြီး ရန်ကုန်မြို့တွင်းက တခြားသပိတ်စစ်ကြောင်းတွေမှာ သွားရောက်ပူးပေါင်းဖို့ လူတွေကို လိုက်လံဆော်ဩနေခဲ့ပါတယ်။ ဒါ့ပြင် ဆန္ဒပြသူတွေဟာ အမှိုက်သရိုက်တွေ မကျန်အောင်လည်း သိမ်းဆည်းသွားခဲ့ကြပါတယ်။


နေ့လယ် ၂နာရီ

ဦးထောင်ဘိုအဝိုင်း နောက်ဆုံးအခြေအနေ

လက်ရှိအချိန်တွင် ဗဟန်းမြို့နယ်၊ ဦးထောင်ဘိုအဝိုင်းကို လုံးဝပိတ်ပင်ထားလိုက်ပြီဖြစ်သည်။ ထို့ပြင် ဗဟန်း(၃)လမ်းအနီးတွင်လည်း ရဲတပ်ဖွဲ့လုံခြုံရေးအင်အား အများအပြားချထားပြီး လမ်းသွားလာမှုကို ပိတ်ပင်ထားပြီဖြစ်သည်။


နေ့လယ် ၁နာရီ၊ ၄၀မိနစ်

မြစ်ကြီးနားမှာ ၂ငါးလုံးအရေးတော်ပုံအခမ်းအနား လူပေါင်းသောင်းနဲ့ချီ တက်ရောက်

ကချင်ပြည်နယ်၊​ မြို့တော်မြစ်ကြီးနားတွင် ယနေ့၊ ၂ငါးလုံးအရေးတော်ပုံအဖြစ် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို လူပေါင်းသောင်းနှင့်ချီ၍ ပါဝင်လျက်ရှိကြသည်။

စီတာပူရပ်ကွက်၊ နောင်ရာဘောလုံးကွင်းတွင် စုဝေး၍ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်များ ဦးစီး၍ တစ်နိုင်ငံလုံးအတွက် ဆုတောင်းမေတ္တာပို့သခဲ့ကြသည်။

လမ်းလျှောက်ချီတက်သူများသာမက ဆိုင်ကယ်များဖြင့် လိုက်ပါသည့် သပိတ်စစ်ကြောင်းများအားလုံး စုဝေး၍ နောင်ရာကွင်းတွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

သတင်းနှင့် ဓာတ်ပုံများ – သရ (မြစ်ကြီးနား)


နေ့လယ် ၁နာရီ ၂၀မိနစ်

ရန်ကုန်မြို့၊ လှည်းတန်းမြင်ကွင်းများ


နေ့လယ် ၁နာရီ

နေပြည်တော် ၂ငါးလုံးအရေးတော်ပုံ အခြေအနေ

နေပြည်တော်တွင် ၂ငါးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြသူအများအပြားသည် ပျဥ်းမနားမြို့နယ်အတွင်း လှည့်လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

သောင်းနှင့်ချီရှိသည့် ဆန္ဒပြသူများသည် ယနေ့နံနက်အစောပိုင်းမှစတင်ကာ ပျဥ်းမနားမြို့နယ်၊ နှင်းဆီပန်းအဝိုင်းအနီးစတင်စုဝေးခဲ့ကြသည်။ နံနက်၁၁နာရီခန့်တွင် နေပြည်တော်အနီးတစ်ဝိုက် အရပ်အသီးသီးက ချီတက်လာသည့် သပိတ်စစ်ကြောင်းများ စုဝေးသောအခါ သိန်းနှင့်ချီရှိသွားပြီဖြစ်သည်။

လမ်းလျှောက်ဆန္ဒပြသူများပါဝင်သလို ကား၊ ဆိုင်ကယ်များနှင့် လှည့်လည်၍ ဆန္ဒပြသူများလည်း ပါဝင်သည်။ ဆန္ဒပြသူများတွင် ဒေသခံပြည်သူများ ပါဝင်သလို အစိုးရဝန်ထမ်းများလည်း ပါဝင်သည်။ 

နံနက် ၁၁နာရီခန့်တွင်မူ နှင်းဆီပန်းအဝိုင်းအနီးရှိ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က လူစုခွဲခိုင်းပြီး ကားများဖြင့်လိုက်လံမောင်းထုတ်သဖြင့် ဆန္ဒပြသူများ လူစုခွဲကာ ပြေးကြရသည်။ ယင်းနောက် ပျဥ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်းအနီးတွင် ဆက်လက်စုဝေး၍ ထိုင်သပိတ် ဆင်နွှဲနေကြသည်။ 

သပြေကုန်းအဝိုင်းအနီးနှင့်အခြားနေရာများတွင်မူ ယနေ့ ဆန္ဒပြသူများ လူစုဝေးခြင်း မရှိတော့ပေ။ ရဲတပ်ဖွဲ့နှင့် စစ်တပ်ကမူ ယခင်နေ့များက ဆန္ဒပြသူများ စုဝေးလေ့ရှိသည့် နေရာများတွင် လုံခြုံရေး တင်းကျပ်စွာ နေရာယူထားသည်။

ယနေ့၊ နေပြည်တော်ရှိ ဈေးဆိုင်အချို့နှင့် စားသောက်ဆိုင်အချို့လည်း ပိတ်ထားကာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုတွင် ပါဝင်ဆင်နွှဲလျက်ရှိသည်။


နေ့လယ် ၁၂နာရီ ၃၀မိနစ်

ရန်ကုန်မြို့၊ မြေနီကုန်းတွင် ပြုလုပ်နေသည့် ဆန္ဒထုတ်ဖော်မှုမြင်ကွင်းများ


နေ့လယ် ၁၂နာရီ ၂၀မိနစ်

ရန်ကုန်မြို့ ၊ တရုတ်သံရုံးရှေ့မြင်ကွင်းများ


နေ့လယ် ၁၂နာရီ

မြစ်ကြီးနား

ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားတွင်လည်း လူပေါင်းသောင်းနှင့်ချီ၍ ၂၂၂၂၂အရေးတော်ပုံနေ့ကို ဆင်နွှဲနေကြသည်။ ဆိုင်များပိတ်ထားပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများသို့ မြို့ခံအများအပြား ပါဝင်ဆင်နွှဲနေကြသည်။

ရုပ်သံ – သရ (မြစ်ကြီးနား)


ဖေဖော်ဝါရီ ၂၂ရက်၊ မနက် ၁၁နာရီ

၂၂၂၂၂ (၂ငါးလုံး)အရေးတော်ပုံ​စတင်ပြီ

မန္တလေး

မန္တလေး၊ ဘူတာကြီးအရှေ့၊ သပြေညိုထိုင်သပိတ်တော်လှန်ရေးဆင်နွှဲနေသည့် ပုံရိပ်များဖြစ်သည်။ ယနေ့တွင်ကျရောက်သည့် ၂ငါးလုံး (၂၂၂၂၂)တော်လှန်ရေးနေ့ကို တစ်နိုင်ငံလုံး နေရာအနှံ့အပြားတွင် ဆင်နွှဲနေကြသည်။

၂ငါးလုံးတော်လှန်ရေးနေ့ကို ကြိုဆိုသည့်အနေဖြင့် နိုင်ငံတစ်ဝန်းတွင် စားသောက်ဆိုင်များ၊ ဈေးများပိတ်ထားပြီး လူထုချီတက်ဆန္ဒပြပွဲများတွင် ပူးပေါင်းပါဝင်လျက်ရှိကြသည်။


ရန်ကုန်

စမ်းချောင်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်အတွင်းက ၂ငါးလုံးအထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် ယနေ့၊ နံနက်စောစော စတင်နေပြီဖြစ်သည်။ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ဈေးများအားလုံး ပိတ်သိမ်းထားပြီး နေရာအနှံ့တွင် စစ်ကြောင်းအသီးသီးဖြင့် ချီတက်၍ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်နေကြသည်။

ရန်ကုန်မြို့၊ နေရာအနှံ့အပြားတွင်သာမက မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂ငါးလုံးအထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဆင်နွှဲနေကြပြီဖြစ်သည်။


မြို့တော်ခန်းမအနီး

မြို့တော်ခန်းမအနီး၊​ ဆူးလေးဘုရားတစ်ဝိုက်တွင်လည်း သောင်းနှင့်ချီသည့် ဆန္ဒပြသူများသည် ၂ငါးလုံးအရေးတော်ပုံ ဆင်နွှဲရန် စုဝေးရောက်ရှိနေကြပြီဖြစ်သည်။

လုံခြုံရေးတင်းကျပ်စွာ ချထားသော်လည်း ဆန္ဒပြသူများသည် ဆူးလေးဘုရားအနီးက ခုံးကျော်တံတားတစ်ဝိုက်တွင် စုဝေး၍ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒဖော်ထုတ်နေကြသည်။


လှည်းတန်း

လှည်းတန်းတစ်ဝိုက်တွင် သောင်းပေါင်းများစွာသော ဆန္ဒပြသူများသည် ၂ငါးလုံးအထိမ်းအမှတ် လူထုသပိတ် ဆင်နွှဲနေကြပြီဖြစ်သည်။ ယနေ့တွင်မူ ယမန်နေ့ကထက် လူအင်အားပိုများလာသည်ကို တွေ့ရှိရသည်။

အလုပ်အကိုင်အမျိုးအစားလိုက် ချီတက်လာသည့် သပိတ်စစ်ကြောင်းများ ပါဝင်သလို ရပ်ကွက်အလိုက် ချီတက်လာသည့် သပိတ်စစ်ကြောင်းများလည်း ပါဝင်လျက်ရှိသည်။ ဆန္ဒပြသူများသည် လက်တွင် အောင်သပြေခက်ကိုယ်စီ ကိုင်ဆောင်ထားသည်ကိုလည်း တွေ့ရှိရသည်။

သပြေခက်သည် တော်လှန်ရေးအောင်မြင်စေရန်ဆောင်သည့် နိမိတ်ဖြစ်ပြီး ယနေ့၊ ၂ငါးလုံးအရေးတော်ပုံနေ့တွင် ပြည်လုံးကျွတ်သပိတ်ကြီးအောင်မြင်ရန် ရည်ရွယ်ကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုအောင်မြတ်ကိုကိုက ပြောသည်။1

“ကျွန်တော်တို့အပါအဝင် ဒီနေ့ထွက်လာတဲ့ လူအားလုံးရဲ့ ‌ရည်မှန်းချက်က တော်လှန်ရေးအောင်ဖို့ပဲ။ အောင်မြင်မယ်လို့လည်း ယုံကြည်ထားတယ်”ဟု သူကပြောသည်။


ဖေဖော်ဝါရီ၂၁ရက်၊ နေ့လယ် ၁နာရီ

မနေ့ကပစ်ခတ်မှုတွေရှိခဲ့ပေမဲ့ ဒီနေ့အားမာန်အပြည့်နဲ့ပြန်လည်နိုးထခဲ့တဲ့ မန္တလေး

ဖေဖော်ဝါရီ၂၀ရက်က မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ဂေါဝိန်ဆိပ်ကမ်းအနီးမှာ လူသေဆုံးတဲ့အထိအောင် အကြမ်းဖက်ဖြိုခွင်းခဲ့ပေမဲ့ ဒီနေ့မှာတော့ ထောင်ပေါင်းများစွာသော မန္တလေးပြည်သူတွေဟာ လမ်းမတွေပေါ် ပြန်ထွက်လာကြပါတယ်။ ဈေးချိုတော်၊ နာရီစင်အနီး ထိုင်သပိတ်ဆင်နွှဲရင်း စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသား၊ ပညာရေးဝန်ထမ်း၊ ရှေ့နေ၊ ကျန်းမာရေးဝန်ထမ်း၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလွှာပေါင်းစုံက ပြည်သူတွေပါဝင်လာကြပြီး အချိန်နှစ်နာရီကျော်ကြာအောင် မိန့်ခွန်းဟောပြောတာ၊ ကဗျာရွတ်ဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အာဏာပိုင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှု၊ နှိမ်နင်းမှုကြောင့် ကွယ်လွန်သွားသူတွေအတွက်လည်း အောက်မေ့သတိရတဲ့အနေနဲ့ ခေတ္တငြိမ်သက်ခြင်း၊ အလေးပြုခြင်း စတဲ့ လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ဒီနေ့စုဝေးမှုကိုတော့ လက်ရှိအချိန်အထိ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ နှောက်ယှက်တာမျိုးတော့ မရှိသေးပါဘူး။


ညနေ ၅နာရီ

မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းအနီး အကြမ်းဖက်ဖြိုခွင်းမှု ပိုမိုပြင်းထန်လာ

လက်ရှိ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ဂေါဝိန်ဆိပ်ကမ်းနီးက အခြေအနေမှာ ဆိုးရွားနေဆဲဖြစ်သည်။ ပစ်ခတ်နှိမ်နင်းမှုအတွင်း လူတစ်ဦး ဘယ်ဘက်နံရိုးအနီး ကျည်ဆံထိမှန်သွားသောကြောင့် ဆေးရုံကားဖြင့် အရေးပေါ်ကုသရန် ခေါ်ဆောင်သွားပြီဖြစ်သည်။

ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်းရာတွင် ရာဘာကျည်ဆံများသာမက၊ ကျည်အစစ်ဖြင့်ပါ ပစ်ခတ်နှိမ်နင်းမှုရှိကြောင်း မြေပြင်တွင် သတင်းရယူနေသည့် သတင်းထောက်တစ်ဦးက ပြောသည်။

လက်ရှိအချိန်အထိ ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းနေဆဲဖြစ်သည်။ လူတစ်ဦးလည်း လက်တွင် ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဖရွန်းတီးယားမြန်မာ သတင်းထောက်က ပြောသည်။

လက်ရှိအချိန်တွင် ထိခိုက်ဒဏ်ရာရရှိသည့် လူဦးရေအတိအကျမသိရှိရသော်လည်း ရဲတပ်ဖွဲ့၏ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် လူအများအပြား ဒဏ်ရာရရှိသည်ဟု အဆိုပါသတင်းထောက်ကပြောသည်။ ယင်းသို့ဖြိုခွင်းနှိမ်နင်းမှုမှာ အင်အားမမျှတစွာ ဖြိုခွင်းသည့် ပုံစံဟု ယူဆရသည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူတစ်ဦး ဦးခေါင်းထိမှန်၍ သေဆုံးသွားသည်ဟု သိရှိရပါသည်။ ထို့ပြင် ပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန်သူတစ်ဦး (ပုံပါ အမျိုးသား)သည်လည်း ဒဏ်ရာဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ အကြိမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၁၀ဦးထက်မနည်းရှိခဲ့သည်။


နေ့လယ် ၃နာရီ၊ ၃၀မိနစ်

မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် ဆန္ဒထုတ်ဖော်သူများအကြမ်းဖက်နှိမ်နင်းခံရ၊ အခြေအနေတင်းမာနေဆဲ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့် ၄၁လမ်းကြားတွင် ဆန္ဒထုတ်ဖော်သူများအကြမ်းဖက်နှိမ်နင်းမှုများ ယနေ့မနက်ပိုင်းကစတင်ပြုလုပ်ခဲ့ရာ ယခုအချိန်အထိအခြေအနေမှာတင်းမဲနေဆဲဖြစ်သည်။

ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် CDM လှုပ်ရှားမှုပါဝင်သည့် ဝန်ထမ်းများကို ရဲတပ်ဖွဲ့က လုပ်ငန်းခွင်ဝင်ရန်အတင်းအကျပ် ဖိအားပေးအားပေးရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နေ့လယ်ပိုင်းတွင် သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ ရေများပတ်ဖြန်းခြင်းအပါအဝင် အင်အားအများအပြားသုံးစွဲကာ ဆန္ဒထုတ်ဖော်သူများကို နှိမ်နင်းခဲ့သည်။

ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေပြီး ဆန္ဒထုတ်ဖော်သူများအားဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ယင်းနေရာတွင်ရောက်ရှိနေသည့် ဖရွန်းတီးယားမြန်မာသတင်းထောက်က ပြောသည်။ သတင်းထောက်က သူ့ရှေ့မှာတင် လူသုံးဦိးအားရဲများက ရိုက်နှက်ကာဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပြောသည်။ နောက်ဆုံးသိရသည့် အခြေအနေအရ လူခြောက်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


ဖေဖော်ဝါရီ ၂၀ရက်၊ နံနက်၁၁နာရီ၊ ၃၀မိနစ်

ဒီနေ့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ

မမြသွဲ့သွဲ့ခိုင်အတွက် သတိရအခမ်းအနား၊ ဆူးလေ

မမြသွဲ့သွဲ့ခိုင်အပါအဝင် စစ်အစိုးရလက်ချက်ကြောင့် ကျဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို ဒီနေ့၊ မနက် ၁၁နာရီ ၁၅မိနစ်မှာ ဆူးလေအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာ ပြုလုပ်ခဲ့ပြီး ပြည်သူတွေရဲ့ ဝမ်းနည်းမှုသဝဏ်လွှာ ဖတ်ကြားခဲ့ပါတယ်။

ဒါ့ပြင် စစ်အာဏာရှင်တွေကို ဆန့်ကျင်တဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင် ဆန္ဒပြကြပြီး အချိန်တစ်မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။ ဒါ့ပြင် စစ်အာဏာရှင်တော်လှန်ရေးအတွက် ရေးစပ်ထားတဲ့ “ကမ္ဘာမကြေဘူး” သီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ကြပါတယ်။


မီးရထားဝန်ထမ်းတွေလည်း ဆူးလေအနီးက ဆန္ဒပြပွဲမှာ ပါဝင်လာ

ယဉ်ကျေးစွာအာခံခြင်းလှုပ်ရှားမှုတွေမှာ ပါဝင်ပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်လှုပ်ရှားနေတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေဟာလည်း ဒီနေ့ ဆူးလေအနီးက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လာရောက်ပူးပေါင်းခဲ့ပါတယ်။


Gen Z တွေရဲ့ မြေနီကုန်းက ဆန်းပြားတဲ့ဆန္ဒပြပွဲတွေ

Gen Z လို့ လူသိများတဲ့ ၁၉၉၀ပြည့်လွန်နှစ် နှောင်းပိုင်းနဲ့ ၂၀၁၀ပြည့်လွန်နှစ် အစောပိုင်းကာလတွေမှာ မွေးဖွားခဲ့တဲ့ မျိုးဆက်သစ်လူငယ်တွေကလည်း ဒီနေ့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမီးပွိုင့်မှာ ပြကွက်ဆန်းတွေနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

အထူးသဖြင့် ကြက်သွန်အိတ်ပေါက်ကနေ မြေပေါ်ကိုလွတ်ကျသွားတဲ့ ကြက်သွန်နီတွေ လိုက်ကောက်ကူတာ၊ လမ်းပေါ် ရုတ်တရက်လဲကျသွားတဲ့ လူငယ်တစ်ယောက်ကို ဝိုင်းဝန်းပြီး ပြုစုပေးတာ စတဲ့ ပုံစံတွေနဲ့ လမ်းမပေါ်ပိတ်ဆို့ပြီး စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။


ည ၉နာရီ၊ ၄၅မိနစ်

မမြသွဲ့သွဲ့ခိုင်ကို အောက်မေ့သတိရသည့်အခမ်းအနား မန္တလေးတွင်ပြုလုပ်

နေပြည်တော်မှာ ဖေဖော်ဝါရီ၉ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပစ်ခတ်ခံရတဲ့ဒဏ်ရာကြောင့် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားတဲ့ မမြသွဲ့သွဲ့ခိုင်ကို အောက်မေ့သတိရတဲ့အထိမ်းအမှတ် အခမ်းအနားတစ်ခု ဒီနေ့ညနေပိုင်းမှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားအတွင်း တက်ရောက်လာသူတွေဟာ မမြသွဲ့သွဲ့ခိုင်ကို ဂုဏ်ပြုအလေးပြုခဲ့ကြပြီး ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက် တိုက်ပွဲဝင်မယ်ဆိုတာ ကတိသစ္စာပြုခဲ့ကြပါတယ်။ ဒါ့ပြင် သူ့ကိုရည်ညွှန်းဖွဲ့ဆိုထားတဲ့ ကဗျာရွတ်ဆိုခဲ့ကြသလို သူ့ကိုရည်စူးပြီးဖယောင်းတိုင်မီးထွန်းတာ၊ နှင်းဆီပန်းချတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

“ဒီအာဏာရှင်အဆုံးသတ်သွားတဲ့ထိအောင် ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာ ပြုခဲ့ကြတာပါ”လို့ မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။


ညနေ ၅နာရီ

ဦးဝင်းထိန်ကို ရာဇာသတ်ကြီးပုဒ်မ ၁၂၄-ကဖြင့်အမှုဖွင့်ထား၊ အကြောင်းရင်းကို တရားရုံးက ပြောပြနိုင်ခြင်းမရှိ 

National League for Democracy patron U Win Htein, seen here on July 19, 2020, was arrested just after midnight on February 5.

တရားစွဲဆိုခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ သဘာပတိဖြစ်သူ ဦးဝင်းထိန်ကို ယနေ့ နံနက်က နေပြည်တော်။ဒက္ခိဏခရိုင်တရားရုံးတွင် video conferencing ဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။

ဦးဝင်းထိန်ကို ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအေးလူကနေ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြင့် ဖေဖော်ဝါရီ ၄ ရက်နေ့က တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။သက်သေဦးရေမှာ တရားလိုအပါအဝင် သုံးဦးဖြစ်ကြောင်း ဒက္ခိဏခရိုင်တရားရုံး သတင်းပြန်ကြားရေး အရာရှိ ဒေါ်ဖြူဝင်းလတ်က ပြောသည်

“ဒီနေ့ ရှေ့နေကိုယ်စားလှယ်စာတင်ဖို့မေးမြန်းတဲ့ အခါမှာ ဦး၀င်းထိန်က တစ်ခါတည်းအမိန့်ချပေးဖို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီအချိန်မှာ အမှုစစ်တရားသူကြီးကနေပြီးတော့ ဥပဒေနဲ့အညီသက်သေခံချက်တွေရယူပြီးမှပဲ အမိန့်ချမှတ်ပေးနိုင်မယ်ဖြစ်တဲ့အကြောင်း ပြန်လည်ရှင်း လင်းပြောကြားခဲ့ပါတယ်။လျှောက်ထားခဲ့ရသူဦး၀င်းထိန်ကနေပြီးတော့ လာမယ့်ရုံးချိန်းမှာရှေ့နေကိုယ်စားလှယ်စာတင်မယ်လို့ပြောဆိုခဲ့တဲ့အတွက် ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ပါတယ်”ဟု ဒေါ်ဖြူဝင်းလတ်က ပြောသည်။

ဦးဝင်းထိန်ကို မည်သည့်နေ့ရက်က မည်သည့်ကိစ္စကြောင့် ယခုပုဒ်မဖြင့် တရားစွဲဆိုရခြင်းဖြစ်သည်ကိုတော့ ဒေါ်ဖြူဝင်းလတ်က ပြောပြနိုင်ခြင်း မရှိပေ။လက်ရှိတွင် ဦးဝင်းထိန်ကို နေပြည်တော် အချုပ်ထောင်တွင် ထိန်းသိမ်းထားပြီး နောက်ရုံးချိန်ကိုတော့ မတ်လ  ၅ ရက်နေ့သို့ ချိန်းဆိုထားသည်။

ရာဇသတ်ကြီးပုဒ်မ ၁၂၄-က သည် မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊အမှတ်အသားဖြင့်ဖြစ်စေ၊ထင်ရှားသောပုံသဏ္ဍာန်ဖြင့် ဖြစ်စေ၊အခြားနည်းဖြင့် ဖြစ်စေ၊ပြည်ထောင်စုအတွက် သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊မလေးစာအောင်သော်လည်းကောင်း ပြုလျှင် သို့မဟုတ် ထို့သို့ပြုရန် အားထုတ်လျှင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် သို့မဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ ထောင်ဒဏ် နှစ် ၂၀ ဖြစ်စေ၊ငွေဒဏ်နှင့်တကွ ၇ နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်နိုင်သည်။


နေ့လယ် ၂နာရီ၊ ၃၀မိနစ်

သံရုံးများရှေ့တွင်လည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ဆန္ဒပြ

ယနေ့၊ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပြည်သူများသည် အခြားနိုင်ငံများ၏ သံရုံးများရှေ့တွင်လည်း  သွားရောက်၍ စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြသည်။

အင်္ဂလိပ်လို ရေးသားထားသည့် စာသားများကို ကိုင်ဆောင်၍ မြန်မာ့အရေးကို စိတ်ဝင်စားသော (သို့မဟုတ်) မြန်မာနိုင်ငံအပေါ် တစ်စုံတစ်ရာလွှမ်းမိုးနိုင်စွမ်းရှိသော နိုင်ငံများဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗြိတိန်သံရုံးများရှေ့တွင် သွားရောက်စုဝေး၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အမေရိကန်သံရုံး


တရုတ်သံရုံး


ဗြိတိန်သံရုံး


ရုရှားသံရုံး


အိန္ဒိယသံရုံး


နေ့လယ် ၂နာရီ

မြသွဲ့သွဲ့ခိုင်၏ ဈာပနအခမ်းအနားကို တနင်္ဂနွေနေ့တွင် ပြုလုပ်မည်

နေပြည်တော်တွင် ဖေဖော်ဝါရီ၉ရက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း ပစ်ခတ်ခံရသည့် ဝေဒနာများကြောင့် ယနေ့နံနက်တွင် ကွယ်လွန်သွားသည့် မမြသွဲ့သွဲ့ခိုင်၏ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ရက်တွင် ပြုလုပ်မည်ဟု ၎င်း၏ မိသားစုဝင်များက ပြောသည်။

“၂၁ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲမှာ တရားနာမယ်။ ၁နာရီမှာ ရင်ခွဲရုံကနေ အလောင်းကိုသယ်မယ်။ မီးသင်္ဂြိုဟ်တာကတော့ ညနေပိုင်းလောက် သွားကျမယ်ထင်တယ်”ဟု နာရေးကိစ္စ ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်အောင်က ပြောသည်။

မမြသွဲ့သွဲ့ခိုင်၏ ရုပ်အလောင်းကို ပုဗ္ဗသီရိမြို့နယ်၊ ကွေ့ကြီးသုဿန်တွင် သင်္ဂြိုဟ်မည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဦးခေါင်းတွင်ထိမှန်ပြီး ဦးနှောက်သေသည့်အခြေအနေခံစားခဲ့ရခြင်းကြောင့် ၎င်းကို ဆရာဝန်များက ပြန်လည်သက်သာရန်မရှိတော့ဘဲ ဆေးပညာအရ သေဆုံးပြီဟု သတ်မှတ်ခဲ့ကြသည်။ ဖေဖော်ဝါရီ၁၃ရက်တွင် မိသားစုဝင်များက ၎င်း၏ အောက်စီဂျင်ပိုက်ကိုဖြုတ်ရန် သဘောတူညီခဲ့သည်။

သို့သော် ၎င်း၏အသက်ရှူပိုက်ကို ဆရာဝန်များက ဖြုတ်သိမ်းခြင်းမပြုဘဲ ဆက်လက်ထားရှိရာ ယနေ့နံနက်အရောက်တွင်မှ ခံစားရသောဝေဒနာများဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်ပြီးချိန် ယနေ့၊ နံနက်၁၁နာရီခွဲတွင် မမြသွဲ့သွဲ့ခိုင်၏ ရုပ်အလောင်းကို ကုတင် ၁,၀၀၀ဆေးရုံ၊ အထူးကြပ်မတ်ကုသဆောင်မှ ရင်ခွဲရုံသို့ သယ်ဆောင်သွားခဲ့သည်။

မမြသွဲ့သွဲ့ခိုင်၏အစ်မဖြစ်သူ မမြသတိုးနွယ်ကမူ ညီမဖြစ်သူကွယ်လွန်သွားပြီဖြစ်သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်ကြရန် တိုက်တွန်းပြောဆိုသည်။

“(စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး)ကို အောင်မြင်လာတဲ့အထိ အကုန်လုံးပါဝင်ပေးကြပါဦးလို့ အဲဒါပဲ ပြောချင်ပါတယ်”ဟု သူကပြောသည်။

“ပိုက်ဖြုတ်လို့ ဆုံးသွားတာ မဟုတ်ပါဘူး။ သူ့ဘာသာ တ​ဖြည်းဖြည်းအခြေအနေ ဆိုးရင်း၊ ဆိုးရင်းနဲ့ ဒီတိုင်းပဲ သူ့သာသူ ဆုံးသွားတာပါ”ဟု မမြသတိုးနွယ်က ပြောသည်။

အသက် ၁၉ နှစ် ရှိပြီဖြစ်သည့် မမြသွဲ့သွဲ့ခိုင်သည် ဖေဖော်ဝါ၁ရက်က စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့၏ အင်အားမမျှတသည့် နည်းလမ်းများဖြင့် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ပထမဦးဆုံး သေဆုံးသူဖြစ်လာသည်။


နေ့လယ် ၁၂နာရီ၊ ၃၀မိနစ်

မြစ်ကြီးနားတွင် ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွင်းခံရ၊ ပါဝင်သူအများအပြားဖမ်းခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဆန္ဒပြရန်လူစုနေချိန်၌ လေ့ကျင့်ရေးကျောင်းမှ ဆရာမလေးဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် အခြားသပိတ်စစ်ကြောင်းများလည်း အကြမ်းဖက်ဖြိုခွင်းခံရကြောင်း သတင်းရရှိသည်။

ယနေ့၊ နံနက်ပိုင်းတွင် ဆန္ဒပြသူ၃၀ဦးခန့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ကျောင်းသူတစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ရဲတွေက တော်တော်လေးကို ဖိနှိပ်နေကြတယ်။ ဗီဒီယို၊ ဓာတ်ပုံရိုက်လို့မရအောင် ဖုန်းထုတ်တာနဲ့ လေးဂွနဲ့ ပစ်တယ်။ မီဒီယာတွေကို ပိုပစ်မှတ်ထားလာတယ်။ သတင်းအမှောင်ကျအောင် လုပ်နေတာ”ဟု ၎င်းကပြောသည်။

ယနေ့၊ နံနက်တွင် ချီတက်လာသော သပိတ်စစ်ကြောင်းတစ်ခုကိုလည်း မြစ်ကြီးနားဈေးရှေ့အရောက်တွင် ရဲတပ်ဖွဲ့က နှစ်ဘက်ညှပ်၍ ဖြိုခွင်းခဲ့သည်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားနှင့် ပူတာအိုတို့တွင် ဆန္ဒပြပွဲများကို ရဲများက ယခုရက်ပိုင်းတွင် နေ့စဉ်နီးပါး အကြမ်းနည်းသုံး၍ ဖြိုခွင်းနေပြီး သတင်းထောက်များကို ရိုက်နှက်ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းလည်း ပြုလုပ်လျက်ရှိသည်။


မနက် ၁၁နာရီ၊ ၃၀မိနစ်

အမရပူရမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်ကိုးဦး ဆန္ဒပြပွဲတွင်ပါဝင်လာ

ဒီနေ့၊ ဖေဖော်ဝါရီ၁၉ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်မှာဆန္ဒပြသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင် ကိုးဦးလာရောက်ပါဝင်ပူးပေါင်းလာပါတယ်။

အဲဒီသပိတ်စစ်ကြောင်းကို သံဃာတော်တွေ ဦးဆောင်မှုနဲ့အတူ သစ်တောဦးစီးဌာန၊ ကျောင်းသား၊ ဆရာ၊​ ဆရာမတွေပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းနဲ့ မီးသတ်တပ်ဖွဲ့တွေ၊ စီဘီးဝါသနာရှင်တွေနဲ့ မြို့ခံလူထု သောင်းနဲ့ချီပြီး ချီတက်လှမ်းလျှောက် ဆန္ဒပြနေတာပါ။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ မူလက ၁၆ဦးအထိ ပြည်သူအများနဲ့အတူ ဆန္ဒပြရာမှာပါဝင်ဖို့ စီစဉ်ခဲ့ပေမဲ့ ကိုးဦးသာ လာရောက်ပူးပေါင်းလာတာဖြစ်တယ်လို့ သိရပါတယ်။

“စစ်အာဏာသိမ်း စစ်အစိုးရကို လုံးဝလက်မခံနိုင်လို့ အခုလို ပူးပေါင်းဆန္ဒပြခဲ့တာပါ။ ဒုတပ်ကြပ်နှစ်ယောက်ပါတယ်။ အားလုံးကိုးဦး ပါဝင်ခဲ့တာပါ။ ပြည်သူတွေကိုပြောချင်တာ ရဲတပ်ဖွဲ့ဝင်တွေကို မမုန်းစေချင်ဘူး”လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေဆိုတာ ဒီကောင်တွေ ခိုင်းတာလုပ်နေကြရတာပါ။ သူတို့ရဲ့လက်အောက်မှာ နေနေရတဲ့အတွက် သူတို့ခိုင်းတာ လုပ်နေကြရတယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ရုန်းထွက်နိုင်ကြပါစေလို့ ပြောချင်တယ်”လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ပူးပေါင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လုပ်သက်အနည်းဆုံးနှစ်နှစ်ကနေ အများဆုံး ၁၁နှစ်ရှိသူတွေဖြစ်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာပါဝင်လာတဲ့အတွက် သူတို့ကိုတော့ ရပ်ကွက်နေပြည်သူတွေက ကြိုဆိုအားပေးခဲ့ပါတယ်။


ဖေဖော်ဝါရီ ၁၉ရက်၊ နံနက် ၁၁နာရီ

အရင်နေ့တွေလို လူအင်အားအပြည့်စတင်တဲ့ ဒီနေ့မနက်ပိုင်း ဆန္ဒပြပွဲများ

လှည်းတန်း

ဒီနေ့ဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ၁ရက်ကစရေရင် ၁၉ရက်မြောက်ဖြစ်ပါတယ်။ ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်အနီးမှာတော့ ခါတိုင်းနေ့တွေလိုပဲ လူပေါင်းထောင်နဲ့ချီပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြဖို့ စုဝေးနေကြပြီဖြစ်ပါတယ်။ ဒီနေ့ ဆန္ဒပြပွဲကို ယဉ်ကျေးစွာအာခံခြင်း (CDM) လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေပါ ပါဝင်နေပါတယ်။

ဆူးလေ

မြို့ထဲ ဆူးလေတစ်ဝိုက်မှာတော့ ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့်အဝယူထားပြီး နေရာတစ်ချို့ကို သံစည်းရိုးတွေနဲ့ ပိတ်ပင်ထားပါတယ်။ အဲဒီနေရာတွေမှာ မနေ့က လူပေါင်းများစွာ စုဝေးခဲ့ကြတဲ့ ဆူးလေခုံးကျော်တံတား တစ်ဝိုက်ပါဝင်ပါတယ်။ ဒါ့ပြင် ဆူးလေရှန်ဂရီလာရှေ့မျက်နှာ လမ်းမကြီးပေါ်ကိုလည်း ရဲတပ်ဖွဲ့က ပိတ်ဆို့ထားလိုက်ပါတယ်။

ဒီလိုပိတ်ဆို့မှုရှိပေမဲ့ ဘေးပတ်ပတ်လည်မှာ ဆန္ဒပြသူတွေဟာ ခါတိုင်းလိုပဲ စုဝေးရောက်ရှိလာကြပြီး ပုံစံမျိုးစုံနဲ့ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ကြောင်း ဆန္ဒပြနေကြပါတယ်။

မြေနီကုန်း

မြေနီကုန်းမှာတော့ လက်ရှိ ထိုင်သပိတ်ဆင်နွှဲနေကြသူတွေများပါတယ်။ လူငယ်ထောင်ပေါင်းများစွာတို့က မြေနီကုန်း ကုန်းကျော်တံတားအောက်မှာ ပုံစံအမျိုးမျိုးနဲ့ ထိုင်သပိတ်ဆင်နွှဲနေကြတာပါ။

မနက်ခင်းရုံးချိန်မတိုင်ခင်မှာ ယဥ်ကျေးစွာအာခံခြင်း (CDM)လှုပ်ရှားမှုကို ထောက်ပံ့စေနိုင်တဲ့ လှုပ်ရှားမှုတွေဖြစ်တဲ့ လမ်းပိတ်တာ၊ ကြက်သွန်ကောက်တာ၊ ကားစက်ပျက်ရပ်နားတာတွေကို ပြုလုပ်ခဲ့ပြီးနောက် ထိုင်သပိတ်ဆင်နွှဲနေကြတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေနဲ့ မနီးမဝေးမှာတော့ ရဲအင်အားအများအပြား လုံခြုံရေးချထားပေမဲ့ ထိုင်သပိတ်ဆင်နွှဲနေသူတွေကို လာရောက်တားဆီးတာမျိုးတော့ မရှိသေးပါဘူး။


ညနေ ၅နာရီ

အင်အားမလျော့သေးတဲ့ မန္တလေးသူ၊မန္တလေးသားများ 

မနေ့တော့ တစ်နိုင်ငံလုံးမှာလူအင်အားထောင်သောင်းချီပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးကို ဆင်နွှဲခဲ့ကြပါတယ်။ယနေ့ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ မြို့အချို့မှာ လူအင်အားအနည်းငယ်လျော့နည်းသွားပေမဲ့ မန္တလေးလူထုကတော့  အင်အားအပြည့်နဲ့  စစ်အာဏာသိမ်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုဆက်လုပ်နေပါတယ်။ သံဃစုပေါင်းသပိတ်စစ်ကြောင်း၊တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအနီး ကျန်းမာရေးဝန်ထမ်းစစ်ကြောင်း၊ အင်ဂျင်နီယာစစ်ကြောင်း၊ ကျောင်းသားသပိတ်စစ်ကြောင်း၊အလုပ်သမားသမ္မဂစစ်ကြောင်း၊ တရားရေးစစ်ကြောင်း၊ပညာရေးစစ်ကြောင်းတို့အပြင် အခြားသောရပ်ကွက်နေ ပြည်သူ စစ်ကြောင်းတို့စုပေါင်းကာ မြို့တွင်းမှာထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ယနေ့မှာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ သဘာဝနှင့်သယံဇာတဝန်ကြီး ဦးမျိုးသစ်တို့ကိုလည်း Video Conferencing နဲ့သက်ဆိုင်ရာမြို့နယ်တရားရုံးတွေမှာ စတင်စစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။


ညနေ ၄နာရီ ၃၀မိနစ်

သပြေကုန်းအဝိုင်းအနီးဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ရေပိုက်များဖြင့်ဖြိုခွင်း

ယနေ့ မွန်းလွဲပိုင်းအချိန်တွင် နေပြည်တော်၊သပြေကုန်းအဝိုင်းအနီး၌ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြကြသည့် ပြည်သူများကို လုံခြုံရေးတပ်ဖွဲ့ကအင်အားပြင်းရေပိုက်များဖြင့် ရေများဖြန်းကာ ဆန္ဒပြလူစုကို ဖြိုခွင်းခဲ့သလို ဆန္ဒပြသူအချို့ကိုလည်းဖမ်းဆီးလိုက်သည်။

ရဲတပ်ဖွဲ့သည် သပြေကုန်းရပ်ကွက်ရှိ ပိတောက်လမ်းမီးပွိုင့်အနီးထိတိုးကာ လူစုကိုဖြိုခွင်းခဲ့ပြီးနောက် အနီးရှိလမ်းသွယ်များကြားအထိပါ ဝင်ရောက်ကာရေပိုက်ဖြင့် ဖြိုခွင်းခဲ့သည်။

ထို့နောကမူလချထားသည့် လုံခြုံရေးနေရာသို ပြန်လည်နောက်ဆုတ်ခဲ့သည်။ဆန္ဒပြသူအချို့ကမူ လက်ရှိအချိန်ထိ သံပုံးများတီးကာ ဆက်လက်ဆန္ဒပြနေကြဆဲဖြစ်သည်။

ဖမ်းဆီးခံရသည့်လူဦးရေကို  လက်ရှိအချိန်ထိအတည်ပြုနိုင်ခြင်းမရှိသေးပဲ ဆိုင်ကယ်များပါ ထိန်းသိမ်းသွားသည်ကိုတွေ့ရသည်။ယနေ့ နံနက်ပိုင်းက သပြေကုန်းအဝိုင်းအနီး ဆန္ဒပြဦးရေမှာ ထောင်ချီခန့်ရှိခဲ့သည်။

ညနေ ၄နာရီ

ဗဟန်း၊ ရေတာရှည်လမ်းဟောင်းအနီးက လူတစ်စုက ရပ်ကွက်နေပြည်သူများကို လောက်လေးခွများနှင့် ပစ်ခတ်

ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်း၊ ကြားတောရပ်ကွက်တွင် လူအချို့က လောက်လေးခွများဖြင့် ပစ်ခတ်၍ ဒေသခံအချို့ ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် အဆိုပါရပ်ကွက်အတွင်း လူစုဝေးမှုဖြစ်ပွားခဲ့ပြီး လောက်လေးခွကိုင်သူများကို အရေးယူပေးရန် ရပ်ကွက်နေပြည်သူများက တောင်းဆိုခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါလူတစ်စုကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းနေသည်။ ၎င်းတို့သည် ယနေ့၊ နံနက်က ကားမှန်ရိုက်ခွဲသည့် လူအုပ်စုဖြစ်နိုင်သည်ဟု ယူဆရသည်။


နေ့လယ် ၂နာရီ၊ ၃၀မိနစ်

ကားတွေကိုဝင်ရိုက်တဲ့ သံဃာနဲ့လူတစ်ချို့ကို ကျောင်းတိုက်က ရှာဖွေမခံ

ကားပိတ်ရင်းရပ်နေတဲ့ ကားတွေကို အုပ်စုဖွဲ့ဝင်ရိုက်တဲ့ သံဃာတစ်ချို့နဲ့ လူအချို့ပါတဲ့ ကားဟာ ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်နားက မဟာဓမ္မဓိပီကာရာမကျောင်းတော်ရာ ရွှေကျင်ကျောင်းတိုက်ထဲကို ဝင်သွားတာကြောင့် အရိုက်ခံရတဲ့ ကားပိုင်ရှင်တချို့နဲ့ ရပ်ကွက်သူရပ်ကွက်သားများအပါအဝင် ရွှေဝါရောင်သံဃာတော်အချို့တို့က ကျောင်းခြံဝင်းထဲကို ဝင်ခွင့်တောင်းခဲ့ပါတယ်။

ရွှေဝါရောင်ဆရာတော်တွေ ရောက်မလာခင်မှာ ကားတွေကို ရိုက်ခဲ့တဲ့ အဖွဲ့ထဲက ဘုန်းကြီးတစ်ပါးက သော့ခတ်ထားတဲ့ ခြံဝင်းထဲကနေ “တရားမျှတဖို့ လာတောင်းဆိုမနေနဲ့ ခုနကလို ထပ်ရိုက်ပြရမလား”ဆိုတဲ့ စကားကိုအော်ဟစ်ပြောဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတုံ့ပြန်ခဲ့ပါတယ်။

ရွှေဝါရောင်သံဃာတော်အချို့ရောက်လာတဲ့အခါမှသာ ခြံဝင်းတံခါးကိုဖွင့်ပေးခဲ့ပြီး ကာယကံရှင်နဲ့ မီဒီယာသမားတစ်ချို့ ဝင်ခွင့်ရပေမဲ့ ကျူးလွန်သူတွေ ပုန်းနေတယ်လို့ ယူဆရတဲ့ကျောင်းတိုက်အပေါ်ကိုတော့ ဆရာတော် အချို့ကလွဲပြီး ဝင်ခွင့်မပြုခဲ့ပါဘူး။

ကားတွေကို ရိုက်နှက်ခဲ့တဲ့ သံဃာတော်နဲ့ လူတွေပါတဲ့ ကားကိုတော့ အဆိုပါ ခြံဝင်းထဲမှာ ရပ်ထားလျက်သား တွေ့ရပါတယ်။ ကားရဲ့ အရှေ့ခန်းမှာ စစ်သားတွေဝတ်ဆင်လေ့ရှိတဲ့ ပြောက်ကျားဂျာကင်တစ်ထည်နဲ့ တုတ်တွေကိုလည်း တွေ့ရပါတယ်။

၁၅မိနစ်ခန့် ဆရာတော်တွေ ဆွေးနွေးအပြီးမှာတော့ အဆိုပါ ကျောင်းတိုက်ရဲ့ တာဝန်ခံလို့ ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းပြောဆိုတဲ့ ဆရာတော်တစ်ပါးက အဆောက်အဦးအပြင်ထွက်လာပြီး ပြောဆိုရှင်းလင်းခဲ့ပါတယ်။

“ဒကာတို့က ကျောင်းထဲဝင်ပြေးတယ်ဆိုတာ သက်သေရှိလို့လား။ ဒီကျောင်းဝင်းထဲမှာ ကျောင်းပေါင်းများစွာရှိတာ။ ဘုန်းကြီးရာချီရှိတာကို ဆရာတော်က ဘယ်လိုရှာရမလဲ။ ဘုန်းကြီးတွေရိုက်တယ်ဆိုတာ သက်သေရောရှိလို့လား” လို့ ပြန်လည်ပြောခဲ့ပါတယ်။

ရိုက်နှက်ခံရတဲ့ ကာယကံရှင်တွေက ဗီဒီယိုဖိုင်သက်သေတွေကို ပြသပေမဲ့ ကြည့်ရှုခဲ့ခြင်းမရှိသလို ရပ်ထားတဲ့ ကားကိုလည်း ကျောင်းတိုက်ကပိုင်တဲ့ ကားမဟုတ်လို့ မသိဘူးလို့သာ ဖြေရှင်းခဲ့ပါတယ်။ ဘွဲ့တံဆိပ်တော်နဲ့ ကျောင်းနာမည်ကို မေးမြန်းပေမဲ့ သူက မဖြေနိုင်ဘူးလို့ ငြင်းခဲ့ပါတယ်။

ကြားဝင်ဖြေရှင်းပေးတဲ့ ရွှေဝါရောင်မျိုးဆက်ဆရာတော် စန္ဒာသီရိကိုလည်း ခံရသူဘက်က မေးခွန်းဝိုင်းမေးနေတာကြောင့် ကိုယ်တော်နဲ့မဆိုင်ရင် ဝင်မပါဖို့ ပြန်လည်ပြောဆိုခဲ့ပြီး ကျောင်းဝင်းထဲကလူတွေကို ထွက်ခိုင်းကာ ခြံဝင်းတံခါးကို ပြန်လည်သော့ခတ်ခဲ့ပါတယ်။

“ဒီဝင်းထဲက ဘုန်းကြီးတွေတော်တော်များများက ကိုယ့်ကိုယ်ကိုယ် မဘသလို့ ပြောကြတယ်။ ခုနက ရိုက်နေတုန်းကလည်း မကျေနပ်လို့ ရိုက်တာ ဘာဖြစ်လဲကွာဆိုပြီး ဆဲဆိုကြတာတွေရှိတယ်။ အဲ့ဒီဘုန်းကြီးအချို့က ဟိုဘက်မှာ ရပ်နေတယ်။ ဒါကို ကျောင်းတာဝန်ခံဆရာတော်ဆိုတဲ့ သူက မသိချင်ယောင်ဆောင်နေတာ”လို့ ဖြစ်စဉ်ကို တောက်လျှောက်မြင်ခဲ့တဲ့ ဘေးမှာဝန်းရံပေးသူ ဦးတင်မြင့်က ပြောပါတယ်။

ထိခိုက်မိတဲ့ ကားတွေရဲ့ ပိုင်ရှင်တွေကို ဘေးကနေဝိုင်းကြည့်ပေးရင်း ခြံဝင်းထဲထိ ရောက်လာတာမို့ အစအဆုံးကို သေချာသိနေတယ်လို့ ဦးတင်မြင့်ကပြောပါတယ်။

ရိုက်ခွဲ ဖျက်ဆီးခံရတဲ့ ကားတစ်စီးရဲ့ ပိုင်ရှင် မအိသူကတော့ ဗီဒီယိုတွေ သက်သေရှိလျက်သားနဲ့ ဘာမှ မလုပ်နိုင်တာကို ခံပြင်းလို့ မဆုံးဘူးလို့ ဆိုပါတယ်။

“ညီမကားကိုလည်း ဖျက်ဆီးခံရ ညီမတို့ကားမောင်းနေတဲ့ မောင်လေးလက်ကိုလည်းရိုက်ချတယ်။ ဒါကို သက်သေရှိတာတောင် ဗြောင်ငြင်းနေတာဘုန်းကြီးတွေဖြစ်ရပ်သားနဲ့ လိမ်ကြတယ်”လို့ သူက ပြောပါတယ်။

ကြားဝင်ဖြေရှင်းပေးတဲ့ ဆရာတော်အချို့နဲ့ ရပ်ကွက်နေ ရပ်မိရပ်ဖတွေကတော့ ဗြောင်ငြင်းနေတာ သိပေမဲ့ အဓိကရုဏ်းဆန်တဲ့ အခြေအနေမဖြစ်အောင် သည်းခံလိုက်ရတာလို့ ပြောပါတယ်။

“မတရားဘူးဆိုတာသိတယ်။ သူတို့ပိုင်နက်ထဲမှာဆိုတော့ သူတို့က ငြင်းတာပေါ့။ ဒါကိုအတင်းလုပ်ရင် ပြဿနာကြီးလာတာပဲ အဖတ်တင်မယ်။ ဆရာတော်တို့ ဝင်ညှိလည်း သူတို့မှ လက်မခံတာ။ ဖုန်းကွယ်ထားပေး၊ ငြင်းနေတာကိုး”လို့ ရွှေဝါရောင်ဆရာတော် ဦးစန္ဒာသီရိကပြောပါတယ်။

ဖြစ်စဉ်စတင်ဖြစ်နေစဉ်မှာ ရဲအချို့လာခဲ့ပေမဲ့ လူတွေက ကျောင်းဝင်းထဲကို ဝင်ရှာပေးဖို့ အကူညီတောင်းချိန်မှာတော့ ရဲက လုပ်မပေးပဲ မသိမသာ ပြန်ထွက်သွားပြီး နောက်ထပ်လည်း ရောက်မလာတော့ဘူးလို့ ဘေးနာက ရပ်ကြည့်နေသူတွေကဆိုပါတယ်။

လက်ရှိမှာ ဆန္ဒပြသူတွေက ကျောင်းဝင်းနာ ဆန္ဒထုတ်ဖော်နေပြီး မတရားတာကိုမလ ုပ်ဖို့ အောင်ဟစ်တောင်းဆိုနေတာတွေလည်း ရှိနေပါတယ်။


နေ့လယ် ၁နာရီ ၃၀မိနစ်

အင်းစိန် မီးရထားစက်ခေါင်းစက်ရုံဝန်ထမ်းများ CDM လုပ်ဆောင်ကာဆန္ဒထုတ်ဖော်


နေ့လယ် ၁၂နာရီ 

မန္တလေးတိုင်းဝန်ကြီးချုပ်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ထား 

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား  မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီခိုင်ကတရားလိုပြုလုပ်ကာ အောင်မြေသာစံတရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ထားသည်။ 

ဒေါက်တာဇော်မြင့်မောင်အား ရာဇာသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့် ဖေဖော်ဝါရီ ၁၅ရက်နေ့က အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင်  Video Conferencing ဖြင့်အောင်မြေသာစံတရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း တရားရုံး၏သတင်းနှင့်ပြန်ကြားရေးအရာရှိက ဦးလှမျိုးဝင်းကပြောသည်။

အဓိကအကြောင်းရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် ၅စောင်သည် လက်ရှိအစိုးရနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေကြောင့်ဟု တရားလို၏ လျှောက်ထားချက်တွင်ပါရှိသည်ဟု ဦးလှမျိုးဝင်းကပြောသည်။ ချုပ်ရက်ရမန်အား ဖေဖော်ဝါရီ ၂၂ ရက်အထိပေးလိုက်ပြီး မန္တလေးအကျဉ်းထောင်တွင်ချုပ်ထားခွင့်ပေးလိုက်သည်။


မနက် ၁၁နာရီ မိနစ် ၃၀

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်တွင် ဘုန်းကြီးသုံးပါးနှင့်လူတစ်ခုက ကားငါးစီးအားခဲများဖြင့်ပစ်ပေါက်ခဲ့ရာ ကားမှန်များကွဲကြေခဲ့ကြောင်းသိရသည်။

မနက် ၁၁နာရီ

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် မြို့တော်ဝန်အား ရုံးထုတ်မည့်သတင်းကြောင့် တရားရုံးရှေ့လူတွေစုရုံး

တပ်မတော်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မြို့တော်ဝန်ဒေါက်တာရဲလွင်တို့ကို ယနေ့မနက်ပိုင်းက အောင်မြေသာစံတရားရုံးတွင် ပထဆုံးအကြိမ်ရုံးထုတ်စစ်ဆေးမည်ဟု သတင်းရရှိထားသဖြင့် ရုံးရှေ့တွင် လူအများအပြားရောက်ရှိနေသည်။  

လက်ရှိအချိန်တွင် လူထုသည် “Free Chief Minister Dr.Zaw Myint Maung” “Free Chief Minister Dr.Aye Lwin” ဟု ရေးသားထားသည်စာရွက်များကိုင်ကာ  ၎င်းတို့လွတ်မြောက်ရေးအတွက် တောင်းဆိုလျှက်ရှိသည်။

ဝန်ကြီးချုပ်နှင့် မြို့တော်ဝန်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့်အမှုဖွင့်ခံရကြောင်း ကနဦးသိရှိထားသော်လည်း အတည်မပြုနိုင်သေးပေ။


ဖေဖော်ဝါရီ ၁၈ရက်၊ နံနက် ၁၀နာရီ

ရန်ကုန်မြို့‌ ၊မြေနီကုန်းတံတားအောက်တွင် ယမန်နေ့ကအတိုင်းကားများပျက်ကာ ဆန္ဒဖော်ထုတ်နေသည့် မြင်ကွင်းများ 


ညနေ ၇နာရီ

မန္တလေးက စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲများ


နေ့လယ် ၂နာရီခွဲ

ဒဂုံဆိပ်ကမ်း သဘာဝဓာတ်ငွေ့အရောင်းဆိုင် CDM လှုပ်ရှားမှုကြောင့်ပိတ်ထား

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အစိုးရပိုင်မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်ဝန်ထမ်များ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ယဉ်ကျေးစွာအာခံခြင်းလှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်လျက်ရှိရာ ဆိုင်ပိတ်ထားကြောင်း သိရသည်။

ဆိုင်ဝန်ထမ်းများ၏ CDMလှုပ်ရှားမှုမှာ ဖေဖော်ဝါရီ၈ရက်က စတင်ခဲ့ပြီး ဆိုင်ဝန်ထမ်း၂၀ဦးခန် ပါဝင်ကြောင်း သိရသည်။ ယင်းပမာဏမှာ ဆိုင်ဝန်ထမ်းအားလုံးနီးပါးဖြစ်သည်။

“ဒီနေ့က ၁၀ ရက်မြောက်နေ့ဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါ သဘာဝဓာတ်ငွေ့အရောင်းဆိုင် လုံခြုံမှုရှိစေရန် ဆိုင်အနီးရှိ (၅၆)ရပ်ကွက်နေ  ပြည်သူအချို့ကလည်း နေ့စဉ်စောင့်ကြည့်ပေးလျက်ရှိသည်။

အဆိုပါ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်သည် YBSဘတ်စ်ကားများနှင့်အငှားယာဉ်များအပါအဝင် ယာဉ်အစီး ၈၀၀ခန့် နေ့စဉ် လာရောက်၍ ဂတ်စ်ထည့်ရသည့် ဆိုင်လည်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၁ဆိုင်ရှိပြီး လက်ရှိတွင် ဂတ်စ်ရောင်းချပေးနေသည့်ဆိုင် ၁၂ခုသာရှိတော့သည်။


နေ့လယ် ၁နာရီ၊ ၅၃မိနစ်

CDM တွင် မပါဝင်သော ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကို ကျောင်းသားများဆန္ဒပြ

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်‌ဒေါက်တာကြည်ရွှင်နှင့် အကြီးတန်းဆရာ၊ ဆရာမကြီးများသည် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်လာခြင်းမရှိသောကြောင့် ကျောင်းသားတစ်ရာကျော်က ယနေ့တွင်ကျောင်းမျက်နှာစာတွင် ထိုင်သပိတ်ပြုလုပ်ဆန္ဒပြနေကြသည်။

ယနေ့စတင်သောထိုင်သပိတ်အား YUFL ကို CDM တက္ကသိုလ်အဖြစ်မကြေညာမချင်း နေ့စဉ်မနက် ၉ နာရီမှ ၁၂ နာရီအထိ ပြုလုပ်သွားမည်ဟုသပိတ်‌မှောက်ခေါင်းဆောင် ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။ “ဒီနေ့က ပထမဆုံးနေ့ဆိုတော့ လူနည်းတယ်။ နောက်ရက်တွေ ဆို ကျောင်းသားဟောင်းတွေ ပြန်လာစုဖို့ ကျွန်တော်တို့ လှုံဆော်သွားမယ်” ဟု ၎င်းကပြောသည်။

CDM တွင် နည်းပြဆရာ၊ ဆရာမအငယ် ဆယ်ဂဏန်းသာ ပါဝင်နေပြီး ဆရာကြီး၊ ဆရာမကြီးများက ပါဝင်မလာသေးခြင်းကို စိတ်မကောင်းဟု တရုတ်ဘာသာဌာနမှ နည်းပြဆရာမတစ်ဦးကပြောသည်။

“ကျွန်မဆို ပညာသင်ဆုရထားတဲ့ PhD ကျောင်းသူတစ်ယောက်။ CDM မှာ ပါဝင်ဖို့ဆုံးဖြတ်ခဲ့တယ်။ပြန်သိမ်းချင်ပြန်သိမ်းပါစေ ကျွန်မဝမ်းမနည်းဘူး။ အာဏာသိမ်းအစိုးရလက်အောက်မှာ စုတ်ပြတ်သတ်သွားမည့် ပညာရေးအောက်မှာ ဘာမျှော်လင့်စရာမှ မရှိဘူး။ ကျွန်မတို့ ပညာနဲ့အပြင်အချိန်မရွေးလုပ်စားလို့ရတယ်” ဟုသူကပြောသည်။


နေ့လယ် ၁နာရီ၊​ ၄၅မိနစ်

မန္တလေးက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲများ



နေ့လယ်‌ ၁နာရီ ၃၀မိနစ်

ရန်ကုန်မြို့ ဆူးလေမြင်ကွင်းများ


နေ့လယ် ၁နာရီ

မြောက်ဥက္ကလာမြို့နယ်အဝင်တွင် နေ့လယ်အချိန်အထိ ယာဉ်ကြောပိတ်ဆို့မှုဆိုးရွားစွာဖြစ်နေဆဲ

မြောက်ဥက္ကလာမြို့နယ်အဝင်အုတ်ပုံဆိပ် တံတားပေါ်တွင် ဆန္နပြသူများနှင့် ယာဥ်တန်းများက တံတားကိုပိတ်ကာ  CDM တွင်ပါဝင်လာရေး ဆန္နထုတ်ဖော်နေသည်။

မြို့နယ်အဝင်အထွက် အဓိက တံတားပေါ်တွင် ယာဥ်များပိတ်ဆို့ထားခြင်းကြောင့် သုဓမ္မာလမ်းမကြီးတစ် လျှောက်တွင် ကားများတန်းစီရပ်ထားရသည်။ယာဥ်ကြောပိတ်ဆို့မှုဆိုးဝါးစွာဖြစ်နေပြီး Bus ကားများအပါအဝင် မည်သည့်ကားမှ မြို့နယ်အတွင်းက ထွက်ခွာနိုင်ခြင်းမရှိပေ။

“မနက် ၉ နာရီလောက်ကတည်း က လမ်းမှာ ကားတွေထိုးရပ်ပြီး ဟွန်းတီးကြ ဆန္နပြကြနဲ့ ဘတ်စ်ကားအကြီးကြီးတွေက ခရီးသည်တွေကိုလမ်းပဲလျှောက်ခိုင်းပြီး သူတို့ပါ ရပ်ထားကြတာ” လို့ ဆန္နပြပွဲမှာပါဝင်နေတဲ့ ကိုစိုးမင်းအောင်ကပြောသည်။

ယာဥ်ထိန်းရဲများမှ ကားများကို အခြားလမ်းကြောင်းများမှထွက်နိုင်ရန်ကြိုးပမ်းနေသော်လည်း ယာဥ်ကြောပိတ်ဆို့မှုမှာ ပိုမိုများပြားလာနေသည်။


နေ့လယ် ၁၂နာရီ

မန္တလေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု လူအင်အားပိုမိုများပြားလာ 

ယနေ့ မန္တလေးမှာလူပေါင်းထောင်ချီပါဝင်တဲ့ တက္ကသိုလ်ပေါင်းစုံ သပိတ်စစ်ကြောင်း၊ အင်ဂျင်နီယာသပိတ်စစ်ကြောင်း၊တောင်သူလယ်သမားသပိတ်စစ်ကြောင်းတွေအပြင်  ရပ်ကွက်အလိုက်သပိတ်စစ်ကြောင်းတွေက မြို့တွင်းမှာလှည့်လည်ဆန္ဒပြနေကြပါတယ်။ယခင်ရက်တွေကထက် လူအင်အားပိုများပြားလာပြီး အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိမ်းဖို့အတွက် သံပြိုင်ဟစ်ပြီးတောင်းဆိုနေကြပါတယ်။ယနေ့မှာ သံဃာတော်တွေလည်း နေ့လည်ဆွမ်းစားပြီးချိန်နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်မှုတွေမှာ ပူးပေါင်းပါဝင်လာမှာဖြစ်ပါတယ်။


မနက် ၁၁နာရီ

လှည်းတန်းတွင်လုံခြုံရေးအများအပြားနေရာယူထား

လှည်းတန်းမှာ ရဲတွေက တက္ကသိုလ်ရိပ်သာလမ်းကို ပြန်လည်ပိတ်ဆို့ထားပြီး ရေကားတွေကိုလည်း အသင့်ပြင်နေပါတယ်။ ကုန်းကျော်တံတားပေါ်တွေမှာလည်း ရဲတပ်ဖွဲ့ဝင်တွေက အသင့်နေရာယူထားပြီး စောင့်ကြည့်နေကြပါတယ်။


မနက် ၁၀နာရီ ၁၅မိနစ်

ယနေ့မနက် ၁၀နာရီဝန်းကျင် ရန်ကုန်မြို့ မြေနီကုန်းတံတားအောက်အခြေအနေ

ဝန်မထမ်းများ ရုံးမတက်နိုင်ရေးအတွက် လမ်းများတွင် ကာများဖြင့် ပိတ်ဆို့ထားသည့် လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းတွင် စတင်လုပ်ဆောင်လိုက်သည်။

မြေနီကုန်းတံတားအောက်ရှိ လမ်းပေါ်တွင် ကားများနေရာယူပိတ်ဆို့ထားပြီး လူအချို့ကလည်း လမ်းများတွင် ထိုင်၍ ပိတ်ဆို့ထားသည်။ ထို့ပြင် စက်ဘီးဆန္ဒထုတ်ဖော်သူများကလည်း စက်ဘီးများစီတန်းကာ လမ်းကိုပိတ်ထားသည်။ 

“ဝန်ထမ်းတွေ ရုံးမသွားနိုင်အောင် ပိတ်တာ။ မနက် ၇နာရီက လာပိတ်တယ်။ တစ်နေ့လုံးနီးပါး ဒီမှာရပ်ဖို့ စဥ်းစားထားတယ်” ဟု ကြည့်မြင်တိုင်မှ မြေနီကုန်းတွင်ကားလာရပ်ထားသူ အသက် ၄၀ ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

” ကျွန်တော်တို့ နိုင်မှဖြစ်မယ်။ ဒါကြောင့်ဒီလိုလုပ်ရတာ” ဟု အဆိုပါအမျိုးသားကပြောသည်။ 


မနက် ၁၀နာရီ

ရန်ကုန်မြို့  အပြည်ပြည်ဆိုင်ရာအလုပ်သမားရုံး (ILO)ရှေ့တွင် အလုပ်သမားထောင်ချီဆန္ဒဖော်ထုတ်


ဖေဖော်ဝါရီ ၁၇ရက် ၊ မနက် ၉နာရီ

ဆန္ဒပြသူများ ပြည်လမ်းနှင့် အင်းစိန်လမ်းမကြီးပေါ်တွင် ထိုင်သပိတ်ပြုလုပ်နေ

လှည်းတန်းကုန်းကျော်တံတားအဆင်းအပါအဝင် ပြည်လမ်းနှင့် အင်းစိန်လမ်းမကြီးတစ်လျှောက်တွင် လမ်းများကိုပိတ်ကာ ဆန္ဒပြသူများက ထိုင်သပိတ်ပြုလုပ်နေကြပါတယ်။ CDM ပြုလုပ်ရန်တောင်းဆိုနေပြီး လမ်းများကို ရုံးချိန်ကျော်လွန်တဲ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးကပြောပါတယ်။ 
“ကျနော်တို့သွားနေတဲ့ကားတွေ့ရှေ့မှာ ဒူးထောက်ထိုင်တယ်၊ မတ်တပ်ရပ်တယ်။ CDMကိုတောင်းဆိုတယ်။ ဒါကျနော်တို့လက်ရှိလုပ်နေတဲ့တော်လှန်ရေးပဲ”လို့ ဆန္ဒထုတ်ဖော်နေတဲ့ ကိုအောင်ကျော်ကပြောသည်။ ကားလမ်းလည်တွင်ပျက်ကာ CDMပြုလုပ်ဖို့အားပေးနေသည့် ကားအချို့လည်းရှိပြီး သွားလာရင်းရပ်နေသည့် ကားများကလည်း ဆန္ဒထုတ်ဖော်သူများကို ဆန့်ကျင်ပြောဆိုနေခြင်း မရှိပေ။

ရဲတပ်ဖွဲ့များက ဆန္ဒထုတ်ဖော်သူများကို လာရောက်ဟန့်တားမှုလုပ်ခဲ့ပြီး ဆန္ဒပြသူများကို ရဲသားများက အနီးကပ်ဓါတ်ပုံရိုက်ခြင်း ဗီဒီယိုရိုက်ခြင်းများလည်း ရှိခဲ့သည်။


ည ၈နာရီ

ယနေ့၊ လှိုင်သာယာက စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ ပုံရိပ်များ

ယနေ့၊​ လှိုင်သာယာမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ဒေသခံ ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲသို့ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ လျှပ်စစ်နှင့် အထွေထွေအုပ်ချုပ်ရေးရုံးက ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူလူထုတို့ ပါဝင်ပြီး လှိုင်သာယာ၊ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်မှ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၊​ ဘောလုံးကွင်းအထိ ချီတက်ခဲ့ကြသည်။

ဓာတ်ပုံများ – Jack


ညနေ ၆နာရီ

သံတွဲတွင် ဆန္ဒပြသူလေးဦးကို ရဲတပ်ဖွဲ့ဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် လူအင်အား ၅၀၀ ကျော် ယနေ့၊ နံနက်၁၀နာရီခွဲခန့်က ထိုင်သပိတ်ဆင်နွှဲခဲ့ရာ ရဲတပ်ဖွဲ့က ဆန္ဒပြရာတွင် ပါဝင်သူလေးဦးကို ဖမ်းဆီးထားသည်။

သံတွဲမြို့၊ မာဃလမ်းတွင် ထိုင်သပိတ်ပြုလုပ်၍ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်ဟု ယူဆရသူအချို့က အရပ်ဝတ်များဖြင့် ဖမ်းဆီးခဲ့သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးက ပြောသည်။

“ကျွန်မတို့ ထိုင်သပိတ်ပြဖို့ စတင်လုပ်နေတုန်းရှိသေးတယ်။ သူတို့က ရုတ်တရက် ဝင်ဖမ်းတာပါ။ လူစုခွဲဖို့ ကြေညာတာတွေ ဘာတွေမရှိပါဘူး”ဟု ၎င်းကပြောသည်။

ထိုင်သပိတ်ကို ရှေ့ဆုံးတန်းက ပါဝင်ခဲ့သူ မောင်အောင်ခိုင်မြင့် (အသက်၁၉နှစ်)၊ မောင်ရန်ပိုင်ထွေး (အသက်၂၀နှစ်)နှင့် မမြဝင်း (အသက်၂၀နှစ်)တို့ အဖမ်းဆီးခံခဲ့ရသည်။

