Covid -19 ဓာတ်ခွဲခန်းထဲက နေ့မနားညမအား ဆေးပညာရှင်များ

နည်းပညာနဲ့စက်ပစ္စည်းတွေအကန့်အသတ်ရှိပေမယ့် မြန်မာဆေးပညာရှင်တွေဟာ Covid-19 ကို စစ်ဆေးဖို့ နားချိန်မရှိတာဝန်ထမ်းဆောင်နေရပါတယ်။

ဟိန်းသာ

ဒဂုံမြို့နယ်ထဲက ဆိပ်ငြိမ်ရပ်ကွက်တစ်ခုထဲမှာရှိတဲ့ ကိုလိုနီခေတ်လက်ကျန်အဆောက်အအုံဟောင်းတစ်ခုဟာ ကမ္ဘာလုံးဆိုင်ရာကပ်ဆိုးကြီးတစ်ခုကိုခုခံတော်လှန်နေရတဲ့ရှေ့တန်းမျက်နှာစာတစ်ခုဖြစ်လာပါတယ်။
နှစ်တစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့Pasteur Institute အဆောက်အအုံထဲက ဆရာဝန်တစ်စုဟာ နောက်ဆုံးပေါ်ဗိုင်းရပ်စ်တစ်မျိုးကြောင့်အလွန်အမင်းအလုပ်ရှုပ်နေပြီး စိတ်ဖိစီးမှုကိုလည်း ထမ်းပိုးထားရပါတယ်။
အမျိုးသားကျန်းမာ‌ရေးဓါတ်ခွဲဌာနဟာ မြန်မာနိုင်ငံမှာ Covid -19 ရောဂါပိုးရှိမရှိကိုစမ်းသပ်နိုင်တဲ့တစ်ခုတည်းသောနေရာပါပဲ။ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိနေတဲ့ ဆေးရုံတွေမှာ စောင့်ကြည့်နေတဲ့ သံသယလူနာတွေဆီက ဓါတ်ခွဲနမူနာတွေကိုစမ်းသပ်ဖို့ မကြာသေးခင်ကမှ ဒီနေရာကိုအဆင့်မြှင့်တင်ခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးအပတ်ကဆိုရင် မြန်မာပြည်က ဓာတ်ခွဲနမူနာတွေကို ထိုင်းနိုင်ငံ ဘန်ကောက်ကိုပို့ပြီး စစ်ဆေးနေရတုန်းပါ။

Photo-MOI

Photo-MOI

Frontier က အဲ့ဒီဓာတ်ခွဲဌာနကို မတ်လ ၂၀ ရက်မှာသွားရောက်ခဲ့ပါတယ်။အဲ့အချိန်က ကမ္ဘာ နိုင်ငံပေါင်း ၁၈၆ နိုင်ငံမှာ Covid19 ကူးစက်နေပြီး လူဦးရေ သန်းငါးဆယ်ကျော်ရှိတဲ့မြန်မာမှာ ရောဂါမတွေ့ရသေးတဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒီ့အချိန်မှာတည်းက NHL ရဲ့ ဦးဆောင်သူဖြစ်တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ပရော်ဖက်ဆာဒေါက်တာဌေးဌေးတင်က မြန်မာနိုင်ငံမှာ Covid-19 မရှိဘူးဆိုတာကို လက်မခံပါဘူး။
ဒေါ်ဌေးဌေးတင်နဲ့သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ “အလုပ်တအားရှုပ်ပြီး စိတ်ဖိစီးနေတယ်” လို့ထပ်ခါထပ်ခါ ပြောပါတယ်။ ဓါတ်ခွဲခန်းမှာ ဝန်ထမ်းပေါင်း ၂၀၀ ကျော်ရှိပြီးဓာတ်ခွဲခန်းကျွမ်းကျင်းပညာရှင် ၇ ယောက်ရှိပါတယ်။ Covid-19 ရောဂါပိုးရှိမရှိအဖြေဖော်နိုင်တဲ့ ဒီပညာရှင် ၇ ယောက်နဲ့တခြားပညာရှင်တွေ ၂၄ နာရီ နေ့ရော ညပါလုပ်ကိုင်နေရပါတယ်။
“ကျွန်မတို့က Covid-19 တင်မဟုတ်ပါဘူး။ တခြား အမျိုး ၆၀ လောက်ရှိတဲ့ ဘက်တီးရီးယားတွေ လည်းစစ်ရပါသေးတယ်”လို့ ဒေါက်တာဌေးဌေးတင်က ပြောပါတယ်။

The National Health Laboratory is the only lab capable of testing for the coronavirus in Myanmar. (Ministry of Health and Sports)

The National Health Laboratory is the only lab capable of testing for the coronavirus in Myanmar. (Ministry of Health and Sports)

အမျိုးသားဓာတ်ခွဲခန်းဟာ နိုင်ငံတကာမှာ Covid- 19 ပိုးရှိမရှိ စစ်ဆေးဖို့အသုံးပြုနေတဲ့ RT-PCR“Reverse transcription-polymerase chain reaction” စက်ကိုပဲအသုံးပြု‌နေပါတယ်။ သံသယလူနာရဲ့ နှာခေါင်းတို့ဖက်၊ဒါမှမဟုတ် အာခေါင်တို့ဖက်ကို ဓါတ်ခွဲပြီး RNA ဆိုတဲ့ မျိုးရိုးဗီဇကိုယူပါတယ်။ပြီးတော့ လိုအပ်တဲ့ ဓါတ်ပစ္စည်းတွေပေါင်းထည့်ပြီး စက်ထဲကို သုံးနာရီအထိ ထားရပါတယ်။ ထွက်လာတဲ့ ဓါတ်ခွဲပစ္စည်းဟာ Covid-19 နဲ့ ဖွဲ့စည်းပုံချင်း တူနေရင် ဒီလူနာဟာ Positive လို့သတ်မှတ်ရပါတယ်။
လွန်ခဲ့တဲ့ တစ်လ လောက်ကထိမြန်မာပြည်မှာ ဒီစက်မရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့အကူအညီနဲ့ the Armed Forces Research Institute of Medical Science (a US-Thai collaboration) နဲ့ ဂျပန်နိုင်ငံရဲ့ အကူအညီကြောင့်သာ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ နောက်ဆုံး အပတ်ထဲမှာ စက် ၄လုံးရောက်လာခဲ့ပါတယ်။
ဒေါ်ဌေးဌေးတင်ရဲ့ ပြောကြားချက်ကတော့ သံသယ လူနာအများစုကို စက်နဲ့ တစ်ကြိမ်စစ်ပါတယ်။ သို့ပေမယ့်လည်း လူနာရဲ့ အနေအထားအပေါ်မူတည်ပြီး ၃ ရက်တစ်ကြိမ်၊ ၅ ရက်တစ်ကြိမ်၊ ၁၄ ရက်တစ်ကြိမ် စစ်ဆေးတာမျိုးတွေလည်းလုပ်ပါတယ်။ လူနာတိုင်းကိုတော့ မဟုတ်ပါဘူး။
လက်ရှိမြန်မာပြည်မှာ Covid-19 ပိုးတွေ့နေတဲ့ လူနာနှစ်ယောက်ကိုတော့ ပုံစံလေးမျိုးနဲ့ လေးခါစစ်ခဲ့တယ်လို့ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာမှာ Covid-19 ပိုးမတွေ့ခင် မတ်လ ၂၃ ရက်အထိ ဆိုရင် စောင့်ကြည့်လူနာ ၁၂ ဦးသေဆုံးခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကိုစစ်ဆေးချက်အရ Covid-19 ပိုးမတွေ့ဘဲ တခြားရောဂါတွေနဲ့ သေဆုံးတာလို့ ကျန်မာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
“ပိုးတွေ့ရဲ့သားနဲ့ဖုံးကွယ်ထားဖို့ အကြောင်းလည်းမရှိပါဘူး” လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
မလေးရှားနိုင်ငံ Newcastle တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခဖြစ်တဲ့ ဒေါက်တာမိုးကျော်သူက တော့ Covid-19 ရောဂါကို စစ်ဆေးတဲ့နေရာမှာ PCR စက်တွေဟာ မှားယွင်းနိုင်ချေ အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။ ဒေါက်တာမိုးကျော်သူက Cellularနဲ့ Molecular biology ပညာရှင်ဖြစ်ပြီး အာရှနိုင်ငံအတော်များများမှာ ဆေးပညာနဲ့တာဝန်ထမ်းဆောင်ဖူးပါတယ်။ မှားယွင်းနိုင်ချေဆိုတာဟာ ကျွမ်းကျင်ပညာရှင်ရဲ့ ကိုင်တွယ်မှုနဲ့ အခြေအနေ အချိန်အခါ အပေါ်မှာ အခြေခံတယ်လို့သူကဆိုပါတယ်။
Covid19ဟာ ခန္ဓာကိုယ်ထဲရောက်ပြီး ၁၄ရက်အကြာမှာ ရောဂါလက္ခဏာပြတာဖြစ်တဲ့အတွက် အဲ့ဒီ့မတိုင်ခင်မှာ စမ်းသပ်မိတာမျိုး၊ ဒါမှမဟုတ် ဓါတ်ခွဲဖို့ အဆင့်ဆင့်မှာ ကျွမ်းကျင်မှုလိုအပ်တယ်ဆိုရင် မှားယွင်းဖို့ ဦးတည်နိုင်တယ်လို့ သူက ဆိုပါတယ်။

A member of Yangon City Development Committee disinfects Pazundaung market on March 21 as part of efforts to prevent the spread of COVID-19 in Yangon. (Hkun Lat I Frontier)

A member of Yangon City Development Committee disinfects Pazundaung market on March 21 as part of efforts to prevent the spread of COVID-19 in Yangon. (Hkun Lat I Frontier)

စိုးရိမ်စရာကောင်းတဲ့အချက်တစ်ခုကတော့ မြန်မာနိုင်ငံဟာ လူဦးရေများများကို မစစ်နိုင်သေးတာပဲဖြစ်ပါတယ်။
အခြားသော နိုင်ငံတွေမှာ တစ်နေ့ကို လူထောင်နဲ့ချီပြီး စစ်ဆနေကြပါတယ်။ နည်းပညာရဲ့အကူအညီကို အဓိကယူပြီး တောင်ကိုရီးယားဟာ တစ်နေ့ကို လူ နှစ်သောင်းလောက် စစ်ဆေးနိုင်စွမ်းရှိတယ်လို့ နိုင်ငံတကာ သတင်းတွေမှာဆိုပါတယ်။ မြန်မာပြည်မှာတော့ မတ်၂၄ ရက်အထိ စောင့်ကြည့်လူနာ ၂၃၅ ဦးနှင့် သံသယလူနာ နှစ်ဦးရှိနေပါတယ်။ ၎င်းတို့အနက် ရောဂါပိုးတွေ့ရှိသူ နှစ်ဦးဖြစ်ပြီး ရောဂါပိုးမတွေ့သူ ၂၁၀ ဦးအထိရှိခဲ့ပါတယ်။
NHL ရဲ့ဦးဆောင်သူ ဒေါက်တာဌေးဌေးတင်ကတော့ အမျိုးသားဓာတ်ခွဲခန်းဟာ တစ်နေ့ကို လူ ၃၀၀ လောက်စစ်နိုင်စွမ်းရှိတယ်လို့အခိုင်အမာဆိုပါတယ်။ အရေးပေါ်အခြေအနေတွေမှာလည်း အဲ့လောက်ပမာဏ စစ်ဆေးနိုင်အောင် လူပညာရှင် အင်အားဖြည့်တင်းမယ်လို့သူမကဆိုပါတယ်။
တစ်နေ့လူသုံးရာအထိ စစ်ဆေးနိုင်ရင် ဘာလို့မစစ်ဆေးတာလဲ လို့မေးစရာရှိပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုအောက်မှာ NHL ဟာ လှုပ်ရှားရတာဖြစ်လို့ စစ်ဆေးချင်တိုင်း စစ်ဆေးလို့မရပြန်ပါဘူး။ ဓါတ်ခွဲခန်းဟာ သံသယလူနာလို့သတ်မှတ်ထားသူ။ကန့်သတ်နိုင်ငံက ပြန်လာသူ ဒါမှမဟုတ် လူနာနဲ့တိုက်ရိုက်ထိတွေ့မှုရှိသူတွေကိုပဲ စစ်ဆေးပါတယ်။ ကိုယ်ပူချောင်းဆိုးနေတဲ့ လူတိုင်းကို Lab က လိုက်စစ်ပေးဖို့တော့မရှိပါဘူး။ စစ်နေတဲ့ နမူနာတွေအားလုံးကလည်း ပြည်သူ့ဆေးရုံနဲ့ အစိုးရဆေးရုံကနေပဲ လာကြတာပါပဲ။
ဝန်ကြီးဌာနရဲ့စာရင်းတွေအရ သံသယလူနာအများစုကို ရန်ကုန်၊မန္တလေးနဲ့ ရှမ်းပြည်နယ်မှာ အများစုစောင့်ကြည့်ပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း၊မကွေးတိုင်းနဲ့ တခြားပြည်နယ် အနှံ့အပြားမှာလည်းရှိပါတယ်။ အဲ့ဒီ့နေရာအသီးသီးက ဓာတ်ခွဲနမူနာတွေကို ရန်ကုန်က NHL ဆီ ကုန်းလမ်းခရီးနဲ့ပဲ အများစု ပို့ကြပါတယ်။ Covid-19 လတ်တလောတွေ့ရှိထားတဲ့ အမျိုးသားဟာဆိုရင် ရန်ကုန်နဲ့မိုင်များစွာ ခရီးကွာဝေးပြီး ကီလိုမီတာအားဖြင့် တစ်ထောင်ကျော်ပါတယ်။
မလိုအပ်တဲ့အချိန်ကုန်မှုကိုဖြေရှင်းဖို့NHLမှာအစီအစဉ်တစ်ခုရှိနေပါတယ်။ ဒါကတော့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့မှာ အမျိုးသားအဆင့် ဓာတ်ခွဲခန်းတည်ဆောက်ဖို့ ပြင်ဆင်နေတယ်လို့ ဒေါက်တာ ဌေးဌေးတင်က Frontierကိုပြောပါတယ်။
မန္တလေးမှာ ဓါတ်ခွဲခန်းပြင်ဆင်ပြီးလိုအပ်တဲ့စက်တွေတပ်ဆင်ဖို့ လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။ ဒါဆိုရင် မြန်မာပြည်အထက်ပိုင်းရဲ့ နမူနာတွေအားလုံးကို မန္တလေးမှာပဲ စစ်ဆေးနိုင်မှာဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ဝန်ကို အဆမတန် ထမ်းထားတဲ့ NHL လည်းအနည်းငယ်ဝန်ပေါ့သွားနိုင်ပါတယ်။
မပြည့်စုံတဲ့မြန်မာလိုနိုင်ငံမျိုးအတွက်တော့ အရာရာဟာ လိုအပ်ချက်တွေရှိနေဦးမှာပါပဲ။
ဒါပေမယ့် ကူညီရိုင်းပင်းတဲ့ပူးပေါင်းပါဝင်လိုစိတ်ဟာ ဒီမပြည့်စုံမှုတွေကိုကျားကန်ထားတာပဲဖြစ်ပါတယ်။
ပညာရှင်ဦးရေ၊စက်ပစ္စည်းနဲ့ နည်းပညာ အားနည်းပြီး ဝန်နဲ့မမျှတဲ့ NHLဟာလည်း ပြည်သူတွေရဲ့ပူးပေါင်းမှုကို လိုအပ်ပါတယ်။ ဒါကတော့ ၂၄ နာရီ တာဝန်ထမ်းဆောင်နေတဲ့ ပညာရှင်တွေကိုအားဖြည့်ပေးဖို့ပါပဲ။
“micro biologist နဲ့ ဓါတ်ခွဲခန်းအတွေ့အကြုံရှိတဲ့ ပညာရှင်တွေကို NHL က ကြိုဆိုပါတယ်။ အချိန်မရွေးပါပဲ” ဒေါက်တာ ဌေးဌေးတင်က စကားဆုံးတာနဲ့ သူ့ရုံးခန်းထဲက Microscope ကိုပဲ သဲသဲမဲမဲ ကြည့်နေပါတော့တယ်။

Additional reporting by Win Zar Ni Aung

TOP PHOTO: A security guard checks the temperature of a visitor at the entrance to Myanmar Plaza shopping centre in Yangon on March 20. (Hkun Lat I Frontier)

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.