ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှ အကောင့်အချို့အား Facebok က ပိတ်ပင်တားမြစ်ခဲ့မှုမှာ ပါဝင် ပတ်သက်မှုမရှိဘူးလို့ ပြန်ကြားရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။
ဗုဒ္ဓဘာသာ အမျိုးသားရေးအဖွဲ့တစ်ခုဖြစ်တဲ့ မဘသအပါအဝင် အမုန်းတရားများ ပြောကြားနေတဲ့ ဘုန်းတော်ကြီးအချို့ရဲ့ Facebook အကောင့်တွေကို ပိတ်ပင် ဖယ်ရှားလိုက်တယ်လို့ Facebook က ဇွန် ၇ ရက်နေ့မှာ ပြေကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် အမတ်ဟောင်းတစ်ဦးဖြစ်သလို လက်ရှိအစိုးရကို ဝေဖန်လေ့ရှိသူတစ်ဦးဖြစ်တဲ့ ဦးလှဆွေရဲ့ အကောင့်လည်း ပိတ်ပင်ခံခဲ့ရတယ်လို့ ပြည်တွင်းသတင်းဌာနတွေက ရေးသားထားပါတယ်။
ဒီလိုပိတ်ပင်မှုဟာ Facebook ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံပြီး နောက်တစ်နေ့မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် အစိုးရရဲ့ တိုက်တွန်းမှုနဲ့ Facebook က ဒီလိုပိတ်ပင်တားမြစ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ထင်ကြေးပေး ပြောကြားမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။
ဦးလှဆွေက ပြည်တွင်းသတင်းဌာနတစ်ခုကို ပြောကြားခဲ့ရာမှာ အခုလို သူ့အကောင့် အပိတ်ခံခဲ့ရတာဟာ ဘယ်သူ့လက်ချက်လဲဆိုတာ သိသာတယ်လို့ ဆိုပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဒီအချက်ကို ငြင်းဆိုခဲ့ပါတယ်။
“ဦးလှဆွေအပါအဝင် မြန်မာနိုင်ငံမှ Facebook Account အချို့ ပိတ်သိမ်း ခံရမှုသည် ပြန်ကြားရေး ဝန်ကြီးဌာန၏ ပြောဆို တိုက်တွန်းမှုကြောင့် မဟုတ်ပါကြောင်း သိရှိနိုင်ပါရန် ဖြေရှင်းအပ်ပါသည်” လို့ သူတို့ရဲ့ ယနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Facebook အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြည်ထောင်စုဝန်ကြီးက “Facebook သည် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ယက် ဖြစ်သည့်အတွက် တစ်ဦးနှင့် တစ်ဦး ကြမ်းတမ်းရိုင်းပျစွာ ရေးသား ပြောဆိုမှုများ၊ အမုန်းစကားရေးသားဖြန့်ဝေမှုများနှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေနိုင်သည့် လှုံ့ဆော်ရေးသားမှုအပေါ် ထိန်းကျောင်း ဆောင်ရွက်ပေးရေးနှင့် ထိုသို့ မြန်မာနိုင်ငံနှင့် ပတ်သက်၍ စောင့်ကြည့် ထိန်းကျောင်းရာတွင် အခြေအနေမှန်များ သိရှိနိုင်စေရေးနှင့် ရေးသားပြောဆိုသည့် အကြောင်း အရာများကို အကောင်း၊ အဆိုး မှန်ကန်စွာ ခွဲခြားဆောင်ရွက်နိုင်စေရေး မြန်မာစကားကောင်းစွာတတ်ကျွမ်း သူများကို ခန့်ထား၍ ဆောင်ရွက်ပေးသင့်ကြောင်းကိုသာ အကြံပြုဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။