“သူတို့က လူငယ်တွေကို ရွေးဖမ်းတာ။ လက်ရှိအဖမ်းခံရတဲ့ ကောင်လေးနှစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်လုံးက လူငယ်တွေပဲ။ ဆန္ဒပြတဲ့သူတွေက ဆဲဆိုတာတွေ၊ ပြဿနာရှာတာတွေမလုပ်ပါဘူး။ ငြိမ်းငြိမ်းချမ်ချမ်း ဆန္ဒပြတာပါ”ဟု ဆန္ဒပြပွဲဦးဆောင်သူ အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

ဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် နေ့လယ်၁နာရီခွဲခန့်တွင် လူအင်အား၃၀၀ခန့်က ရဲစခန်းသို့ သွားရောက်၍ ဆက်လက်ထိုင်သပိတ်ပြုလုပ်ကြရာ ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို နှစ်ဘက်ညှပ်၍ ဖြိုခွင်းခဲ့သည်။

“သူတို့ကညာသံပေးပြီး နှစ်ဘက်ချီတက်လာတော့ ကျွန်မတို့က ထွက်ပြေးတယ်။ အဲဒီမှာ လူတစ်ဦး ဖမ်းဆီးခံရတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထိုအချိန်တွင် အဖမ်းဆီးခံခဲ့ရသူမှာ ဦးခင်မောင်(အသက်၅၅နှစ်)ဆိုသူဖြစ်ပြီး ၎င်းမှာ ဆန္ဒပြသူတစ်ဦးမဟုတ်ဘဲ ဆန္ဒပြမှုပြီးစီးပါက အမှိုက်ကောက်ရန် စောင့်ဆိုင်းနေခြင်းသာဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ လေးဦးမှာ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးပေ။ ၎င်းတို့ကို မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကိုလည်း မသိရှိရသေးပေ။

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများကို ဖေဖော်ဝါရီ၈ရက်တွင် စတင်ခဲ့သည်။ ဖေဖော်ဝါရီ၁၁ရက်ကလည်း သံတွဲတွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး ပါဝင်သူတစ်ဦးကို ဖမ်းဆီးခဲ့သည်။


ညနေ ၄နာရီ၊ ၃၀မိနစ်

အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုဒ်မနှစ်ခုဖြင့် တရားစွဲထား၊ မတ်၁ရက် ဒုတိယအကြိမ်ရုံးထုတ်မည်

Daw Aung San Suu Kyi and U Win Myint, who were both detained by the military in the February 1 coup. (AFP)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ယနေ့၊ နေ့လယ်ပိုင်းက နေပြည်တော်၊ ဇမ္ဗူသီရိမြို့ နယ်တရားရုံးတွင် Video conferencing ဖြင့်ရုံးထုတ်၍ အမှုစတင်ကြားနာစစ်ဆေးခဲ့ပြီး နောက်ရုံးချိန်းကို မတ်၁ရက်သို့ ချိန်းဆိုလိုက်သည်။

ချုပ်ရက်ရမန်မှာ ဖေဖော်ဝါရီ၁၇ရက်မှ ပြည့်မည်ဖြစ်သော်လည်း ရဲလုပ်ငန်းစဉ်များ ပြီးစီးသဖြင့် ယနေ့ ရုံးထုတ်ကာ တရားစွဲတင်ခြင်းဖြစ်ကြောင်း မြို့နယ်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ၊ တွဲဖက်မြို့နယ်တရားသူကြီး ဒေါ်နန်းအေးမြသီရိက ပြောသည်။

ဒေါ်နန်းအေးမြသီရိ၏ ပြောဆိုချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို နဂိုကတည်းက ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ၈အပြင်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ဖြင့်ပါ တရားစွဲဆိုထားခြင်းဖြစ်သည်။ သမ္မတဦးဝင်းမြင့်ကမူ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ဖြင့်သာ အမှုရင်ဆိုင်ရမည်ဖြစ်သည်။

“အန်တီ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှေ့နေငှားရမ်း ထုချေမယ်ပြောတယ်။ ပြီးတော့ ရှေ့နေကိုတော့သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ငှားရမ်းပေးတဲ့ အတည်ပြုပေးတဲ့ ရှေ့နေကိုပဲ သူလက်ခံမယ်လို့ ပြောသွာတယ်။ အန်ကယ်ဦးဝင်းမြင့်ကတော့ သူက ရှေ့နေငှားရမ်းလိုခြင်းမရှိဘူးလို့ ပြောပါတယ်”ဟု ဒေါ်နန်းအေးမြသီရိ ကပြောသည်။

ယနေ့ ရုံးထုတ်ချိန်တွင် အမှုတစ်ခုချင်းအတွက် သက်သေကိုးဦးရှိပြီး မည်သူမည်ဝါများဖြစ်သည်ကို ပြောဆိုရန် ဒေါ်နန်းအေးမြသီရိက ငြင်းဆိုခဲ့သည်။ ၎င်း၏အဆိုအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ၂၅မှာ သမ္မတဦးဝင်းမြင့်ကဲ့သို့ပင် ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် လူအများအပြားပါဝင်သည့် မဲဆွယ်ယာဉ်တန်းကို နေအိမ်ရှေ့ထွက်၍ လက်ပြနှုတ်ဆက်ခဲ့ခြင်းကြောင့်ကိုဗစ်-၁၉စည်းမျဉ်း ချိုးဖောက်သည်ဟုဆိုကာ တရားစွဲဆိုခံရခြင်းဖြစ်ဖြစ်သည်။

Video confereniing တွင် မြင်ရသည့်အခြေအနေအရ နိုင်ငံ့ခေါင်းဆောင် နှစ်ဦးစလုံး ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် ယခုကဲ့သို့ အွန်လိုင်းကတစ်ဆင့် ရုံးထုတ်ရခြင်းမှာ ၎င်းတို့၏ “လုံခြုံရေးနှင့် ကျန်းမာရေးအတွက်”ကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။

“အခုလက်ရှိအထိတော့ ဒီတရားစီရင်ရေးမှာ ဥပဒေနဲ့အညီ လွတ်လပ်စွာတရားစီရင်ရေးဆိုပြီးတော့ ကျွန်မတို့  လွတ်လပ်စွာတရားစီရင်နေတာရှိပါတယ်”ဟု ၎င်းက ဒေါ်နန်းအေးမြသီရိက ပြောသည်။

လက်ရှိတွင် အင်န်အယ်လ်ဒီပါတီက သမ္မတနှင့် အတိုင်ပင်ခံတို့၏ ရှေ့နေအဖြစ် တရားလွှတ်တော်ရှေ့ နေ ဦးခင်မောင်ဇော်ကို ငှားရမ်းထားသည်။

“ကျွန်တော်တို့ သူတို့နဲ့ တွေ့ခွင့်ကတော့ အခုမှ တောင်းရမှာ။ ရှေ့နေတရားဝင် မဖြစ်သေးဘူး။ အခုမှ နိုင်ငံတော်အတိုင်ပင်ခံက ပြောလိုက်လို့ CEC (ဗဟိုအလုပ်အမှုဆောင်ကော်မတီ) ကတော့ ကျွန်တော်တို့ကို တာဝန်ပေးလိုက်ပြီ။ အတိုင်ပင်ခံကလည်း CEC လွှဲတဲ့ရှေ့ နေကိုပဲ လက်မှတ်ထိုး ပေးမယ်ဆိုတော့ ဒီတော့မှ အတည်ဖြစ်သွားတာပေါ့လေ”ဟု ဦးခင်မောင်ဇော်ကပြောသည်။

ယနေ့၊ ပထမဆုံးရုံးချိန်းတွင် ရှေ့နေ ဦးခင်မောင်ဇော်သည် ရှေ့နေကိုယ်စားလှယ်လွှဲစာ တင်သွင်းခွင့်မရသေးသည့်အတွက် တရားခွင်သို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။
သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ယခုတရားစွဲတင်လိုက်သည့် ပုဒ်မနှစ်ခုလုံးသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ်ကျခံနိုင်သည့် ပုဒ်မများဖြစ်သည်။


ညနေ ၃နာရီ၊ ၃၀မိနစ်

မြောင်းမြတွင် ဆရာတစ်ဦးဖမ်းခံရ၊ ၎င်းလွတ်မြောက်ရန် တောင်းဆိုသူများကို ရဲကပစ်ခတ်ဖြိုခွင်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှာ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းတဲ့အတွက် လူခြောက်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း မြောင်းမြမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဌေးကိုယ်တိုင် ပါဝင်ပစ်ခတ်ခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ဦးတင်အေးက ပြောပါတယ်။

မြောင်းမြမြို့နယ်၊ ကဝက်မြေနီကုန်း မူလတန်းကျောင်းအုပ်ဆရာ ထက်ဝေယံကျော်ဟာ ဒီနေ့၊ ဆန္ဒပြပြီးအပြန် လက်ဘက်ရည်ဆိုင်ထိုင်နေချိန် အရပ်ဝတ် ရဲခြောက်ယောက်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ကျောင်းဆရာ၊ ဆရာမ အယောက်၅၀လောက်နဲ့ လူ၁၀၀ကျော်ဟာ ကျောင်းဆရာကို ဖမ်းခေါ်သွားတဲ့ ကားနောက်ကို လိုက်သွားခဲ့ပြီး လက်ရှိမှာ အချုပ်ထောင်ရှေ့မှာ ဆန္ဒပြနေကြပါတယ်။ ဒီလိုဖမ်းခေါ်သွားတာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ လူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

“သူကိုယ်တိုင်ဝင်ပစ်တာကျနော်တို့တွေ့လိုက်တယ်။ အချက်နှစ်ဆယ်ကျော် ပစ်တယ်”လို့ သူက ပြောပါတယ်။

ဖမ်းထားတဲ့ကျောင်းဆရာကိုပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြသူတွေကို လူစုခွဲခိုင်းရာက တစ်ဆင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး စတင်ပစ်ခတ်ချိန်မှာ ဆန္ဒပြသူတွေဘက်က စည်းကျော်နေတာမျိုး မရှိဘူးလို့ သူကပြောပါတယ်။

ဖမ်းဆီးခံရသူ မူလတန်းကျောင်းအုပ်အပါအဝင် ဆန္ဒပြရာမှာပါဝင်တဲ့ ဆရာ၊ ဆရာမတွေဟာ ဖေဖော်ဝါရီ၆ရက်ကစလို့ ငြိမ်းချမ်းစွာအာခံခြင်း (CDM)လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။

“အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းပြီး ရဲကားနဲ့ ရဲတွေက ခပ်လှမ်းလှမ်းက စောင့်နေတယ်။ ပြီးတော့ တစ်ခါတည်း ထောင်ဘက်ကို‌ မောင်းသွားတယ်”လို့ အဖမ်းခံရတာကို မျက်မြင်တွေ့တဲ့ မြောင်းမြမြို့ခံတစ်ဦးက ပြောပါတယ်။


နေ့လယ် ၂နာရီ

ဒီနေ့ မန္တလေးက ဆန္ဒပြပွဲအခြေအနေ

မနေ့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းပြီးနောက် ဒီနေ့မှာတော့ မြန်မာ့စီးပွားရေးဘဏ် အမှတ်(၁)နဲ့ အမှတ်(၂)အနီးတစ်ဝိုက်မှာ အမှတ်(၉၉)ခြေမြန်တပ်ရင်းက စစ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေက လုံခြုံရေးအပြည့်အဝယူထားပါတယ်။

ဆန္ဒထုတ်ဖော်သူတွေကတော့ အဲဒီနေရာတွေကို ရှောင်ကွင်းသွားပြီး တစ်ခြားနေရာတွေမှာ အုပ်စုခွဲလှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မနေ့က ဆန္ဒထုတ်ဖော်သူတွေကို အကြမ်းဖက်နှိမ်နင်းမှုမှာ ထိခိုက်ဒဏ်ရာရသူ ခုနစ်ဦးရှိခဲ့ပါတယ်။ မနေ့က အကြမ်းဖက်ဖြိုခွင်းမှုမှာ ၂၉ဦး ဖမ်းဆီးခံခဲ့ရပြီး ဒီနေ့မနက်ပိုင်းမှာ အားလုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်။


နေ့လယ် ၁နာရီ၊ ၄၅မိနစ်

နတ်မောက်လမ်း၊ ကုလသမဂ္ဂရုံးအနီးက ဆန္ဒပြပွဲမြင်ကွင်းများ

ယနေ့၊ နေ့လယ်ပိုင်းက တာမွေမြို့နယ်၊ နတ်မောက်လမ်းရှိ ကုလသမဂ္ဂရုံးအနီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် လူထောင်ပေါင်းများစွာက ဆန္ဒဖော်ထုတ်နေကြသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ စစ်အာဏာသိမ်းမှုအတွက် တပ်မတော်ကို အရေးယူပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အဖမ်းဆီးခံ အစိုးရအဖွဲ့ဝင်များ ပြန်လွှတ်ပေးရန် စသည့် တောင်းဆိုချက်များကို အင်္ဂလိပ်လို ရေးသားထားသည့် ပိုစတာများကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။


နေ့လယ် ၁နာရီ ၃၀မိနစ်

ယနေ့ ရန်ကုန်မြို့ဗဟိုဘဏ်ရှေ့ မြင်ကွင်းများ


နေ့လယ် ၁နာရီ

အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ရွှေဝါရောင်သံဃာတော်တွေပါဝင်လာ 

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှု  ၁၁ရက်မြောက်နေ့မှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့သံဃာတော်တွေနဲ့ အခြားသံဃာတော်တွေပါဝင်လာပါပြီ။သံဃာတော်တွေဟာ နေ့လယ် ၁၂နာရီကျော်လောက်မှာ ရန်ကုန်မြို့ ၊ခြောက်ထပ်ကြီးဘုရားရှေ့ကနေ နတ်မောက်လမ်းမှာရှိတဲ့ ကုလသမဂ္ဂရုံးကို ချီတက်ဆန္ဒထုတ်ဖော်နေကြပါတယ်။

မေတ္တာသုတ်ရွတ်ဆိုပြီးအရပ်ဆယ်မျက်နှာကို မေတ္တာပို့ပြီးအာဏာရှင်စနစ်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ချီတက်ကြမှာဖြစ်ပါတယ်။စထွက်ချိန်မှာဘုန်းကြီးအပါးနှစ်ဆယ်ခန့်သာရှိပေမဲ့ လမ်းတစ်လျှောက်မြို့နယ်စုံကသံဃာတွေ ‌ပူးပေါင်းကြမှာဖြစ်တယ်လို့ ဆရာတော်ဦးဆနာသိရိက ပြောပါတယ်။ 

“စစ်အာဏာရှင်တွေကို ပြည်သူတွေကတွန်းလှန်တဲ့အခါ လမ်းခရီးကချောမွေ့မှာမဟုတ်ဘူး။ သူတို့က ပြည်သူတွေအပေါ်ရက်စက်ကြမှာပဲ ။ဒါတွေကိုကြံ့ကြံ့ခံတော်လှန်နိုင်ဖို့ ဦးဇင်းတို့ကလည်း ဓမ္မ လမ်းစဉ်နဲ့အဓမ္မကိုတိုက်ထုတ်ဖို့အရှေ့ထွက်လာရတာပါပဲ”လို့ဆရာတော်ကပြောပါတယ်။


နေ့လယ် ၁၂နာရီ

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်နေသူများ 


ဖေဖော်ဝါရီ ၁၆ရက်၊ မနက် ၁၁နာရီ

ဗဟိုဘဏ်ရှေ့ စက်မှုလမ်းမကြီးအားရဲတပ်ဖွဲ့ပိတ်ဆို့ထားလိုက်ပြီး ယာဉ်များဖြတ်သန်းခွင့်မပြု

ဖေဖော်ဝါရီ ၁၆ရက် မနက်ပိုင်းမှာ ရန်ကင်းမြို့နယ် ဗဟိုဘဏ် အရှေ့ရှိစက်မှုလမ်းမကြီးကို ယာဉ်များဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ ရဲတပ်ဖွဲ့တွေကနှစ်ဖက် ပိတ်ဆို့ထားပါတယ်။ စစ်ကားအချို့ရှိနေဆဲဖြစ်ပေမဲ့ မနေ့ကလို တင့်ကားတွေနဲ့ စစ်သားအင်အားအမြောက်အများ မရှိနေတော့ပဲ ရဲတပ်ဖွဲ့ဝင်အချို့သာ စောင့်ကြပ်နေတာကို တွေ့ရပါတယ်။ နှစ်ဖက်ပိတ်ဆို့ထားတဲ့အရှေ့မှာ ဆန္ဒပြသူတွေက ပြည်သူ့စည်းပြန်တားပြီး CDMလုပ်ဖို့ ဆန္ဒထုတ်ဖော်နေကြပါတယ်။

ဖေဖော်ဝါရီ ၁၅ရက်နေ့မှာတော့ ဗဟိုဘဏ်ရှေ့ဟာ ဆန္ဒထုတ်ဖော်သူတွေရဲ့အဓိကစုရပ်တစ်ခုဖြစ်ခဲ့ပြီး စစ်သားအယောက်၂၀စီပါတဲ့ ထရပ်ကား ၆စီး၊ ရေကားနှစ်စီး တင့်ကားတစ်စီးနဲ့ ရဲကားတစ်စီး အချုပ်ကားတစ်စီး ဗဟိုဘဏ်ရှေ့မှာလုံခြုံရေးချထားခဲ့ရပါတယ်။


ညနေ ၇နာရီ

မန္တလေးဆန္ဒပြသူတစ်ဦး ရာဘာကျည်ထိမှန်သူတစ်ဦးကို အောက်စီဂျင်ပေးထားရ

စစ်အာဏာသိမ်းမှုကိုဆန္ဒပြခဲ့ကြတဲ့ မန္တလေးပြည်သူတွေကို ဒီနေ့၊ ညနေ၄နာရီ၁၅မိနစ်ခန့်က ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ ပူးပေါင်းပြီး စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ မြို့ခံတစ်ဦး ရာဘာကျည်ထိမှန်ခဲ့ပါတယ်။

ဘယ်ဘက်နံရိုးကြားကို ရာဘာကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာမပြင်းပေမဲ့ လက်ရှိအချိန်မှာ အသက်ရှူမဝတဲ့အတွက် အောက်စီဂျင်ပေးထားရပါတယ်။ သူ့ကိုတော့ ပရဟိတအသင်းတစ်ခုက ခေါ်ယူစောင့်လျှောက်ထားပါတယ်။

ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုအတွင်း ခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အခင်းဖြစ်ပွားရာနေရာအနီး အသင့်စောင့်ဆိုင်းပြီး ဒဏ်ရာရသူတွေကို ကူညီပေးခဲ့တဲ့ ပရဟိတအသင်းနှစ်သင်းက တာဝန်ရှိသူတွေက ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ၂၈လမ်းနဲ့ ၂၆လမ်းထောင့်က မြန်မာ့စီးပွားရေးဘဏ်မှာ ရုံးတက်နေတဲ့ ဝန်ထမ်းတွေကို ငြိမ်းချမ်းစွာအာခံခြင်း (CDM)လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဖို့အတွက် သွားရောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ တစ်နေကုန်ဆန္ဒပြပွဲက တစ်စုံတစ်ရာ အတားအဆီးမရှိခဲ့ဘဲ ညနေပိုင်းရောက်မှ သတိပေးခြင်းမရှိဘဲ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။ ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူတွေကို ရိုက်နှက်တာမျိုးတွေရှိသလို ဆန္ဒပြသူတစ်ချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို ရာဘာကျည်သုံး လေသေနတ်နဲ့ ပစ်ခတ်ခဲ့သလို၊ လောက်လေးခွနဲ့ပစ်တာ၊ ရာဘာတုတ်တွေနဲ့ ရိုက်နှက်တာမျိုးလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါ့ပြင် ၂၇လမ်း၊ ၈၁လမ်းနဲ့ ၈၂လမ်းကြားက နေအိမ်တွေကိုလည်း သေနတ်နဲ့ ချိန်တွယ်ပစ်ခတ်ခဲ့ပြီး အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့ပြင် အဲဒီနေရာတစ်ဝိုက်မှာ ဆန္ဒပြပွဲကို သတင်းယူနေတဲ့ မီဒီယာသမားတွေကိုလည်း ဆဲရေးတိုင်းထွာ၊ အော်ဟစ်ခြိမ်းခြောက်ခဲ့ပြီး လောက်လေးခွ၊ ရာဘာလေသေနတ်နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ မန္တလေးအခြေစိုက် သတင်းသမားတွေက ဆိုပါတယ်။

စစ်အာဏာရှင်ကို ကန့်ကွက်ဆန္ဒပြနေတဲ့ မန္တလေးမြို့ခံတွေဟာ မြန်မာ့စီးပွားရေးဘဏ်(၁)နဲ့ မြန်မာ့စီးပွားရေးဘဏ်(၂)တွေမှာ တစ်ပြိုင်နက်တည်း ဆန္ဒပြနေခဲ့ကြတာဖြစ်ပါတယ်။


ညနေ ၅နာရီ၊ ၃၈မိနစ်

အင်န်အယ်လ်ဒီရုံးချုပ်ရှေ့ပိတ်ဆို့မှု ဝါရင့်ပါတီဝင်နှစ်ဦးကို ဖမ်းရန်ဖြစ်နေ

အင်န်အယ်လ်ဒီရုံးချုပ်ကို လာရောက်ရှာဖွေတဲ့ ရန်ကုန်တိုင်းဒေသကြီး၊  နယ်လုံဝန်ကြီးဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဟာ ပါတီတံဆိပ်တုံးတချို့ကိုယူဆောင်ပြီး ညနေ ၅ နာရီမှာ ပြန်လည်ထွက်ခွာသွားပါတယ်။

ပါတီရဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဒေါ်မေဝင်းမြင့်နဲ့ ဦးအောင်ကြည်ညွန့်တို့ကို လာရောက်ရှာဖွေ ဖမ်းဆီးတာလို့ ရဲတပ်ဖွဲ့ကပြောကြောင်း ပါတီရုံးချုပ်အထဲမှာ ပိတ်မိနေတဲ့ ရုံးအဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ပါတီအဆောက်ဦးအထဲကို ဝင်ရောက်ရှာဖွေပြီး မတွေ့တာကြောင့် ပြန်သွားခဲ့ပြီလို့ သူက ဆိုပါတယ်။

ဒီနေ့၊ နေ့လယ် ၂နာရီ၄၅မိနစ်မှာ ရုံးချုပ်ရှေ့မှာ စစ်ကားနှစ်စီး ရဲကားလေးစီးတို့နဲ့ စစ်သားတွေ ရဲတွေအမြောက်အများ ရုတ်တရက်ရောက်လာပြီး ရုံးတံခါးဖွင့်ခိုင်းခဲ့တာပါ။

ရဲတပ်ဖွဲ့က အင်န်အယ်လ်ဒီရုံးချုပ်ကိုအလာမှာ ကားတစ်ချို့က ရှေ့ဖုံးတွေဖွင့်ထားပြီး စက်ပျက်တဲ့ပုံနဲ့ ရဲကားတန်း နှောင့်နှေးအောင် ဟန့်တားခဲ့ကြပါတယ်။


