ICJ က မြန်မာအပေါ်ကြားဖြတ်အစီအမံ အချို့ချမှတ်

လွန်မင်းမန်

မြန်မာအပေါ် ကြားဖြတ်စီမံ ဆောင်ရွက်ချက် ၆ ချက် ချမှတ်ရန် ဂမ်ဘီယာက တင်ပြထားမှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က ယနေ့ ဆုံးဖြတ်လိုက်သည်။
အပြည်ပြည်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာသဘောတူစာချုပ် အပိုဒ်(၂) တွင် ဖော်ပြထားသည့် ကျူးလွန်မှုများ ဖြစ်မလာအောင် မြန်မာနိုင်ငံက အကာအကွယ်ပေးရေး အစီအမံများဆောင်ရွက်ရန်အပါအဝင် အချက် ၄ ချက် ကိုတရားရုံးကဆုံးဖြတ်သည်။
ဒုတိယအချက်မှာ မြန်မာနိုင်ငံရှိ တပ်မတော်၊ တပ်မတော်အား အထောက်အကူပြု သည့် လက်နက်ကိုင်အဖွဲ့အစည်း၊ ပြည်သူ့စစ် (သို့မဟုတ်) အမြဲတမ်းမဟုတ်သော လက်နက် ကိုင် အဖွဲ့အစည်းများသာမက အခြားသောအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် ကြံစည်ခြင်းများ မပြုလုပ်ရန် ဆုံးဖြတ်သည်။
တတိယအချက်မှာ လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်သော သက်သေ များအား မြန်မာနိုင်ငံအနေဖြင့် ဖျက်ဆီးခြင်းမပြုရန်ဖြစ်သည်။
နောက်ဆုံးအချက်မှာ ကြားဖြတ်စီမံဆောင်ရွက်ချက်မှုအစီရင်ခံစာအား အမိန့်ချမှတ်သည့်နေ့မှစ၍ (၄)လ အတွင်း တရားရုံးသို့ တင်ပြရန် နှင့် အမှုစစ်ဆေးနေစဉ်ကာလအတွင်း ၆ လတစ်ကြိမ် အစီရင်ခံစာတင်ရန် ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလက ဂမ်ဘီယာနှင့်အပြန်အလှန် လျှောက်လဲကြစဉ်က သည်ဟိဂ်သို့သွားသော မြန်မာကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့သော်လည်း အမိန့်ချသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မလိုက်ပါတော့ဘဲ ဝန်ကြီးဦးကျော်တင့်ဆွေက ဦးဆောင်ခဲ့သည်။မြန်မာသည် သည်ဟိဂ်တွင်လျှောက်လဲချက်ပေးခဲ့စဉ်က လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ၏ဆောင်ရွက်နေမှုများကို ထည့်သွင်းပြောကြားခဲ့သည်။
၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း စွပ်စွဲချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် သမ္မတက ယင်းကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာကို သမ္မတက ဇန်နဝါရီ ၂၁ ရက်က လက်ခံရရှိခဲ့သည်။
တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ARSA အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလိုတူပူးပေါင်းပါဝင် ခဲ့သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက စစ်ရာဇဝတ်မှုများ ကျူးလွန်မှုများရှိခဲ့သည်ဟု ကော်မရှင်က တွေ့ရှိခဲ့သည်။
အရပ်သားများအား သတ်ဖြတ်ခြင်း၊ အင်အား မမျှမတသုံးစွဲခြင်း၊ လုယက်မှု ကျူးလွန်ခြင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် မူဆလင်များ စွန့်ခွာသွားသော နေအိမ်များကို ဖျက်ဆီးခြင်းစသည့် ရာဇဝတ်မှု များကို ကျူးလွန်ခဲ့ကြကြောင်း တွေ့ရှိရသည်။
ကော်မရှင်သည် ကျေးရွာများ၊ အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနှင့် မောင်နုရွာတို့တွင် အသက်ဆုံးရှုံးမှု များပြားခဲ့ကြောင်း စုံစမ်းတွေ့ရှိ ခဲ့သည်။
လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက် ကျူးလွန်ခဲ့သည်ဟု ကောက်ချက်ချ နိုင်သော လုပ်ဆောင်ချက်မျိုး ဖြစ်ပွားခဲ့ခြင်း အလျဉ်းမရှိခဲ့ကြောင်း ကော်မရှင်၏ တွေ့ရှိချက်များက ဖော်ပြခဲ့သည်။
တပ်မတော်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ၊ အထူးသဖြင့် မင်းကြီးနှင့် ချွတ်ပြင်ကျေးရွာများတွင် သတ်ဖြတ်မှုများနှင့် စွန့်ခွာခဲ့သည့် မူဆလင်ကျေးရွာများရှိ နေအိမ်မီးလောင်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းတို့အပေါ် တပ်မတော် စစ်ဥပဒေချုပ်ရုံး အနေဖြင့် လက်ရှိဆောင်ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲမှုများကို တိုးချဲ့ ဆောင်ရွက်နိုင်စေရန် အလို့ငှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကော်မရှင်၏ အစီရင်ခံစာအပြည့်အစုံနှင့် နောက်ဆက်တွဲများကို တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ထံသို့လည်း ပေးပို့ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar