လော့ဒေါင်းကာလ အချက်အပြုတ်စွမ်းရည်ပြခဲ့သည့် စားဖိုမှူးလေး

အေအက်ဖ်ပီ
ရန်ကုန်
COVID-19 ကူးစက်မှုကြောင့် ကူးသန်းသွားလာမှုကန့်သတ်ထားပြီး နေအိမ်မှာပင်နေရန် တိုက်တွန်းချက်ထုတ်ထားသည့် မြန်မာနိုင်ငံ၌ ညဝတ်အင်္ကျီဝတ်ထားပြီး စားဖိုမှူးဦးထုပ်ဆောင်းထားသည့် အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ငါးခူစွပ်ပြုတ်မှစ၍ ငရုတ်သီးရဲရဲ ဖားသားကြော်များအထိ ဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ်ပြီး အချက်အပြုတ်စွမ်းရည်ကို ပြသနေပြီဖြစ်သည်။
ပုဇွန်ကြော်နေသည့် မမိုးမြင့်မေသူ၏ အချက်အပြုတ်စွမ်းရည်များကို ပြသထားသည့် ဗီဒီယိုဖိုင်တစ်ခုကို သူ၏မိခင်က ဧပြီလအကုန်ပိုင်းတွင် လူမှုမီဒီယာတွင် ဝေမျှခဲ့သည်။
သွားကြဲလေးနှင့် မိုးမြင့်မေသူ၏ ချက်ပြုတ်ကြော်လှော်နေသည့် ဗီဒီယိုသည် လူမှုမီဒီယာတစ်ဝန်း ပျံ့နှံ့သွားပြီး ကလေးငယ်သည်လည်း နာမည်ကျော်သွားကာ စားဖိုမှူးလေး ဆိုသည့် အမည်ပင်တွင်သွားခဲ့သည်။
ယခုအချိန်မှာတော့ ကလေးငယ်သည် အစားအစာများကို မှာယူပါက ချက်ပြုတ်ပေးပြီး အမြတ်ငွေများကို ရေတွက်စုဆောင်းနေပြီဖြစ်သည်။
“သမီးက ချက်ရပြုတ်ရတာကိုကြိုက်တာ” ဟု သူက ရန်ကုန်ရှိ မိသားစုတိုက်ခန်း၌ အေအက်ဖ်ပီသတင်းဌာနကိုပြောဆိုခဲ့သည်။
“အပြင်ထွက်လို့မရတဲ့အချိန်မှာ အတူတူချက်ရပြုတ်ရတာကို ပျော်တာ” ဟု သူကပြောသည်။ ကြီးလာလျှင်လည်း ကလေးဘဝအိပ်မက်ကို အသက်မွေးဝမ်းကြောင်းဖြစ်အောင် လုပ်လိုကြောင်း ကလေးငယ်ကပြောသည်။
ကြည့်ရှုသူ ၂၀၀၀၀၀ နီးပါးရှိခဲ့သည့် နာမည်အကျော်ကြားဆုံး ဗီဒီယိုတစ်ခုတွင် ဦးချိုတစ်ချောင်းတည်းရှိသော မြင်း( ယူနီကွန်း) ပုံပါသည့် တီရှပ်ကို ဝတ်ဆင်ထားသော မိုးမြင့်မေသူက မြန်မာတို့၏လူကြိုက်အများဆုံး နံနက်စာဖြစ်သော မုန့်ဟင်းခါးကို ငါးခူဖြင့်မည်ကဲ့သို့ချက်ပြုတ်ရမည်ကို ပြောဆိုနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
မိုးမြင့်မေသူသည် ငါးခရမ်းချဉ်သီးချက်၊ ဝက်သားဟင်းနှင့် ဖားသားကြော်အထိအပါအဝင် ဟင်း ၁၅ မျိုးကို ကျွမ်းကျွမ်းကျင်ကျင်ချက်တတ်နေပြီဖြစ်သည်။
ဟင်းတစ်ပွဲလျှင် ကျပ် ၁၀၀၀၀ နှှုန်းဖြင့် ရောင်းချနေပြီး ညနေပိုင်းလောက်တွင် မိသားစုက ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးနေသည်။ ချက်ပြုတ်ခြင်းနှင့် ပို့ဆောင်ခြင်းတို့ပါဝင်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို အတွေ့အကြုံရင့်ကျက်သည့် နာမည်ကျော်တစ်ဦးဖြစ်သော မိခင်ဖြစ်သူ မဟန်နီချို ကြီးကြပ်နေသည်။
စီးပွားရေးလုပ်ငန်းကလည်း အကျိုးအမြတ်များရှိလာနေပြီဖြစ်သည်။
ဂီတသံပါသည့် စုဘူးထဲသို့ ကျပ် ၁၀၀၀၀ တန်များထည့်နေသည့် မိုးမြင့်မေသူကို အွန်လိုင်းရှိ ဗီဒီယိုတစ်ခုထဲတွင် မြင်တွေ့ရမည်ဖြစ်သည်။ ငွေစုပြီး ခွေးငယ်လေးတစ်ကောင်ဝယ်ယူမည်ဖြစ်ကြောင်း သူကပြောသည်။
မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများတွင် နေထိုင်သူများက သမီးဖြစ်သူပါဝင်သည့် ဗီဒီယိုများကို ဝေမျှနေသဖြင့် ဝမ်းသာမိကြောင်း မဟန်နီချိုကပြောဆိုခဲ့သည်။ သမီးဖြစ်သူ၏ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း မြင့်တက်လာကြောင်း သူကပြောသည်။
နာမည်ကျော် စားဖိုမှူးလေး၏ ချက်ပြုတ်နေသည့် ဗီဒီယိုများကို မိခင်ဖြစ်သူ၏လူမှုမီဒီယာစာမျက်နှာများတွင် ကနဦးဖော်ပြခဲ့သော်လည်း ယခုအချိန်တွင်မူ မိုးမြင့်မေသူ၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်အကောင့်မှတစ်ဆင့် တိုက်ရိုက်တင်ဆက်နေကာ လေးရက်အတွင်း like ၈၀၀၀ ခန့်ရရှိနေသည်။
“ကလေးက သိပ်ချစ်စရာကောင်းလွန်းလို့ ကြည့်နေတာ အခြားအရာတွေကိုတောင် သတိလက်လွတ်ပဲ၊ သူ့ဗီဒီယိုတွေကို ထပ်ကြည့်ဦးမယ်” ဟု ပရိသတ်တစ်ဦးက ဗီဒီယိုအောက်တွင် မှတ်ချက်ရေးသားခဲ့သည်။
စာသင်ကျောင်းများ ပြန်ဖွင့်မည့် သြဂုတ်အထိ ဟင်းချက်ရန် မိုးမြင့်မေသူက ရည်ရွယ်ထားသည်။ မြန်မာနိုင်ငံ၌ COVID-19 ကြောင့် ကျောင်းဖွင့်ချိန်ကို နှစ်လရွှေ့ဆိုင်းထားခြင်းဖြစ်သည်။
COVID-19 ကူးစက်မှုလျှော့ချရေးအတွက် နေအိမ်မှာပင် နေထိုင်ရန် အာဏာပိုင်များက ညွှန်ကြားထားသော်လည်း စီးပွားရေးမြို့ဖြစ်သည့် ရန်ကုန်သည် ပုံမှန်အခြေအနေသို့ ပြန်လည်အသက်ဝင်လာခဲ့သည်။

သက်အေး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.