ညနေ ၅နာရီ၊ ၃၀မိနစ်

ဆန္ဒပြ၍ဖမ်းခံရသည့်နေပြည်တော်က ကျောင်းသားများ ပြန်လွတ်လာ

ယနေ့နံနက်ပိုင်း၊ နေပြည်တော်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်ခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည့် ကျောင်းသား၂၇ဦးကို ယနေ့၊ ညနေတွင် ပြန်လွတ်ပေးလိုက်ပြီဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများ၏ ပြောဆိုချက်အရ ယနေ့၊ နံနက် ဖမ်းခံရသူများထဲမှ ဆက်လက်ထိန်းသိမ်းခံရသူ ကိုးဦးကျန်ရှိနေသေးသည်။ ၎င်းတို့အနက် ရှစ်ဦးမှာ ကျောင်းသားများဖြစ်ပြီး တစ်ဦးမှာ အရပ်သားဖြစ်သည်။

“ကျွန်တော်တို့ကိုတော့ ကျောင်းတက်လက်စမို့ ကျောင်းပြန်တက်အောင်ဆိုပြီး လွှတ်လိုက်တာ။ သူတို့သိတာက အထဲမှာထားခဲ့တာက အရပ်သားစာရင်းဆိုပြီး ထားခဲ့တာ”ဟု ကျောင်းသားတစ်ဦးက ပြောသည်။

နောင်ဆန္ဒပြပွဲများတွင် ပါဝင်မည်မဟုတ်ဟု ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ရပြီး ထပ်မံပါဝင်ပါက ဥပဒေအရ အရေးယူခံရမည်ဟု တာဝန်ရှိသူများက ပြောဆိုခဲ့ကြောင်း ပြန်လွတ်လာသည့် အဆိုပါ ကျောင်းသားက ဆိုသည်။

ယနေ့၊ ညနေ၅နာရီ၊ ၃၀မိနစ်ဝန်းကျင်အထိ ကျန်ရှိနေသည့် ကျောင်းသားများကို ပြန်လွှတ်ပေးရန် ဒေသခံများက အချုပ်ထောင်အနီး ဆန္ဒပြလျက်ရှိသည်။


ညနေ ၄နာရီ၊ ၃၀မိနစ်

မန္တလေးဆန္ဒပြသူတွေကို စတင်ပစ်ခတ်ဖြိုခွင်း

မန္တလေးမြို့၊ ၂၆လမ်းနဲ့ ၈၂လမ်းကြားက ဆန္ဒပြသူတွေကို ရဲနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ညနေ၄နာရီ၊ ၁၅မိနစ်လောက်မှာ စပြီးပစ်ခတ်ဖြိုခွင်းနေပါပြီ။

ဖြိုခွင်းမှုအတွင်း သေနတ်နဲ့ပစ်ခတ်မှုရှိသလို၊ ရာဘာကျည်အသုံးပြုမှုလည်း ရှိတယ်လို့ အဲဒီမှာရှိနေတဲ့ သတင်းထောက်တစ်ယောက်က ပြောပါတယ်။ ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ မျက်ရည်ယိုဗုံးတွေ အသုံးပြုသလို၊ နေအိမ်အချို့လည်း လူစုခွဲရာမှာ အသုံးပြုတဲ့ ကျည်ဆံထိမှန်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ဆန္ဒပြသူတွေဟာ ရုတ်ရုတ်သဲသဲအခြေအနေကြားမှာ ပြေးလွှားနေရပြီး လူဘယ်နှယောက်အဖမ်းခံရတယ်ဆိုတာကို မသိရှိရသေးပါဘူး။ ဆန္ဒပြပွဲအခြေအနေကို သတင်းရယူနေတဲ့ သတင်းထောက်တစ်ယောက်တော့ အဖမ်းခံရတယ်လို့ ကနဦးသိရှိရပါတယ်။

ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွင်းမှုအတွင်း လူငယ်တစ်ဦး ရာဘာကျည်ဆံ ထိမှန်ခဲ့ပြီး သူ့ကိုလူနာတင်ယာဉ်နဲ့ နီးစပ်ရာဆေးကုသလို့ရမယ့်နေရာကို ခေါ်ဆောင်သွားပါတယ်။

ထပ်မံရရှိတဲ့ သတင်းအချက်အလက်တွေကို ဆက်လက်တင်ပြသွားပါ့မယ်။

မန္တလေးမြို့၊ ဆန္ဒပြပွဲကို ရဲနှင့်စစ်သားများက ပစ်ခတ်၍ ဖြိုခွင်းရာ လူငယ်တစ်ဦး ရာဘာကျည်ဆံထိမှန်၍ ဒဏ်ရာရရှိခဲ့သည်။

ညနေ ၃နာရီ၊ ၃၀မိနစ်

ဆန္ဒပြသူများလည်း အင်န်အယ်လ်ဒီရုံးချုပ်ဘက် ရောက်လာပြီ

လက်ရှိအချိန်မှာတော့ စမ်းချောင်း၊ မြေနီကုန်းက စစ်အာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ အင်န်အယ်လ်ဒီရုံးချုပ်ရှေ့ကို သွားရောက်ကြပြီး ရဲတပ်ဖွဲ့က ပိတ်ဆို့ထားတဲ့ နေရာအနီးမှာ ဆန္ဒပြနေကြပါတယ်။


ညနေ ၂နာရီ၊ ၄၅မိနစ်

အင်န်အယ်လ်ဒီရုံးချုပ်ကို ရဲနဲ့စစ်သားတွေ ထပ်ပြီးဝင်ရောက်ဖို့ ကြိုးစား၊ လမ်းမကြီးကိုပိတ်ဆို့ထား

ရန်ကုန်မြို့၊​ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်က အင်န်အယ်လ်ဒီရုံးချုပ်ရှေ့မှာ စစ်ကားနှစ်စီး၊ ရဲကားလေးစီးနဲ့ စစ်သားတွေ၊ ရဲတွေအမြောက်အမြား ပိတ်ဆို့ထားပါတယ်။ ရုံးထဲမှာ ပါတီဝင်တွေနဲ့ ကိုယ်စာလှယ်တချို့ ၊ စုစုပေါင်း လူ၁၅ယောက်လောက် ရှိတယ်လို့ သိရပါတယ်။

ဒီနေ့၊ ညနေ ၂နာရီ၄၅မိနစ်လောက်မှာ စစ်သားနဲ့ရဲတွေ ရုတ်တရက်ရောက်လာပြီး အင်န်အယ်လ်ဒီရုံးချုပ်ကို တံခါးဖွင့်ခိုင်းခဲ့တာပါ။ ရုံးထဲမှာရှိနေသူတွေက ပါတီရုံးဟာမကြာသေးခင်က ‌စစ်သားတွေ ညဘက် ဝင်ရောက်ခဲ့ပြီးနောက် ရဲကို တိုင်ချက်ဖွင့်ထားတာကြောင့် ‌အခု ထပ်ဖွင့်ပေးလိုက်ရင် အရင်က အခင်းဖြစ်ပွားရာနေရာ ခြေရာလက်ရာတွေ ပျက်နိုင်တာကြောင့် မဖွင့်ပေးနိုင်ဘူးလို့ ငြင်းခဲ့ကြောင်း ရုံးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

လက်ရှိအချိန်မှာ စစ်သားနဲ့ရဲတွေက ပါတီရုံးချုပ်ရှေ့မှာရပ်နေပြီး လမ်းကိုလည်း ပိတ်ထားပါတယ်။


နေ့လယ် ၂နာရီ

အားကောင်းလာတဲ့ မန်းမြို့တော်က ရက်သတ္တပတ်အဖွင့် ဆန္ဒပြပွဲများ

မန္တလေးမြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ဖေဖော်ဝါရီ၁၄ရက်မှာ လူအင်အားအနည်းငယ်နည်းပါးသွားပေမဲ့ ဒီနေ့မှာတော့ ဆန္ဒပြပွဲတွေဟာ လူအင်အား ပိုမိုများပြားလာပါတယ်။

လက်ရှိအချိန်မှာ အစိုးရဌာနဆိုင်ရာသပိတ်စစ်ကြောင်းအပါအဝင် သပိတ်စစ်ကြောင်းတွေစုပေါင်းပြီး ဘူတာကြီးရှေ့မှာထိုင်သပိတ်ဆင်နွှဲနေပါတယ်။

နေ့လယ်ပိုင်းမှာဆိုရင် ၂၆လမ်းပေါ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့-၁ရှေ့မှာ ငြိမ်းချမ်းစွာအာခံခြင်းလှုပ်ရှားမှု(CDM)မှာ ပါဝင်လာဖို့ ဝန်ထမ်းတွေကိုကြွေးကြော်နေပါတယ်။ ဒီနေ့မှာတော့ မန္တလေးအနီးတစ်ဝိုက်ဒေသတွေက တောင်သူတွေကလည်း လယ်ထွန်စက် ၃၀စီးနဲ့ မြို့တွင်းကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့ပြင် ဆန္ဒပြသူတွေဟာလည်း အိန္ဒိယနဲ့တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွေမှာလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေကိုပြန်လွှတ်ပေးဖို့၊ ရွေးကောက်ပွဲရလဒ်အရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကိုအာဏာပြန်ပေးဖို့ စုဝေးပြီး တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့မနက် အစောပိုင်းမှာလည်း တပ်မတော်က အင်အားပြတဲ့အနေနဲ့ တင့်ကားနှစ်စီးနဲ့ စစ်ကားအများအပြားနဲ့ မြို့ထဲမှာ လှည့်ပတ်သွားလာခဲ့ကြပါသေးတယ်။


နေ့လယ် ၁နာရီ၊ ၁၅မိနစ်

စစ်သားတွေနဲ့လုံခြုံရေးထူထပ်လာတဲ့ ဗဟိုဘဏ်(ခွဲ)ရှေ့ဆန္ဒပြပွဲ

ရန်ကုန်မြို့၊ ဗဟိုဘဏ်(ခွဲ) အရှေ့မျက်နှာစာမှာတော့ စစ်သားတွေအပြည့်နေရာယူလိုက်ပါပြီ။ ဒါ့ပြင် ဆန္ဒပြသူတွေကိုလည်း လမ်းတစ်ဘက်ခြမ်းကို ဖယ်ခိုင်းခဲ့ပါတယ်။ လမ်းအလယ်ကျွန်းနဲ့ ပတ်စပိုစ့်ရုံး ဘက်ခြမ်း လမ်းမဘေးမှာ ဆန္ဒပြသူတွေ ပြည့်နှက်နေပြီး လူဦးရေ ၂,၀၀၀ကျော်မယ်လို့ ခန့်မှန်းရပါတယ်။

စီတန်းလှည့်လည်ပြီး ဆန္ဒပြတဲ့လူအုပ်နဲ့ ထိုင်သပိတ်ဆင်နွှဲနေတဲ့လူအုပ်အကြား အပြန်အလှန်နှုတ်ဆက်ကြပြီး သံပြိုင်ဟစ်ကြွေးဆန္ဒပြတာမျိုးလည်း ရှိနေပါတယ်။ လမ်းတစ်ဘက်ခြမ်းက စစ်သားတွေကတော့ အသင့်အနေအထားနဲ့ ဆန္ဒပြသူတွေကို စောင့်ကြည့်နေပါတယ်။


နေ့လယ် ၁နာရီ

ဖမ်းဆီးထားသည် ဆန္ဒပြကျောင်းသားများပြန်လွှတ်ပေးရန် လူထောင်ချီစုဝေးတောင်းဆိုနေ

ဒီက​နေ့နံနက် ၁၀ နာရီအချိန်ခန့်က နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊အဆင့်မြင့်စျေးမီးပွိုင့်အနီးမှာ စစ်အာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ ကျောင်းသား ၄၀နီးပါးကို ရဲတပ်ဖွဲ့ကဖမ်းဆီသွားပြီး နေပြည်တော်အချုုပ်ထောင်ကို ပို့ထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ မွန်းလွဲ ၁ နာရီခန့်မှာဆိုရင် ပြည်သူတွေထောင်ချီစုရုံးရောက်ရှိနေပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုနေပါတယ်။


နေ့လယ် ၁၂နာရီ

အတိုင်ပင်ခံနှင့်သမ္မတတို့၏ချုပ်ရက်ရမန် ဖေဖော်ဝါရီ၁၇မှ ပြည့်မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့၏ ချုပ်ရက်ရမန်သည် ဖေဖော်ဝါရီ၁၇ရက် အထိဖြစ်ပြီး ၎င်းတို့အမှုအား နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်တရားရုံးတွင် Video Conferencing စနစ်ဖြင့်သာ ရုံးထုတ်မည်ဟု အမှုကိုလိုက်ပါဆောင်ရွက်မည့် ရှေ့နေဉီးခင်မောင်ဇော်ကပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် ရဲမှတ်တမ်းအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ၈ဖြင့်လည်းကောင်း၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ဖြင့်လည်းကောင်း ဇဗ္ဗူသီရိမြို့နယ်၊ မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ဖေဖော်ဝါရီ ၁ရက်မှ ၁၅ ရက်အထိ ချုပ်ရက်ရမန်ယူထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီ၁ရက်၊ နံနက်၆နာရီ ၃၀မိနစ်တွင် ဗိုလ်မှူးတစ်ဦး ဦးဆောင်သော တပ်မတော်အဖွဲ့တစ်ဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အနီးကပ်လုံခြုံရေးအဖွဲ့ထံက Icom စကားပြောစက်များ တွေ့ရှိခဲ့သဖြင့် အဆိုပါပစ္စည်းများကိုခွင့်ပြုချက်မရှိဘဲ တင်သွင်းသည်ဟုဆိုကာ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သမ္မတဦးဝင်းမြင့်ကမူ စက်တင်ဘာ၂၉ရက်၊ မဲဆွယ်ကာလတွင် သမ္မတအိမ်တော်အနီး ဖြတ်သန်းသွားသော လူဦးရေ ၇၀၀ကျော်ခန့်ပါဝင်သည့် အင်န်အယ်လ်ဒီပါတီဝင် မဲဆွယ်ယာဉ်တန်းကို ထွက်၍ ကြိုဆိုနှုတ်ဆက်ခဲ့သည်ဟု ရဲမှတ်တမ်းကဆိုသည်။ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ကိုဗစ်-၁၉စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိဘဲ ကြိုဆိုနှုတ်ဆက်ခြင်းကြောင့် သဘာဝဘေးအန္တရာယ်ဥပဒေဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းတွင်ဖော်ပြထားသည်။

အင်န်အယ်လ်ဒီနာယက ဦးဝင်းထိန်ကိုမူ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုထားပြီး ၎င်း၏ချုပ်ရက်ရမန်သည် ဖေဖော်ဝါရီ၁၉ရက်တွင် ရက်ပြည့်မည်ဖြစ်သည်။


ဖေဖော်ဝါရီ၁၅ရက်၊ နံနက် ၁၀နာရီ

ဗဟိုဘဏ်ရှေ့တွင် တင့်ကားတစ်စီးနှင့် စစ်သားများလုံခြုံရေးထူထပ်၊ ဆန္ဒပြပွဲဆက်ရှိနေ

ယနေ့၊ နံနက် ရန်ကုန်၊ ဗဟိုဘဏ်(ခွဲ)ရှေ့တွင် တင့်ကားအနည်းငယ်နှင့် စစ်ကားများဖြင့် လုံခြုံရေးထူထပ်စွာ ချထားသည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြသူများ စုဝေးလျက်ရှိပြီး အဆိုပါ လုံခြုံရေးယာဉ်တန်းနောက်တွင် တန်းစီ၍ ဆန္ဒဖော်ထုတ်နေကြသည်။

လက်ရှိအချိန်တွင် စစ်သားအယောက်၂၀စီပါဝင်သည့် ကားခြောက်စီး၊ ရေဖြန်းကားနှစ်စီး၊ တင့်ကားတစ်စီး၊ ရဲနှင့်အချုပ်ကားတစ်စီးစီ ဗဟိုဘဏ်ရှေ့တွင် ရပ်တန့်ထားသည်။ ယနေ့ ဗဟိုဘဏ်(ခွဲ)ရှေ့ ဆန္ဒပြပွဲသို့ အနုပညာရှင်များဖြစ်သော လွင်မိုး၊ ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ လူမင်းနှင့် ညီနန္ဒတို့လည်း ပါဝင်လာကြသည်။

“အဓိက လုံခြုံရေးတွေရှိနေတာက ဗဟိုဘဏ်ရှေ့ ဆန္ဒပြတဲ့သူတွေကို ခြိမ်းခြောက်ချင်တာလို့ ကျနော်မြင်တယ်။ တကယ်လည်း ဖြိုခွင်းတာတွေဘာတွေလုပ်နိုင်တယ်။ ညကလည်း မြစ်ကြီးနားဘက်မှာ အသားကုန်ဆော်ထားတော့လေ။ ကျနော်တို့ကတော့ ဆက်ပြနေမှာပဲ။ လုပ်စရာရှိတာ လုပ်ရမှာပဲ”ဟု ဗဟိုဘဏ်ရှေ့၊ ဆန္ဒပြသူတစ်ဦးဖြစ်သည့် ကိုကောင်းမြတ်သူက ပြောသည်။

“မျက်ရည်ယိုဗုံးသုံးလာရင် ကာဖို့မျက်မှန်တွေဘာတွေလည်း ပြင်ထားတယ်။ ဒီထက်ဆိုးလာရင်တော့ ပြေးပေါ့။ ပြီးရင်ပြန်ပြ‌ပေါ့။ ရတဲ့နည်းနဲ့ ရသလိုတော်လှန်မယ် ဆုံးဖြတ်ထားတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။


ညနေ ၆နာရီ

ယနေ့ညနေက မြို့တော်ခန်းမအနီးတွေ့ရှိရသော တင့်ကားတစ်စီး

ဖေဖော်ဝါရီ ၁၄ရက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများအပြီး ရန်ကုန်၊ မြို့တော်ခန်းမအနီး ဖြတ်သန်းသွားလာသော တင့်ကားတစ်စီးကို ယနေ့ညနေတွင် မြင်တွေ့ခဲ့ရသည်။

အဆိုပါတင့်ကား မည်သည့်အတွက်ကြောင့် မြို့တွင်းသို့ ဖြတ်သန်းသွားသည်ကို မသိရှိရပေ။ တင့်ကားတစ်စီး ဖြတ်သန်းသွားသဖြင့် လူအများက တအံ့တဩလိုက်လံကြည့်ရှုခဲ့ကြသည်။

ဖေဖော်ဝါရီ၁ရက်က တပ်မတော်က အာဏာသိမ်းသည်မှာ ယနေ့ဆိုလျှင် ၁၄ရက်မြောက်ရှိပြီဖြစ်သည်။


ညနေ ၅နာရီ

မမြသွဲ့သွဲ့ခိုင်အတွက် အောက်မေ့ဖွယ်ဆုတောင်းပွဲ ရန်ကုန်တွင်ပြုလုပ်

နေပြည်တော်တွင်၊ ရဲတပ်ဖွဲ့ဝင်များက စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲအတွင်း ပစ်ခတ်ခဲ့သဖြင့် ဦးနှောက်သေဆုံး၍ ဆေးပညာအရသေဆုံးပြီဟု ဆရာဝန်များကသတ်မှတ်လိုက်ပြီဖြစ်သော မမြသွဲ့သွဲ့ခိုင်အတွက် ဝမ်းနည်းအောက်မေ့သတိရဖွယ် ဆုတောင်းပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမအနီး ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူများက ဝမ်းနည်းသည့်အထိမ်းအမှတ်အဖြစ် ဖယောင်းတိုင်ထွန်း၍ မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပေးကြကာ တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။ မိသားစုက အောက်စီဂျင်ပိုက် ဖြုတ်ရန် သဘောတူလိုက်ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ အသက်ရှုစက်တပ်ထားဆဲဖြစ်သည်။ မည်သည့်အချိန်တွင် အောက်စီဂျင်ပိုက်ဖြုတ်မည်ကို မသိရှိရသေးပေ။


ညနေ ၄နာရီ၊ ၃၀မိနစ်

ရုရှားသံရုံးအနီးတွင်လည်း စစ်အာဏာသိမ်းမှုဆန္ဒပြခဲ့ကြ

စစ်အာဏာသိမ်းမှုဆန္ဒပြသူများက ရုရှားသံရုံးအနီးတွင်လည်း သွားရောက်၍ ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြစဉ်အတွင်း အင်္ဂလိပ်ဘာသာဖြင့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး စသည့် စာသားများကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။


ညနေ ၄နာရီ

တရုတ်သံအမတ်နေအိမ်နှင့် သံရုံးအနီး ယနေ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြမှု

ယနေ့၊ ဖေဖော်ဝါရီ၁၄ရက်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများသည် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ နေအိမ်ရှေ့တွင် တရုတ်ဘာသာဖြင့် သွားရောက်ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ရှေ့တွင်လည်း သွားရောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


နေ့လယ် ၃နာရီ

CDMတွင်ပါဝင်သော ဆရာဝန်များ အခမဲ့စိတ်ကျန်းမာရေးဆေးခန်းနှစ်ခု ဖွင့်လှစ်ထား

မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ စိတ်ကျန်းမာပညာအဖွဲ့တွင်ပါဝင်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အနေဖြင့် ယဉ်ကျေးစွာအာခံခြင်းလှုပ်ရှားမှု (CDM)တွင် ပါဝင်လာသော စိတ်ရောဂါအထူးကု ဆရာဝန်များက ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ စိတ်ကျန်းမာရေးဆေးခန်းနှစ်ခုဖွင့်လှစ်ကာ အခမဲ့ ကုသပေးလျက်ရှိသည်။

“CDM အတွက် ကျွန်တော်တို့လုပ်နေသလို လူနာတွေအတွက်လည်း သီးခြားစီစဉ်ပြီး ကုသပေးနေပါတယ်”ဟု စိတ်ကျန်းမာပညာအဖွဲ့ဥက္ကဋ္ဌပါမောက္ခဒေါက်တာတင်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“အာဏာရှင်ကို ဆန့်ကျင်တာဖြစ်ပါတယ်။ လူနာတွေကို မဟုတ်ပါဘူး။ လူနာတွေ အခက်အခဲမရှိအောင် အခမဲ့ဆေးခန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

အခမဲ့စိတ်ကျန်းမာရေး  ဆေးခန်းများကို ဒဂုံမြို့သစ်၊ အရှေ့ပိုင်းမြို့နယ်ရှိ ရတနာပုံစိတ်ကျန်းမာရေးဆေးရုံ ဝန်းအတွင်းနှင့် လမ်းမတော်မြို့နယ်ရှိ၊ ကောင်းမြတ်အထူးကုဆေးခန်းတို့တွင် ယခုလ ၈ရက်နှင့် ၉ရက်တို့မှစ၍ အသီးသီးစတင်ကုသမှုပေးခဲ့သည်။

အခမဲ့ဆေးခန်းနှစ်ခုကို စိတ်ကျန်းမာပညာအဖွဲ့ဝင် စိတ်ရောဂါအထူးကုဆရာဝန် ၄၀ဦးက တာဝန်ယူ၍ လူနာများကို ကုသပေးလျက်ရှိသည်။

“အဓိကက ပြင်ပလူနာတွေကို အခမဲ့ကြည့်ပေးပါတယ်။ လာပြတဲ့လူနာရဲ့ အခြေအနေက တော်တော်လေးဆိုးတယ်ဆိုရင် စိတ်ကျန်းမာရေးဆေးရုံက ဆရာဝန်တွေနဲ့ချိတ်ဆက်ပြီး ဆေးရုံတက်နိုင်အောင် တတ်နိုင်သမျှ စီစဉ်ပေးပါတယ်”ဟု စိတ်ရောဂါအထူးကု ဆရာဝန်ဒေါက်တာ ကြည်လင်းထွန်းက ပြောသည်။

“တကယ်ဆေးရုံတက်ပြီးကုရမယ့် အရေးပေါ်လူနာတွေကိုဆိုရင်တော့ အစိုးရဆေးရုံတွေက လက်ခံပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ရတနာပုံစိတ်ကျန်းမာရေးဆေးရုံဝန်းအတွင်းရှိ အခမဲ့ဆေးခန်းသို့ နေ့စဉ်ပျှမ်းမျှ လူနာ ၁၅ ဦးခန့် လာရောက်ပြသလျက်ရှိသည်။ လူနာအများစုမှာ စိတ်အတက်အကျရောဂါ၊ စိတ်ဖိစီးမှုနှင့် အရက်နှင့် ဆက်နွယ်သည့် စိတ်အခြေအနေများဖြစ်ကြောင်း သိရသည်။

“အခုလို အခမဲ့ဆေးခန်းတွေ စီစဉ်ပေးထားလို့ လူနာတွေအတွက် အဆင်ပြေပါတယ်။ အခက်အခဲမရှိပါဘူး။ CDM မှာ ဆရာဝန်တွေပါဝင်တာ လူနာတွေအပေါ် အကျိုးသက်ရောက်မှုမရှိပါဘူး”ဟု ဒဂုံအရှေ့မြို့နယ်တွင် နေထိုင်သည့် ဒေါ်ယုယုနွယ်က ပြောသည်။ အသက် ၇၈နှစ်ရှိပြီဖြစ်သည့် ၎င်း၏ မိခင်ဖြစ်သူသည် အဆိုပါဆေးခန်းသို့ သွားရောက်ပြသခဲ့သူဖြစ်သည်။

အခမဲ့စိတ်ကျန်းမာရေးဆေးခန်းနှစ်ခုကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ၊ နံနက်၉နာရီမှ မွန်းတည့် ၁၂ နာရီအထိ ပုံမှန်ဖွင့်လှစ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း စိတ်ကျန်းမာပညာအဖွဲ့ဝင် စိတ်ရောဂါအထူးကုဆရာဝန် စုစုပေါင်း ၁၂၀ခန့်မှာ  စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ယဉ်ကျေးစွာအာခံခြင်းလှုပ်ရှားမှု (CDM) တွင် ပါဝင်လျက်ရှိသည်။


နေ့လယ် ၂နာရီ

က,ရင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ လူငယ်တွေ

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းစီးတီးမတ်အရှေ့မှာ လူငယ်အကအဖွဲ့တွေက စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ အာဏာရှင်ဆန့်ကျင်ရေးသီချင်းဆိုပြီး အဖွဲ့လိုက်ကပြခဲ့ပါတယ်။

အာဏာရှင်စနစ်ကျရှုံးရေး၊ ပြည်သူ့အာဏာပြည်သူ့ပြန်ပေးရေး စတဲ့စာသား‌တွေနဲ့ rapping ကို free style လက်တန်းရွတ်ဆိုခဲ့ပါတယ်။


နံနက် ၁၁နာရီ

မမြသွဲ့သွဲ့ခိုင်၏ မျက်ကြည်လွှာလှူဒါန်းရန် မိသားစုက ဆုံးဖြတ်

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသူ မမြသွဲ့သွဲ့ခိုင်၏ မျက်ကြည်လွှာကို လှူဒါန်းရန် ဆရာဝန်များနှင့်တိုင်ပင်နေကြောင်း အစ်မဖြစ်သူ မမြသတိုးနွယ်က ယနေ့၊​ နံနက်ပိုင်းတွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။

“(အသက်ရှူစက်ဖြုတ်ဖို့) အတွက်တော့ ဆရာဝန်တွေက ဘာမှမပြောသေးပါဘူး။ မျက်ကြည်လွှာလှူဖို့အထိတော့ ကျွန်မတို့ တိုင်ပင်ထားပါတယ်။ ဆရာဝန်တွေလက်ခံမယ်ဆိုရင် လှူမှာပါ”ဟု မမြသတိုးနွယ်က (ငိုလျက်) ပြောသည်။

မမြသွဲ့သွဲ့ခိုင်၏ မိသားစုဝင်များက အသက်ရှူစက်ဖြုတ်ရန်ခွင့်ပြုထားသော်လည်း လက်ရှိအချိန်အထိအသက်ရှူစက်တပ်ထားဆဲ ဖြစ်သည်ဟု နေပြည်တော်၊ကုတင် ၁,၀၀၀ ဆေးရုံမှ ဆရာဝန်တစ်ဦးကအတည်ပြုသည်။

“သူ့ကို အသက်ရှူစက်မဖြုတ်သေးဘူးခင်ဗျ။ ကျွန်တော်တို့ကြားတာကတော့ နှုတ်မိန့်နဲ့ အသက်ရှူစက် မဖြုတ်သေးဖို့ ပြောထားတယ်လို့ သိရတယ်ခင်ဗျ။ နှုတ်မိန့်ဆိုတာ အထက်ကအမိန့်ကိုပြောတာပါ။ မိသားစုဘက်ကတော့ ဖြုတ်ဖို့ သဘောတူတယ်။ မျက်ကြည်လွှာလှူဖို့အထိပါ သူတို့ကဆန္ဒရှိတာလေ”ဟု အဆိုပါ ဆရာဝန်က ပြောသည်။

အသက်၁၉နှစ်ရှိပြီဖြစ်သည့် မမြသွဲ့သွဲ့ခိုင်သည် ဖေဖော်ဝါရီ၉ရက်က သပြေကုန်းအဝိုင်းတွင် စစ်အာဏာကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများနှင့်အတူ ဆန္ဒပြရာတွင် ပါဝင်ခဲ့ရာ သေနတ်ဖြင့် ဦးခေါင်းပိုင်းကို ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းကို ဆေးပညာအရ သေဆုံးလူနာအဖြစ် ဆရာဝန်များက သတ်မှတ်လိုက်ပြီဖြစ်ပြီး အသက်ရှူစက်၊ အောက်စီဂျင်ပိုက်ဖြုတ်သိမ်းပါက နှလုံးခုန်မှုရပ်တန့်၍ သေဆုံးသွားမည်ဖြစ်သည်။ အတွင်းလူနာအနေဖြင့် ဆေးရုံသို့တက်ရောက်ကုသနေရသည့်ရက်မှာလည်း ယခုဆိုလျှင် ခြောက်ရက်မြောက် ရှိနေပြီဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုအပ်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။


ဖေဖော်ဝါရီ ၁၄ရက်၊ မနက် ၁၀နာရီ

မလွှကုန်းမီးရထား စက်ရုံဝင်းအတွင်းရဲတပ်ဖွဲ့ဝင်ရောက်မှုကြောင့် လူတွေအထိတ်တလန့်ဖြစ်

မလွှကုန်း မီးရထားစက်ရုံဝင်းထဲမှာရှိတဲ့ မီးရထားရုံး ဝန်ထမ်းတွေနေတဲ့ ဝန်ထမ်းအိမ်ယာဝင်းတပ်ဖွဲ့တွေနဲ့ထွေအုပ်တွေရောက်လာတာကြောင့် ဝန်ထမ်းမိသားစု‌တွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။အိမ်ယာဝင်းထဲမှာနေထိုင်တဲ့ မီးရထားဝန်ထမ်းတွေအားလုံးက CDM မှာပါဝင်နေသူတွေဖြစ်တာကြောင့် ရဲတပ်ဖွဲ့တွေလာရောက်တာဟာ ဝန်ထမ်းတွေကိုဖိအားပေးဖို့လာတာလို့ ဝန်ထမ်းတွေက ယူဆနေကြပါတယ်။

“အခုတစ်ခေါက်လာတာ ဒုတိယမြောက်ပဲ။‌မနေ့ကလည်းတစ်ခါလာတယ်။ ရပ်ကွက်ဥက္ကဌကိုခေါ်သွားတယ်။ ကျနော်တို့ အကုန်ဝိုင်းမှပြန်လွှတ်ပေးတာ။ ဒီမနက်ရဲကားငါးစီးနဲ့လာတာ လူများတယ်”လို့ မလွှကုန်းတွဲပြင်စက်ရုံအလုပ်သမား ကိုဝဏ္ဏကပြောပါတယ်။
ဒီမနက်လာရောက်ရာမှာ ရဲတွေက စက်ရုံဝင်းထဲက ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ဖိအားပေးတယ်လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ ဝန်ထမ်းနဲ့ မိသားစုတွေလူစုဖွဲ့ ဝန်းရံနေတာကြောင့် ရဲတပ်ဖွဲ့တွေက သတိပေးရုံပေးပြီး ပြန်ထွက်သွားပါတယ်။ မီးရထားဝန်ထမ်းတွေက ရဲတွေနောက်တစ်‌ခါထပ်လာမှာ အကြမ်းဖက်မှာ စိုးရိမ်နေကြဆဲပါပဲ။


ည ၁၀နာရီ

စိုးရိမ်စိတ်များနဲ့ ကိုယ်ထူကိုယ်ထလုံခြုံရေးယူရတဲ့ ပြည်သူတွေ

လွန်ခဲ့တဲ့ နှစ်ရက်လောက်က စတင်ပြီး အာဏာပိုင်တွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူနဲ့ ယဉ်ကျေးစွာအာခံခြင်း (CDM)လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာဝန်တွေကို ညအချိန်မတော် လိုက်လံဖမ်းဆီးတဲ့သတင်းတွေကြောင့် ရပ်ကွက်နေ လူထုအကြား ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။

ဒါ့ပြင် မနေ့က တစ်ချို့နေရာတွေမှာ ရပ်ကွက်အတွင်း လူစိမ်းတစ်ချို့ ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ပျံ့နှံ့ခဲ့တာကြောင့် နေရာအတော်များများမှာ ရပ်ကွက်နေပြည်သူတွေ လမ်းပေါ်ထွက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရပါတယ်။

စမ်းချောင်းနဲ့ တစ်ချို့ဒေသတွေမှာဆိုရင် လူစိမ်းတစ်ချို့ကို ဖမ်းဆီးရရှိခဲ့ပြီး တစ်ချို့ကို ဒေသခံလူထုက ရဲလက်အပ်လိုက်ပါတယ်။ ဖေဖော်ဝါရီ၁ရက်၊ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း အများပြည်သူအကြား လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေ မြင့်တက်လာတာဖြစ်ပါတယ်။

ဒီနောက်ပိုင်း ဒီနေ့၊ ဖေဖော်ဝါရီ၁၃ရက်မှာတော့ နေရာတစ်ချို့မှာ ရပ်ကွက်နေလူထုက ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံခြုံရေးရယူဖို့ စတင်စီစဉ်လာကြပါတော့တယ်။

စမ်းချောင်းမြို့နယ်၊ သံတံတားရပ်ကွက်မှာတော့ လမ်းအလိုက် ရပ်ကွက်နေလူထုက ညဘက်လုံခြုံရေး တာဝန်ယူဖို့ စီစဉ်ထားပြီး ညဘက်ပြင်ပသူစိမ်းတွင် အဝင်မခံဘူးလို့ ဓမ္မိကဝတီလမ်းနေ လူငယ်တစ်ဦးက ဆိုပါတယ်။

“လမ်းထိပ်မှာ ၀ါးလုံးတန်းနဲ့ ည၈နာရီနောက်ပိုင်းတားထားမှာဖြစ်ပြီး နောက်ဖေးလမ်းကြားမှာလည်း မီးတွေထွန်းဖို့ စီစဥ်ထားပါတယ်”လို့ သူက ပြောပါတယ်။

ဒါ့ပြင် အင်းစိန်မြို့နယ်က ရပ်ကွက်တွေမှာလည်း အလားတူ ကိုယ်ထူကိုယ်ထ လုံခြုံရေးကင်းလှည့်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“နေအိမ်တစ်အိမ်ကို ၀ီစီတစ်လုံးစီပေးထားပြီး ည၁၀နာရီကျော်လို့ တခုခုဖြစ်ပြီဆိုရင် မှုတ်ဖို့ပေါ့။ ပြီးရင် ည၁၂နာရီနောက်ပိုင်းကျရင် ၂နာရီခြားတခါ ရပ်ကွက်အတွင်းလှည့်ကင်းလှည့်ကြမယ်။ ကိုယ့်လုံခြုံရေးကိုယ် လုပ်ရတဲ့သဘောပေါ့”လို့ အင်းစိန်၊ ပေါက်တောရပ်ကွက်က လူတစ်ဦးက ပြောပါတယ်။

မရမ်းကုန်း၊ မြောက်ဥက္ကလာပနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေမှာလည်း ကိုယ်ထူကိုယ်ထ လုံခြုံရေးအစီအမံတွေ တာဝန်ယူရတယ်လို့ သိရပါတယ်။


နေ့လယ် ၁၂နာရီ

မြစ်ကြီးနားမှာ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားတွေ အာဏာသိမ်းမှုဆန္ဒပြ

မြစ်ကြီးနာမြို့မှာ မြန်မာနိုင်ငံဖွားတရုတ်လူငယ်တွေ တပ်မတော်အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားမှာ ဖေဖော်ဝါရီ၁၃ရက် မနက်ပိုင်းက မြန်မာနိုင်ငံဖွား တရုတ်လူငယ်တွေက ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ၊ တရုတ် ၊ အင်္ဂလိပ် သုံးဘာသာနဲ့ရေးသားထားတဲ့ “ပြည်သူရဲ့မဲကို လေးစားပါ၊ မြန်မာနိုင်ငံဖွား တရုတ်လူမျိုးများ စစ်အာဏာရှင် စနစ်အလိုမရှိ၊ Stop Helping The Military Coup” စတဲ့ ပိုစတာဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။

“အဓိက,ကတော့ မြန်မာနိုင်ငံကို ကြည့်ပေးဖို့အတွက် တောင်းဆိုချင်တာပေါ့၊ မြန်မာနိုင်ငံက ဝန်ထမ်းတွေCDM မှာ ပါဝင်ပေးကြပါ”လို့လည်း ဆန္ဒပြရာမှာပါဝင်သူအမျိုးသမီးတစ်ဦးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

သတင်းနှင့် ဓာတ်ပုံများ – သရ

ဖေဖော်ဝါရီ ၁၃ရက်၊ နံနက် ၁၀နာရီ

မသင်္ကာလို့စစ်ဆေးခဲ့ရာမှာ လူမှုကူညီရေးအသင်းကားက ထောင်ကပြန်လွတ်လာသူတွေကို လိုက်ပို့တာဖြစ်နေ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် ၈၁ လမ်း၊ ၁၂ လမ်းနဲ့ ၁၃လမ်းကြားအတွင်း ဖေဖော်ဝါရီ၁၂ရက်ညပိုင်းအချိန် မသင်္ကာဖွယ်ရာ လူမှုကူညီရေးအသင်းကားတစ်စီးကို ရပ်ကွက်နေပြည်သူက တားဆီးစစ်ဆေးခဲ့ပါတယ်။

ဒီလိုစစ်ဆေးရာမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကုန်ထုတ်စခန်းကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထွက်လာသူနှစ်ဦးနဲ့ အတူ ချမ်းအေးသာစံမြို့နယ်က ကဉ္စဏမဟီလူမှုကူညီရေးအသင်းကားမောင်းသူနဲ့ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးတို့ကို တွေ့ရှိခဲ့ရပြီး ရပ်ကွက်နေလူထုက ဓမ္မာရုံမှာ ထိန်းသိမ်းခဲ့ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထွက်လာသူနှစ်ဦးက မန္တလေး၊ အိုးဘို၊ အောင်ချမ်းသာရပ်ကွက်ကို ပြန်ကြတာဖြစ်တယ် လို့ ဆိုကြပါတယ်။

“ကိုးယောက်အဖွဲ့ ပေါင်မြို့ကနေ ကားငှားလာခဲ့ကြတာ။ တခြားသူတွေကတော့ အမြန်လမ်းမှာပဲ လာကြို သွားကြတယ်။ အမြန်လမ်းက ရဲတွေကတော့ မြို့ထဲမှာတော့ ညမထွက်ရအမိန့် ထုတ်ထားတယ်ပြောပြီး သွားခွင့်ပေးလိုက်တာပါ။ အမြန်လမ်းထိပ်ကနေ လမ်းလျှောက်လာခဲ့ကြတာ ဘူတာကြီးနားရောက်တော့ မလျှောက်နိုင်တော့လို့ လူမှုကူညီရေးအသင်းကို ဝင်အကူအညီတောင်းပြီး လိုက်ပို့ခိုင်းတာပါ။ ကျွန်တော်တို့မှာ ထောင်ထွက်လက်မှတ်နဲ့ အဝတ်အစားပဲပါတယ်။ အခြားပစ္စည်းဘာမှ မပါဘူး”လို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ ကိုကောင်းကောင်းက ပြောပါတယ်။

မသင်္ကာလို့ လူမှုကူညီရေးအသင်းကားကို ပိတ်ဆို့တားဆီးစစ်ဆေးရာမှာ လက်နက်ပစ္စည်း၊ ဓာတ်ဆီ၊ ပေါက်ကွဲစေတက်တဲ့ ပစ္စည်းတွေမတွေ့ရဘူးလို့ဆိုကြပြီး ကားနံပါတ်အပိုတွေကိုသာ တွေ့ရှိခဲ့ရတယ်လို့ ဆိုကြပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တဲ့ သူတို့ နှစ်ယောက်က မီးသတ်ကို ရောက်လာပြီး အကူအညီတောင်းတယ်။ အိမ်ကို ပို့ပေးဖို့ပေ့ါ။ မီးသတ်မှာလဲ အိပ်လို့မရတော့ အသင်းကားနဲ့ လိုက်ပို့ပေးမယ်လို့ပြောပြီး  ကူညီ လိုက်ပို့ပေးခဲ့တာပါ။ အခုပြဿနာဖြစ်တဲ့နေရာရောက်တော့ ကားကိုတားတာနဲ့ ရပ်ပေးတယ်။ အိုးဘို၊ အောင်ချမ်းသာ ရပ်ကွက်ကို လွတ်ငြိမ်းနဲ့လွတ်လာတဲ့သူ နှစ်ယောက်ကို ပို့ပေးမလို့ပါလို့ ပြောတော့  ပြည်သူတွေက ဝိုင်းလာကြတော့တာပါ။ သွားလို့မရတော့ဘူးလို့ပြောပြီး ကျွန်တော်တို့ကို ဓမ္မာရုံထဲမှာ နေခိုင်းထားကြတာပါ။ မီးသတ်မှာလဲ တပ်ကြပ်ကြီးတာဝန်ထမ်း ဆောင်နေပါတယ်”လို့ ကဉ္စဏမဟီ လူမှုကူညီရေးအသင်း ယာယီအတွင်းရေးမှူးဆိုသူ ကားမောင်းပို့ပေးတဲ့ ကိုရန်မျိုးအောင်က ပြောပါတယ်။

ဖေဖော်ဝါရီ၁၃ရက်၊ မနက်၁၀နာရီလောက်မှာ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇင်မြင့် ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။

“အဓိကကတော့ အမြန်းလမ်းမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း လွှတ်မပေးရဘူး။ ကူညီတဲ့ လူမှုကူညီရေးအသင်းကလည်း ညမထွက်ရမိန့်ထုတ်ထားတာသိရဲ့နဲ့ လိုက်ပို့ပေးတာလည်း မဖြစ်သင့်ဘူး။ စစ်ဆေးကြည့်လို့ တခြားကြံစည်မှုတွေ မတွေ့ရဘူးဆိုရင် ညမထွက်ရမိန့် ဖောက်ဖျက်တာနဲ့တော့ အရေးယူရမယ်”လို့ ရဲမှူးကျော်ဇင်မြင့်က ပြောပါတယ်။

မသင်္ကာလို့ ထိန်းသိမ်းထားတဲ့ ပြည်လုံးအေးဓမ္မာရုံရှေ့မှာတော့ ရပ်ကွက်နေပြည်သူလူထုနဲ့ စောင့်ကြည့် နေကြတဲ့ပြည်သူတွေကလည်း ရဲတပ်ဖွဲ့ထံ အပ်နှံခြင်းကို ခွင့်မပြုကြောင်း တောင်းဆိုနေကြပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့သူတွေကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မှာနေထိုင်သူ ကိုကောင်းကောင်းနဲ့ မန္တလေး၊ အိုးဘိုမြို့၊ အောင်ချမ်းသာရပ်ကွက်မှာနေထိုင်သူ ကိုတင်လင်းထက်တို့ပဲ ဖြစ်ပါတယ်။ ကိုကောင်းကောင်းဟာ ထောင်ခုနှစ်နှစ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်သလို ကိုတင်လင်းထက်ကလည်း ထောင်၁၁နှစ်သုံးလကျခံပြီးမှ ပြန်လည်လွတ်မြောက်လာသူတွေဖြစ်ပါတယ်။

သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ရဲကလာရောက်ခေါ်ဆောင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ပြည်သူလူထုက လက်မခံတဲ့အတွက် တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေလည်း ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။


ညနေ ၅နာရီခွဲ

နေပြည်တော်တွင် ပစ်ခတ်ခံရသူအမျိုးသမီးငယ် ဆေးပညာအရ သေဆုံးပြီဟု ဆရာဝန်များ သတ်မှတ်

နေပြည်တော်ဆန္ဒပြပွဲအတွင်း ပစ်ခတ်ခံရသူ မမြသွဲ့သွဲ့ခိုင်ကို ဆေးပညာအရ သေဆုံးလူနာအဖြစ် သတ်မှတ်လိုက်ပြီဟု နေပြည်တော် ကုတင် ၁,၀၀၀ ဆေးရုံက တာဝန်ကျ ဆရာဝန်များက အတည်ပြုသည်။

“ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီးက ဦးနှောက်သေသွားပြီလို့ သတ်မှတ်လိုက်ပါပြီ။ ဆေးပညာအရတော့ ဦးနှောက်သေသွားပြီဆိုတာ သေလူနဲ့အဓိပ္ပာယ်အတူတူပဲပေါ့နော်။ အသက်ရှူစက်တပ်ထားတဲ့ အခါကျတော့ အသက်ရှူနေသေးတယ် နှလုံးခုန်နေသေးတယ်။ အဲဒီလို အခြေအနေကို ကျွန်တော်က မိသားစုကို အနေအထားလေး ရှင်းပြတယ်။ မိသားစုကတော့ အခုချိန်မှာ မရပ်ချင်သေးဘူးပေါ့နော်။ ခဏလေး ထားချင်သေးတယ်လို့ ပြောပါတယ်”ဟု ကုတင် ၁,၀၀၀ ဆေးရုံးမှ ဆရာဝန်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ မိသားစုက အသက်ရှူစက် မဖြုတ်လိုသေးသဖြင့် မမြသွဲ့သွဲ့ခိုင်မှာ ညနေ၅နာရီခွဲအချိန်ထိ နှလုံးခုန်နေဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။

ဖေဖော်ဝါရီ၉ရက်က သပြေကုန်းအဝိုင်းတွင် စစ်အာသိမ်းမှုကို ကန့်ကွက်သည့်ပြည်သူများက ဆန္ဒပြကြရာ အခြေအနေပိုမိုတင်းမာလာပြီး ရဲတပ်ဖွဲ့က လူအုပ်အတွင်းသို့ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ပြင်းအားမြင့် ရေပိုက်များဖြင့် ရေပက်က လူစုခွဲခဲ့သည်။

“ကျွန်မတို့ မှာ ဒီညီမလေးတစ်ယောက်ပဲ ရှိတာ။ ကျွန်မတို့ မခံစားနိုင်ဘူးပေါ့ရှင်။ ပြောလို့ မတတ်အောင်ပါပဲ”ဟု ဒဏ်ရာရအမျိုးသမီး၏ အစ်မဖြစ်သူ မမြသတိုးနွယ်က ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြောသည်။

ညီမဖြစ်သူ ယခုလိုဖြစ်ရကျိုးနပ်အောင် ပြည်သူအားလုံးက စစ်အာဏာရှင်စနစ်ကို ဆက်လက်၍ တော်လှန်ကြရန် မမြသတိုးနွယ်က တိုက်တွန်းထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမူ လုံခြုံရေးတပ်ဖွဲ့များသည် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များကိုသာ အသုံးပြုဆောင်ရွက်ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။


ညနေ ၄နာရီ

သာကေတတွင် ဆိုက်ကားယာဉ်မောင်း ၅၀၀ခန့် ဆန္ဒပြ

ဖေဖော်ဝါရီလ၁၂ရက် (ယနေ့)၊ မွန်းလွဲ၁နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်က အနှေးယာဉ်မောင်း၅၀၀ခန့် စစ်အာဏာသိမ်းမှုကို ဆန်ကျင်သည့်အနေဖြင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုသို့ ချီတက်လှည့်လည်သွားလာရာတွင် ဆိုက်ကားယာဉ်မောင်းနှင့် ဝန်းရံသူပြည်သူများသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအလံများနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် စာသားများပါသော ပိုစတာများ ကိုင်ဆောင်ခဲ့ကြသည်။

“ဒီနေ့က သာကေတမြို့နယ်ထဲက ဆိုက်ကားယာဉ်မောင်းတွေ စစ်အစိုးရကို ဆန့်ကျင်တဲ့အနေနဲ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်တဲ့ ပထမဆုံးနေ့ပါ။ စစ်အာဏာရှင် အုပ်ချုပ်မှုကို မကြိုက်လို့ အခုလိုပူးပေါင်းဖြစ်ခဲ့တာပါ”ဟု အသက် ၆၀နှစ်ရှိပြီဖြစ်သည့် ဆိုက်ကားဆရာ ဦးမောင်နိုင်ကပြောသည်။ ဆန္ဒထုတ်ဖော်သည့် ဆိုက်ကားယာဉ်မောင်းများသည် သာကေတမြို့နယ်၊ အမှတ်(၅) ရပ်ကွက်မှ စတင်ထွက်ခွာခဲ့ပြီး မြို့တွင်းမြို့နယ်များသို့ စီတည်းလှည့်လည်ဆန္ဒပြကြမည်ဟု သိရသည်။


ညနေ ၃နာရီ၊ ၃၀မိနစ်

ကျွမ်းကျင်ရာအတတ်ပညာနဲ့ ဆန္ဒထုတ်ဖော်နေကြတဲ့ မန္တလေးပြည်သူများ

မန္တလေးမြို့မှာ လူစုလူဝေဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကိုအသုံးပြုဖြစ်စေ ၊ လူကိုယ်တိုင် စီတန်းလှည့်လည် လှုံ့ဆောင်ဆန္ဒပြခြင်း ဖျက်ဆီးခြင်း၊ရုန်းရင်းဆန်ခတ်ပြုမူခြင်းတွေကို မပြုလုပ်ဖို့တားမြစ်ထားပါတယ်။

ထို့ပြင် လူငါးဦး သို့မဟုတ် ငါးဦးအထက်ပိုသောသူများ လမ်းသွယ်၊ လမ်းကြား၊ဥယျာဉ် သို့မဟုတ် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်ထားပေမယ့် မန္တလေးမြို့တွင်းမှာတော့ စစ်အာဏာရှင်ကို ဆန္ဒပြတောင်းဆိုနေတာတွေ အရှိန်မြင့်နေပါတယ်။

ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြတောင်းဆိုနေကြတဲ့နေရာဖြစ်တဲ့ ၃၈ လမ်းတစ်လျှောက်မှာ မျက်ရည်ယိုဗုံး၊ ရေအမြှောက်နဲ့ လူစုခွဲဖြိုခွင်းတာတွေကိ ဖေဖေါ်ဝါရီ ၉ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းလူထုက ၃၈ လမ်းတစ်လျှောက် ဆန္ဒပြခြင်းမပြုတော့ပဲ အခြားနေရာတွေမှာသာ ဆန္ဒပြတောင်းဆိုလာတာတွေ့ရပါတယ်။

၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်မှာတော့ ပရဟိတ လူမှုကူညီရေးအသင်းတွေက အသင့်စောင့်ပြီး ဆန္ဒပြသူတွေကို ဖြိုခွဲပါကပြုစုကုသပေးဖို့အသင့် ရှိနေပါတယ်။ မင်္ဂလာမန္တလေး လမ်းတစ်လျှောက်၊ မဟာအောင်မြေမြို့နယ် ၆၂ လမ်း ၊ ၃၅ လမ်းကနေ သိပ္ပံလမ်းအတွင်းမှာ ကြိတ်ကြိတ်တိုး ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေကြပါတယ်။

မန္တလေးမြို့တွင်းမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေကို မတွေ့ရှိရတော့ဘဲ အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်နဲ့ နီးကပ်နေတဲ့ ၃၈ လမ်းတစ်လျှောက်၊ တရုတ်သံရုံး၊ ကျုံးပတ်ပတ် လည် နဲ့ မဟာမုနိဘုရားကြီး ပတ်ဝန်းကျင်တစ်ဝိုက်မှာသာ လုံခြုံရေး ယူထားတာတွေ့ရပါတယ်။ ဒီနေ့ မန္တလေးမြို့ ဆန္ဒပြသူတွေဟာ အရင်နေ့တွေကလိုမဟုတ်ပဲ မိမိတက်ကျွမ်းတဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ အနုပညာသရုပ်ဖော်ဆန္ဒပြလာကြတာကိုတွေ့ရပါတယ်။

သတင်းနှင့်ဓာတ်ပုံများ- စည်သူလွင်

နေ့လယ် ၁နာရီ၊ ၁၂မိနစ်

ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ ပြန်လွတ်လာ

ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာသူတွေမှာ ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့လည်း ပါဝင်လာပါတယ်။

ဒီမနက်မှာ အင်းစိန်ထောင်ရှေ့၊ ပြန်လည်လွတ်မြောက်လာမယ့်သူတွေကို မိသားစုဝင်တွေက လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။ အများစုက ထောင်ရှေ့ပေါက်ဝကနေ ပြန်လာကြပေမဲ့ ဒေါက်တာအေးမောင်တို့နှစ်ယောက်ကိုတော့ ထောင်နောက်ပေါက်ဝကနေ ပြန်လွှတ်ပေးလိုက်တာလို့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

​ဒေါက်တာအေးမောင်ကို လာရောက်ဝန်းရံသူတစ်ချို့ကတော့ “ဒေါက်တာအေးမောင် ကျန်းမာပါစေ” ၊ “ဒေါက်တာကို လွှတ်ပေးတဲ့ ကာချုပ်ကြီး ကျန်းမာပါစေ”လို့ ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ၂၀၁၉၊ မတ်လမှာ ထောင်ဒဏ်အနှစ်၂၀ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့၊​ ပြန်လည်လွတ်မြောက်လာသူတွေမှာ အင်န်အယ်လ်ဒီရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူသတ်သမား ဦးကြည်လင်းကို ထောက်ခံလို့ တရားစွဲဆိုခံခဲ့ရတဲ့ လူပုဂ္ဂိုလ်လေးဦးလည်း ပြန်လည်လွတ်မြောက်လာပါတယ်။

သူတို့ဟာ လူသတ်သမား ဦးကြည်လင်းရဲ့ ရုံးချိန်းတစ်ခုအတွင်းမှာ “ထမင်းဝအောင်စားထား”လို့ ရေးသားထားတဲ့ တီရှပ်တွေဝတ်ဆင်ခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံခဲ့ရတာဖြစ်ပြီး ၂၀၂၀၊ ဒီဇင်ဘာ၁၅ရက်မှာ အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်စီ ကျခံခဲ့သူတွေဖြစ်ပါတယ်။

“တပ်မတော်က ဥပဒေနဲ့အညီ ဆောက်ရွက်စရာရှိတာ ဆောင်ရွက်တာ။ ပြည်သူတွေမလိုအပ်ဘဲ ဆန္ဒမပြပါနဲ့။ တိုင်းပြည်ကို ဒုက္ခမပေးကြပါနဲ့”လို့ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ကျခဲ့တဲ့ သူတို့လေးဦးထဲက တစ်ဦးက ပြောပါတယ်။

သူတို့လေးဦးကိုတော့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက လာရောက်ကြိုဆိုပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။

“မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ ငါးနှစ်ကျထားတာ။ ရှစ်လပဲရှိသေးတယ်။ မနေ့ညက လွတ်မယ်လို့ လာပြောတယ်။ မထွက်ခင်တော့ အပြင်မှာ ဆန္ဒပြနေတာတွေရှိတယ်။ ဝင်မပါဘဲ အိမ်ကိုပဲပြန်ဖို့ မှာလိုက်တယ်။ လွှတ်တာတော့ အများစုက ကျွန်တော်တို့လို မူးယစ်ဆေးနဲ့ကျတဲ့ လူတွေများပါတယ်”လို့ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက်၂၅နှစ်အရွယ် ကိုဘုန်းသက်ခိုင်က ပြောပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်မှာတော့ လူ၇၀၀လောက် ဒီနေ့ပြန်လွတ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ တစ်ချို့အကျဉ်းသူတွေကို စတင်လွှတ်ပေးနေပြီဖြစ်ပါတယ်။


နံနက် ၁၁နာရီ၊၂၀မိနစ်

မော်လမြိုင်ကျောင်းသားသပိတ်ပစ်ခတ်ဖြိုခွင်းခံရ၊ လေးဦးဖမ်းထား

May be an image of 1 person, standing and road

ယနေ့ နံနက်၁၁နာရီခန့်တွင် မော်လမြိုင်တက္ကသိုလ်သို့ချီတက်လာသော လူဦးရေ ၅၀၀ကျော်ပါဝင်သည့် စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြကျောင်းသားသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ကျောင်းသားလေးဦးကို ဖမ်းဆီးထားကြောင်း ဆန္ဒပြကျောင်းသားများကဆိုသည်။

“သပိတ်ကို ဦးဆောင်လာတဲ့ ကားနဲ့ အနောက်ကလိုက်လာတဲ့ လူတွေကြားမှာ ရဲကားတစ်စီးထိုးရပ်ပြီး လူစု ခွဲ လိုက်တယ်။ အဲဒီအချိန်မှာ ကျောင်းသားတစ်ယောက်က ညှိနှိုင်းဖို့သွားရာကနေ သူ့ကိုအရင် ဖမ်းလိုက်တာပါ”ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် မော်လမြိုင်ကျောင်းသား သမဂ္ဂဒုတိယဥက္ကဋ္ဌ ကိုဓနထွန်းက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

“ကားပေါ်မှာ ကျန်တဲ့ သုံးယောက်ကိုလည်း သေနတ်နဲ့ ခေါင်းကိုချိန်ပြီး ငြိမ်ငြိမ်နေဖို့ပြောတယ်။ တစ်ယောက်ကို ရိုက်တာဆို မြေပေါ်မှာလူးလိန့်နေတာပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရဲတပ်ဖွဲ့က သေနတ်သံ ခြောက်ချက်တိတိပစ်ဖောက်၍ ဆန္ဒပြပွဲကိုဖြိုခွင်း၍ ဝင်ရောက်ဖမ်းဆီးခဲ့သဖြင့် ကျောင်းသားများက မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ယင်းဖြစ်စဉ်အပြီး မကြာမီတွင် စစ်ကားနှစ်စီး ထပ်မံရောက်ရှိလာပြီး ခေတ္တစောင့်ဆိုင်းခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောသည်။

May be an image of one or more people, people standing and street

အကြမ်းဖက်ဖြိုခွင်းမှုကို ရဲတပ်ဖွဲ့က စတင်ခဲ့ခြင်းဖြစ်ကာ ၎င်းတို့ကမူ စတင်ရန်ပြုခြင်းမရှိဟု ဆန္ဒပြကျောင်းသားများက ဆိုသည်။

“ဘယ်လောက်အဖမ်းခံထားရလဲ မသိဘူး။ ကျွန်တော်တို့ သိရသလောက်ရှေ့မှာတင် လေးယောက် ဖမ်းထားတယ်။ ထပ်ဖမ်းတာတွေလည်းရှိနိုင်တယ်”ဟု ကိုဓနထွန်းက ပြောသည်။

လက်ရှိအချိန်တွင် ၎င်းကိုယ်တိုင်လည်း တိမ်းရှောင်နေရပြီဖြစ်သည်။

“အခုချိန်မှာ ကျွန်တော်လုံခြုံမှုဆိုတာ ဘာမှမရှိတော့ပါဘူး။ သူတို့ ဖမ်းချင်သလို လိုက်ဖမ်းနေပြီ”ဟု ၎င်းကပြောသည်။

ဓာတ်ပုံများ – မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂဖေ့စ်ဘွတ်ခ်စာမျက်နှာ

နံနက် ၁၁နာရီ ၅မိနစ်

လွတ်ငြိမ်းချမ်းသာမှုကြေညာ၍ အင်းစိန်ထောင်ရှေ့တွင် လူရာချီ လာရောက်စောင့်ဆိုင်းနေ

စစ်အစိုးရက အကျဉ်းသား ၂၃,၀၀၀ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ကြေညာခဲ့ရာ ရန်ကုန်မြို့၊ အင်းစိန်ထောင်အနီး နံနက်၉နာရီမှစ၍ ရာနှင့်ချီသောလူများက ပြန်လည်လွတ်မြောက်လာမည့်သူများကို လာရောက်စောင့်ဆိုင်းနေကြသည်။

အင်းစိန်ထောင်ရှေ့တွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခအပါအဝင် သံဃာအချို့လည်း လာရောက်စောင့်ဆိုင်းနေကြသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်မှလည်း အကျဉ်းသား ၇၀၀ခန့် ပြန်လည်လွတ်မြောက်မည်ဟု သတင်းရရှိထားသည်။ နိုင်ငံရေးအကျဉ်းသား မည်မျှပါရှိမည်ကို မသိရှိရသေးပေ။


နံနက် ၁၀နာရီ၊ ၂၅မိနစ်

စစ်အာဏာသိမ်းမှုမထောက်ခံရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြ၊ ဆရာဝန်များလည်းပါဝင်

မြန်မာနိုင်ငံက စစ်အာဏာရှင်များကို ထောက်ခံခြင်းမပြုရန် တရုတ်နိုင်ငံသံရုံးရှေ့တွင် ဆရာဝန် ၁,၀၀၀ခန့်က ဆန္ဒပြလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ စစ်အာဏာသိမ်းမှုကို မထောက်ခံရန်၊ အများပြည်သူ၏ ဆန္ဒမဲများကို လေးစားရန်နှင့် နိုင်ငံ့ခေါင်းဆောင်များကို ပြန်လွှတ်ရန်စသည့် စာသားများပါဝင်သော ပိုစတာများကိုင်ဆောင်၍ တရုတ်သံရုံးရှေ့တွင် စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်နေကြသည်။

ယမန်နေ့ကလည်း ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်သံရုံးရှေ့တွင် လူပေါင်းထောင်နှင့်ချီ၍ မြန်မာနိုင်ငံ၏ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရန် ဆန္ဒပြခဲ့ကြသည်။


ဖေဖော်ဝါရီ၁၂ရက်၊ နံနက်၁၀နာရီ

အာဏာသိမ်းစစ်အစိုးရက အကျဉ်းသား၂၃,၀၀၀ကျော်ကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေး

အာဏာသိမ်းစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အကျဉ်းသား ၂၃,၃၁၄ဦးကို ပြစ်ဒဏ်များလျှော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ခြင်းဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၅၅ဦးကိုလည်း အလားတူစည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ ထို့ပြင် သေဒဏ်၊ တစ်သက်တစ်ကျွန်းထောင်ဒဏ်နှင့် ထောင်သက်တမ်းနှစ်ရှည်သမားများကိုလည်း စစ်အစိုးရက ပြစ်ဒဏ်များလျှော့ချပေးခဲ့သည်။

တပ်မတော်က ရွေးကောက်ခံအစိုးရကိုဖြုတ်ချ၍ အာဏာသိမ်းယူပြီး၁၂ရက်အကြာ၊ ပြည်ထောင်စုနေု့ (ယနေ့)တွင် ယင်းသို့ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အာဏာသိမ်းမှုကြောင့် စစ်အစိုးရကို နိုင်ငံတစ်ဝန်း လူသိန်းပေါင်းများစွာက ဆန္ဒပြကန့်ကွက်လျက်ရှိသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ၂၃,၀၀၀ကျော်ပမာဏသည် ယခင်လွတ်ငြိမ်းချမ်းသာခွင့်များနှင့် ယှဉ်လျှင် အတန်အသင့် များပြားသည့် ပမာဏဖြစ်သည်။ သို့သော် သမ္မတဦးဝင်းမြင့်လက်ထက် ယမန်နှစ်၊ ဧပြီ၁၇တွင် အကျဉ်းသားဦးရေ ၂၄,၈၉၆ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

သေဒဏ်သမားများကို ထောင်ဒဏ်တစ်သက်သို့လည်းကောင်း၊ ထောင်ဒဏ်တစ်သက်နှင့် နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူများကို နှစ်၄၀သို့လည်းကောင်း၊ ယခင်ပြစ်ဒဏ်များအရ သေဒဏ်မှ ထောင်ဒဏ်တစ်သက်သို့ လွတ်ငြိမ်းခွင့်ရသူများကို ထောင်ဒဏ်နှစ်၅၀သို့လည်းကောင်း၊ ထောင်ဒဏ်နှစ်၄၀အထက် ကျခံနေရသူများကို နှစ်၄၀သို့လည်းကောင်း ပြစ်ဒဏ်အသီးသီးကို လျှော့ပေါ့ပေးခဲ့သည်။ ထောင်ဒဏ်နှစ်၄၀နှင့်အောက် ပြစ်ဒဏ်ကျခံနေရသူများကို ထိုပမာဏ၏ လေးပုံတစ်ပုံ လျှော့ချပေးခဲ့သည်။

ထုတ်ပြန်ချက်များကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် သွားရောက်ဖတ်ရှုနိုင်သည်။


ည၁၁နာရီ၊ ၂၄မိနစ်

ဆန္ဒပြလို့ ဆရာဝန်တစ်ဦးအဖမ်းခံရ၊ ဒေသတစ်ချို့က ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးစိုးရိမ်ဖွယ်ရှိနေ

CDMလှုပ်ရှားမှုတွင်ပါဝင်သည့် ဆေးရုံတစ်ခုက အဆောင်တစ်ဆောင်၏ ပြင်ပမျက်နှာစာကို မြင်တွေ့ရစဉ်။

ဒီနေ့၊ ဖေဖော်ဝါရီ၁၁ရက်က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲမှာပါဝင်တဲ့ မယ်ဇလီကုန်းတိုက်နယ်ဆေးရုံက ဆေးရုံအုပ်ဒေါက်တာပြည့်ဖြိုးနိုင်ကို ညနေ၄နာရီဝန်းကျင်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

စခန်းမှူးကိုယ်တိုင် အရပ်ဝတ်နဲ့လာရောက်ဖမ်းဆီးခဲ့ရာမှာ အိမ်နီးနားချင်းတွေက ဒေါက်တာပြည့်ဖြိုးနိုင်ကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ စခန်းမှူးနဲ့အတူပါလာတဲ့ ယူနီဖောင်းအပြည့်ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်ငါးဦးက သေနတ်တွေနဲ့ ပစ်ခတ်ဖို့ချိန်ရွယ်ခဲ့တာကြောင့် မတားဆီးနိုင်ခဲ့ဘူးလို့ ဇနီးဖြစ်သူ ဒေါက်တာဖြူလဲ့သူက ဖရွန်းတီးယားမြန်မာကို အတည်ပြုပြောဆိုပါတယ်။

“ဘာလို့လာဖမ်းတာလဲဆိုတာကို စခန်းမှူးက မပြောသွားဘူး။ လူကြီးက မေးစရာရှိလို့ ခေါ်သွားမလို့ပါတဲ့။ ဝရမ်းလည်းမပါဘူး”လို့ ဒေါက်တာဖြူလဲ့သူက ပြောပါတယ်။

ဒီလိုဖမ်းဆီးတာဟာ တခြားအကြောင်းအရင်းကြောင့်ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“CDM (ယဉ်ကျေးစွာအာခံခြင်းလှုပ်ရှားမှု) လုပ်တာကို ဖမ်းမရလို့ ခြိမ်းခြောက်တဲ့သဘောနဲ့ တခြားဥပဒေနဲ့ ဖမ်းတယ်လို့ မြင်ပါတယ်။ သူ့ကိုဘယ်မှာ ဖမ်းထားတာလဲဆိုတာလဲမသိရဘူး။ ရဲစခန်းမှာလည်း စစ်ကားတွေရပ်ထားတာ အများကြီးပဲ။ သူ့ကို စစ်တပ်ထဲခေါ်သွားတယ်လို့မြင်တဲ့လူလည်းရှိတယ်”လို့ ဒေါက်တာဖြူလဲ့သူက ပြောပါတယ်။

ရဲစခန်းက ခင်ပွန်းဖြစ်သူ ဒေါက်တာပြည့်ဖြိုးနိုင်ကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာကို ည ၉နာရီခွဲအထိ ရဲတပ်ဖွဲ့ဆီကနေ စုံစမ်းလို့မရသေးကြောင်း သူကဆိုပါတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့က ကနဦးအနေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅နဲ့ အမှုဖွင့်ထားတယ်လို့ ဒေါက်တာဖြူလဲ့သူက ဆိုပါတယ်။

ဖေဖော်ဝါရီ၁၁ရက်၊​ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာပါဝင်တဲ့ ပြည်သူတွေအပြင် CDMလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဝန်တွေကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး အတည်ပြုနိုင်ဖို့ ဖရွန်းတီးယားမြန်မာက ကြိုးစားနေပါတယ်။

ဒီနေ့ည ၁၀နာရီအထိ စုံစမ်းချက်အရ ရှမ်းပြည်နယ်၊ နမ့်ဆန်ပြည်သူ့ဆေးရုံက CDMလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဝန်တစ်ချို့ ကို အာဏာပိုင်တွေက ဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ သတင်းရရှိပါတယ်။

“ဆေးရုံအုပ်နဲ့ သူနာပြုဆရာမတွေ အကုန်ဆေးရုံအတွင်းမှာပဲ အတူရှိနေပါတယ်။ လူငယ်တွေကတော့ လုံခြုံရေးအနေနဲ့ စောင့်နေပေးကြတာ။ ဆေးရုံအုပ်နဲ့ သူနာပြုတွေ၊ ဆရာဝန်တွေ ညှိထားတာကတော့ တယာက်ဖမ်းရင် အကုန်လိုက်မယ်ဆိုတဲ့ သဘောပေါ့”လို့ နမ့်ဆန်ပြည်သူ့ဆေးရုံမှာ လုံခြုံရေးတာဝန် ယူပေးနေတဲ့ ကိုမင်းက ပြောပါတယ်။

ဒီနေ့ည ၁၀ နာရီဝန်းကျင်မှာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ပြည်နယ်ကျန်းမာရေးမှူးရုံးကို စစ်သား အယောက်၅၀လောက်ပါတယ်လို့ ယူဆရတဲ့ စစ်ကားတွေရောက်ရှိလာပြီး တံခါးခွင့်ခိုင်းခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“မဖွင့်ပေးကြတော့ ပြန်သွားတယ်။ အကြမ်းဖက်တာတွေ ဘာမှတော့မလုပ်ဘူး”လို့ သူကပြောပါတယ်။


ညနေ ၅နာရီ

ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြသူများက တရုတ်အလံကိုမီးရှို့


မွန်းလွဲ ၄နာရီ၊ ၃၀မိနစ်

အင်ဂျင်နီယာများ ဆန္ဒပြ၊ အစိုးရဝန်ထမ်းများ CDMတွင် ပို၍ပါဝင်လာ

နေပြည်တော်တွင် တပ်မတော်က စစ်အာဏာသိမ်းပြီး ၁၁ရက်မြောက်နေ့ဖြစ်သည့် ယနေ့တွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများတွင် လုပ်ကိုင်နေသည့် အင်ဂျင်နီယာများ လမ်းမပေါ်ထွက်၍ ဆန္ဒပြပွဲများတွင် ပါဝင်လာကြသည်။

ယနေ့နံနက် ၉နာရီခန့်တွင် လူဦးရေ ၁,၀၀၀ကျော်ခန့်ရှိသည့် အင်ဂျင်နီယာများသည် နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှ ဇီဇဝါပန်းအဝိုင်းအထိ လမ်းလျှောက်က စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“CDM ပါဝင်ရေး ဒို့အရေး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဖမ်းဆီးထားသော ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ အမေစု ကျန်းမာပါစေ၊ သမ္မတကြီး ကျန်းမာပါစေ” စသည်တို့ကို ကြွေးကြော်ကာ လမ်းလျှောက်ဆန္ဒပြကြသည်။

“အဓိက အကြောင်းရင်းကတော့ အာဏာသိမ်းတဲ့ကိစ္စမှာ အခြေခံဥပဒေနဲ့ လုံးဝမညီတဲ့အချက်တွေ အများကြီး ပါပါတယ်ဗျ။ အဲဒါတွေကို ကျွန်တော်တို့ အင်/ယာအဖွဲ့က လုံးဝမကျေနပ်တဲ့အတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ဝန်ထမ်းတွေလည်း ပါပါတယ်။ ကျွန်တော်တို့ ကျောင်းအတူတူတက်ခဲ့တဲ့ သူငယ်ချင်း ဝန်ထမ်းတွေလဲပါပါတယ်”ဟု ဆန္ဒပြပွဲဦးဆောင်သူ အင်ဂျင်နီယာတစ်ဦးက ပြောသည်။

ထို့ပြင် စစ်အစိုးရ၏ ယန္တရားတစ်ခုလုံးရပ်တန့်သွားရန် ဝန်ထမ်းများအနေဖြင့် ယဉ်ကျေးစွာအာခံခြင်း လှုပ်ရှားမှုတွင် ပါဝင်ကြရန်လည်း ၎င်းကတောင်းဆိုခဲ့သည်။

“တစ်ချို့ ရုံးတက်နေတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။ သူတို့ကိုလည်း ဒီကနေပဲ တောင်းဆိုပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အစိုးရ ဝန်ထမ်းပမာဏကို အတိအကျမသိရှိရပေ။ သို့သော် အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ အစိုးရဝန်ထမ်းများသည် လွန်ခဲ့သည့် ရက်သတ္တပတ်က ဖဲကြိုးနီလှုပ်ရှားမှု (Red Ribbon Campaign)တွင်သာ ပါဝင်ခဲ့ရာ ယခုတွင် စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်လာကြသည်။

ဖေဖော်ဝါရီ၁၁ရက်၊ နံနက်ပိုင်းတွင် ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့က ဝန်ထမ်းအချို့ကလည်း လမ်းပေါ်ထွက်၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ဥတ္တရသီရိမြို့နယ်ရှိ ကုလသမဂ္ဂရုံးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တို့တွင်လည်း အစိုးရဝန်ထမ်းများနှင့် ဒေသခံအချို့စုဝေးကာ စစ်အာဏာသိမ်းမှုကို ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်သူများ အများဆုံးစုဝေးရာ သပြေကုန်းအဝိုင်းအနီးတွင်လည်း ယနေ့၊ မွန်းလွဲပိုင်းအချိန်ထိ ဆန္ဒပြသူများ ဆက်လက်စုဝေးလျက်ရှိကြသေးသည်။ အဆိုပါနေရာတွင် ဆန္ဒပြသူများမှာ ယမန်နေ့ကထက် ပို၍များပြားသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ပြင် နေပြည်တော်တစ်ခွင် ဆိုင်ကယ်ဖြင့် လှည့်လည်၍ ဆန္ဒဖော်ထုတ်သူများလည်း ရှိနေသေးသည်။


မွန်းလွဲ ၄နာရီ၊ ၁၁မိနစ်

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု အားကောင်းနေဆဲ မန္တလေး

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နိုင်ငံတဝှမ်းပြုလုပ်နေတာ ခြောက်ရက်မြောက်နေ့ ရောက်လာပါပြီ။ ဖေဖော်ဝါရီ၁၁ရက်၊ မန္တလေးမြို့မှာတော့ မနက်အစောပိုင်းအချိန်ကတည်းက တစ်မြို့လုံးနီးပါ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုနေကြပါတယ်။

မီးရထားစစ်ကြောင်း၊ ကျန်းမာရေးဆရာဝန်များ စစ်ကြောင်း၊ တရားရေးရှေ့နေများ စစ်ကြောင်း၊ ပုဂ္ဂလိကရုံးများ စစ်ကြောင်း၊ ဇာတ်သဘင်အစည်းအရုံး စစ်ကြောင်း၊ နတ်ဒေဝါများစစ်ကြောင်း၊ ကျောင်းသားစစ်ကြောင်း၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ဝန်ထမ်းများစစ်ကြောင်း၊ သစ်တောဦးစီးဌာနစစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစစ်ကြောင်း၊ အားကစားသမားများစစ်ကြောင်း ၊ အလှဖန်တီးရှင်များစစ်ကြောင်းတို့အပြင် ပြည်သူလူထုစစ်ကြောင်း တို့လည်းနေရာအနှံ လမ်းလျှောက်ဆန္ဒပြ နေကြပါတယ်။

တချို့နေရာတွေမှာတော့ ရဲတပ်ဖွဲ့ဝင်တွေအပြင် တပ်မတော်ကလည်း လုံခြုံရေးရယူထား ပါတယ်။ မြို့အနှံ့ ဆန္ဒထုတ်ဖော်မှုတွေကတော့ အားကောင်းနေဆဲပါပဲ။


နေ့လယ် ၂နာရီ၊ ၃မိနစ်

မြန်မာ့နိုင်ငံရေးတွင်ဝင်မရှုပ်ရန် တရုတ်သံရုံးရှေ့တွင် လူငယ်ထောင်ချီတောင်းဆိုနေ

မြန်မာ့နိုင်ငံရေးတွင် ဝင်မရှုပ်ရန်၊ စစ်တပ်ကို အားပေးအားမြှောက်မပြုလုပ်ရန်နှင့် အိမ်နီးချင်းကောင်းပီသရန် မြန်မာနိုင်ငံသားများက ဖေဖော်ဝါရီ၁၁ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ တရုတ်သံရုံးရှေ့တွင် စုရုံးတောင်းဆိုလျက်ရှိသည်။

ထောင်နှင့်ချီသည့် လူငယ်များသည် နံနက်၈နာရီခန့်ကစ၍ တရုတ်သံရုံးရှေ့သို့ စုရုံးရောက်ရှိလာပြီး မြန်မာ၊ တရုတ်နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်လျက်ရှိသည်။

လက်တလောတွင် မြန်မာ့လူမှုကွန်ရက်အသုံးပြုသူများအကြား တရုတ်နိုင်ငံမှ အိုင်တီနည်းပညာရှင်များ မြန်မာနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကတစ်ဆင့် လာရောက်သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။ အဆိုပါအိုင်တီပညာရှင်များသည် အာဏာသိမ်းစစ်အစိုးရကို လူမှုကွန်ရက်မီဒီယာများအား ထိန်းချုပ်ရာတွင် ကူညီရန်လာရောက်ခြင်းဖြစ်ကြောင်းလည်း မှန်းဆပြောဆိုချက်များရှိသည်။

ယင်းသို့ပြောဆိုချက်များကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့လာရောက်ခဲ့သော လေယာဉ်များမှာ “ပုံမှန်ကုန်တင်လေယာဉ် ခရီးစဉ်များသာဖြစ်ပြီး ပင်လယ်စာစသည့် ပို့ကုန်သွင်းကုန်ပစ္စည်းများ ပို့ဆောင်ခြင်းသာဖြစ်သည်”ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖြေရှင်းချက်ထုတ်ထားသည်။


နေ့လယ် ၁၂နာရီ၊ ၄၀မိနစ်

ရန်ကုန်၊ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများ ဆန္ဒပြပွဲတွင်ပါဝင်လာ

ယနေ့ပြုလုပ်သည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြန်မာ့စီးပွားရေးဘဏ်ခွဲများမှ ဝန်ထမ်းများ ပထမဆုံးအကြိမ် ပါဝင်လာသည်။

“ဒီနေ့ကနေ စတင်ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ နောက်နေ့တွေဆိုရင် ဘဏ်အစုံက ဝန်ထမ်းတွေ ပါလာပါလိမ့်မယ်။ ကျွန်တော်တို့အခု ဗဟိုဘဏ် ရှေ့ကို ချီတက်မှာဖြစ်ပါတယ်”ဟု တာမွေမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“အခုအာဏာရှင်စနစ်ကို မကြိုက်ဘူး။ သူတို့လက်ထက်မှာ မလုပ်ချင်လို့ အခုလို ဆန္ဒထုတ်ဖော်ရတာပါ”ဟု ၎င်းကပြောသည်။

ယနေ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲတွင် မြန်မာ့စီးပွားရေးဘဏ်များသည် ဘဏ်အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ အင်းစိန်၊ ကမာရွတ်နှင့် တာမွေမြို့နယ်တို့မှ ဘဏ်ဝန်ထမ်း၅၀ကျော် ပါဝင်ခဲ့သည်။

“Free Our Leader”၊ “Thief of the Nation” ၊ “We are Banker(MEB)” ၊ “ရုံးမတက်နဲ့ ရုန်းထွက်”နှင့် “မတရားတဲ့ အမိန့်ဟူသမျှ ဖီဆန်ကြ”စသည့် စာသားများကိုလည်း ဘဏ်ဝန်ထမ်းများက ကြွေးကြော်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့စီးပွားရေးဘဏ်များတွင် ဘဏ်ဝန်ထမ်း၆၀၀ဦးကျော်ရှိပြီး ၎င်းတို့အနက်၅၀ကျော်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ယဉ်ကျေးစွာ အာခံခြင်းလှုပ်ရှားမှု (Civil Disobedience Movement) တွင် ယနေ့မှစ၍ စတင်ပါဝင်ခဲ့ကြသည်။ လာမည့်ရက်များတွင် CDMလှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းဦးရေ ပိုမိုများပြားလာဖွယ်ရှိကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။


နေ့လယ် ၁၂နာရီ၊ ၂၄မိနစ်

အာဏာသိမ်းစစ်အစိုးရကို အရေးယူပေးဖို့ အိန္ဒိယသံရုံးရှေ့ဆန္ဒပြ

ဖေဖော်ဝါရီ၁၁ရက်၊ ယနေ့တွင် ဟိန္ဒူလူငယ်၁၀၀ကျော်သည် အိန္ဒိယအစိုးရက အာဏာသိမ်းစစ်အစိုးရအား အရေးယူပေးရန် ရန်ကုန်မြို့၊ အိန္ဒိယသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်လျက်ရှိသည်။

ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်နေသည် လူငယ်တစ်ဦးက စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် လက်ရှိအာဏာသိမ်းအစိုးရကို အိန္ဒိယက ပြင်းပြင်းထန်ထန်အရေးယူမှုများပြုလုပ်ပေးစေချင်သည်ဟု ပြောသည်။

“ဟိန္ဒူလူငယ်တွေပဲဆန္ဒပြကြနေကြတာ။ ဟိန္ဒူအဖွဲ့အစည်းက အခြားလူတွေမပါပါဘူး”ဟု ၎င်းကပြောသည်။


နေ့လယ် ၁၂နာရီ၊ ၈မိနစ်

ရန်ကုန်ဗဟိုဘဏ်(ခွဲ)အနီး ဆန္ဒပြသူများကို နေရာရွှေ့ဖို့ရဲတပ်ဖွဲ့ ဖိအားပေး

ရန်ကုန်မြို့၊ ဗဟိုဘဏ်(ခွဲ)အနီးက ဆန္ဒထုတ်ဖော်နေကြသူတွေကို ဗဟန်းရဲတပ်ဖွဲ့နဲ့ ထွေအုပ်က ဗဟိုဘဏ်အနီးက ထွက်ခွာသွားဖို့ သတိပေးခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်နေတာကို မတားဆီးလိုပေမဲ့ ရုံးတက်နေတဲ့ ဝန်ထမ်းတွေကို ရုံးမတက်ဖို့ ဖိအားပေးနေတာက ဥပဒေအ‌ရ အရေးယူလို့ရတယ်လို့ လာရောက်တားဆီးခဲ့တဲ့ ရဲမှူးက ပြောပါတယ်။ ဒါ့ပြင် ငြိမ်းချမ်းစွာ အာခံခြင်းလှုပ်ရှားမှု (CDM)မှာပါဖို့ ဝန်ထမ်းတွေကို ဖိအားပေးတဲ့အပြုမူတွေဟာ ဒီမိုကရေစီဆန်တဲ့ အပြုအမူမဟုတ်ဘူးလို့လည်း သူကပြောပါသေးတယ်။

လက်ရှိမှာတော့ ဆန္ဒထုတ်ဖော်သူ အယောက်၅၀၀ခန့် ဗဟိုဘဏ်ရှေ့မှာ ရှိနေဆဲဖြစ်ပြီး ဆန္ဒပြနေဆဲဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဆန္ဒပြသူတွေကို အနီးကနေ စောင့်ကြည့်နေပါတယ်။

“သူတို့သတိလာပေးတာ အခုဒုတိယအကြိမ်မြောက်ပါ။ ကျွန်တော်တို့ရောက်ပြီး ၁၅မိနစ် အကြာမှာ ပထမတစ်ခေါက်လာတယ်။ ဒီကနေသွားဖို့ပြောတယ်။ ကျွန်တော်တို့ မသွားတော့ အခုနောက်တစ်ခေါက် လာပြောတာ။ ခုတစ်ခေါက်တော့ ရဲတွေပါအများကြီးပါလာတယ်။ ကျွန်တော်တို့ နောက်တစ်နာရီနေရင် နေရာရွှေ့ကြမယ်။ ထိပ်တိုက်မတွေ့ပဲ ရတဲ့နည်းနဲ့ ထိရောက်အောင် ဆန္ဒပြမှာ။ CDMက အရေးကြီးတယ်လေ”လို့ ဆန္ဒဖော်ထုတ်နေသူတစ်ဦးဖြစ်တဲ့ ကိုအောင်မြတ်သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဆန္ဒပြသူတွေဟာ ဗဟိုဘဏ်ရှေ့ကနေ နေရာရွှေ့ပြီး လမ်းမကြီးရဲ့မျက်နှာချင်းဆိုင်ဘက်အခြမ်းမှာ ဆက်လက်ဆန္ဒပြနေကြပါတယ်။


နံနက် ၁၁နာရီ၊ ၄၉မိနစ်

သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းက ဝန်ထမ်းများ ဆန္ဒပြပွဲတွင် ပါဝင်လာ

သတင်းနှင့်စာနယ်ဇင်းက ဝန်ထမ်းများ ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်လာ အစိုးရအာဘော်ကို အဓိကဖြန့်ဝေနေရတဲ့ သတင်းနဲ့စာနယ်ဇင်းက ဝန်ထမ်း ၃၀ကျော်ဟာ ရန်ကုန်မြို့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ဆန္ဒပြပွဲမှာ ယနေ့ပါဝင်လာပြီး အစိုးရဝန်ထမ်းတွေအားလုံးပါဝင်လာကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာ့အလင်း၊ ကြေးမုံနဲ့ Global New Light of Myanmar အတွက် အဓိကသတင်းတွေရေးသားပေးနေရတဲ့ သတင်းစဥ်က ဝန်ထမ်းတွေလည်းပါဝင်ခဲ့ပြီး အစိုးရသတင်းစာတွေမှာ သတင်းပါဝင်မှုဟာ ရပ်ဆိုင်းသလောက်ရှိနေပြီလို့ အယ်ဒီတာဖြစ်တဲ့ကိုရဲခေါင်ညွန့်ကပြောပါတယ်။

“စစ်အာဏာရှင်ပြုတ်မှ အလုပ်ပြန်ဝင်သွားမယ်၊ အခုထိတော့အထက်ကဖိအားပေးတာဘာမှမရှိသေးဘူး။ ဒါကြီးအောင်မြင်ဖို့ဆိုရင် အစိုးရဝန်ထမ်းအားလုံးပါဝင်မှဖြစ်မှာ “လို့ သူကဆိုပါတယ်။

ဒါ့ပြင်နေပြည်တော်က သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းက ဝန်ထမ်း၃၅ယောက်ကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေပြီလို့ သိရပါတယ်။ အခုထွက်ရှိနေတဲ့ အစိုးရသတင်းစာမှာတော့ မြဝတီက ရရှိတဲ့သတင်းတွေနဲ့အတူ စစ်အာဏာရှင်အာဘော်​ဆောင်းပါးတွေသာပါဝင်တော့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့လူတွေကဆိုထားပါတယ်။


နံနက် ၁၁နာရီ၊ ၂၈မိနစ်

စမ်းချောင်းတွင် တိုင်းရင်းသားများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ

တိုင်းရင်းသားလူမျိုးများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဖေဖော်ဝါရီ၁၁ရက် မနက်ပိုင်းက စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ပဒုမ္မာပန်းခြံအနီးတွင် ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားပေါင်းစုံပါဝင်သည့် ဆန္ဒပြသူများသည် စစ်ကြောင်းအလိုက် ချီတက်၍ အဆိုပါပန်းခြံအနီး စုရုံးခဲ့ကြပြီး “အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ မတရားဖမ်းဆီးခံရသူများလွတ်မြောက်ရေး”စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။

ယနေ့သည် ကရင်အမျိုးသားနေ့လည်းဖြစ်သဖြင့် ဆန္ဒပြသူများက ကရင်အမျိုးသားအလံကို တစ်စုတဝေးတည်း အလေးပြုခဲ့ကြပြီး တိုင်းရင်းသားမျိုးနွယ်စုအသီးသီးမှ ကိုယ်စားပြုသူတစ်ယောက်ဆီက ဟောပြောခဲ့ကြသည်။


နံနက် ၁၁နာရီ၊ ၈မိနစ်

မြစ်ကြီးနားက အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပိုပါလာ

ဖေဖော်ဝါရီ၁၁ရက်က ပြုလုပ်ခဲ့တဲ့ မြစ်ကြီးနားမြို့က အာဏာသိမ်းမှုကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲမှာတော့ အစိုးရဌာနနှစ်ခုက ဝန်ထမ်းတွေ ပါဝင်လာပါတယ်။ အဲဒီအသစ်တိုးလာတဲ့ ဌာနတွေကတော့ ကချင်ပြည်နယ် စိုက်ပျိူရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ သစ်လုပ်ငန်းအဖွဲ့က ဝန်ထမ်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကလည်း ပြည်နယ်ကျန်မာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးနဲ့ သစ်တောဦးစီးဌာနက ဝန်ထမ်းတွေ၊ မြစ်ကြီနားဘူတာက မီးရထားဝန်ထမ်းတွေ၊ အခြေခံနဲ့ အထက်တန်းပညာရေးဝန်ထမ်းတွေနဲ့ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ စစ်အာဏာသိမ်းမှု ဆန္ဒပြပွဲတွေမှာ ပါဝင်လာတာ တွေ့ရပါတယ်။ 

CDMလှုပ်ရှားမှုမှာပါဝင်လို့ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတချို့ တွေ့နေရတာကြောင့် ဝိုင်းဝန်းကူညီဖို့ အကူအညီပေးရေးအဖွဲ့ကို မြစ်ကြီးနားမြို့က စာရေးဆရာတွေနဲ့ ကျူရှင်ဆရာတွေ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စာရေးဆရာထွန်းမင်းလူက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ အာဏာသိမ်းမှုကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲတွေကို ဖေဖော်ဝါရီ၈ရက်က စတင်ခဲ့ပြီး လူထောင်ပေါင်းများစွာပါဝင်နေတာပါ။

သတင်းနှင့် ဓာတ်ပုံများ – သရ

၂၀၂၁၊ ဖေဖော်ဝါရီ၊ ၁၁ရက် – နံနက် ၁၀နာရီ

ယနေ့နံနက်တွင် နေပြည်တော်တွင် အင်ဂျင်နီယာများ စုဝေး၍ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လူအင်အားထေင်နှင့်ချီရှိပြီး စည်ပင်ဧည့်ရိပ်သာရှေ့မှ စတင်ထွက်ခွာ၍ ချီတက်ဆန္ဒပြခဲ့ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar