Black Water လုံခြုံရေးကန်ထရိုက်တာဟောင်းက မြန်မာနိုင်ငံ၌ လုံခြုံရေးဝန်ဆောင်မှု ပေးမည်

အေအက်ဖ်ပီ

ကုမ္ပဏီဘုတ်အဖွဲ့တွင် ယခင် အမေရိကန်စစ်ဖက် ကန်ထရိုက်တာ Erik Prince ပါဝင်သည့် အမေရိကန်လုံခြုံရေး ဝန်ဆောင်မှုကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအား လုံခြုံရေးဝန်ဆောင်မှုပေးရန် လာရောက် လုပ်ကိုင်တော့မည်ဟု အေအက်ဖ်ပီကို ပြောကြားသည်။ ထိုကုမ္ပဏီသည် မတည်မငြိမ်ဖြစ်နေသော တရုတ်ပြည်၊ ရှင်ဂျန်း Xinjiang ဒေသတွင် လုပ်ငန်း လုပ်ကိုင်ရန်စီစဉ်နေကြောင်း ထုတ်ဖော်ပြောဆိုသဖြင့် ပြင်းထန်သော တုံ့ပြန်မှုများ ခံခဲ့ရသေးသည်။

ဟောင်ကောင်အခြေစိုက် Frontier Services Group (FSG) ကုမ္ပဏီသည် အန္တရာယ်များပြားပြီး ပဋိပက္ခထူပြောသောဒေသတွင် လုပ်ကိုင်နေသော ကုမ္ပဏီများအား လုံခြုံရေးနှင့် ထောက်ပို့လုပ်ငန်း ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီဖြစ်သည်။

ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကုမ္ပဏီ၏ ဒု-ဥက္ကဌလည်းဖြစ်သော Erik Prince သည် ယခင်က အမေရိကန်နေဗီဆီးလ် တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး နာမည်ဆိုးဖြင့်ကျော်ကြားသော ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ Black Water ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်သည်။ Prince သည် လက်ရှိအမေရိကန်ပညာရေးဝန်ကြီး Betsy De Vos ၏ အကိုတော်စပ်သူလည်း ဖြစ်သည်။

နောက်ပိုင်းတွင် အမည်ပြောင်းလိုက်သော Black Water ကုမ္ပဏီ၏ ဝန်ထမ်းများသည် အမေရိကန်တို့ ဆင်နွှဲခဲ့သော အီရတ်နှင့် အာဖဂန်နစ္စတန်စစ်ပွဲများတွင် အငြင်းပွားဖွယ်ကဏ္ဍမှ ပါဝင်ခဲ့သူများဖြစ်ပြီး ၂ဝဝ၇ ခုနှစ်တွင် လက်နက်မဲ့ အီရတ်အရပ်သား ၁၄ ယောက်ကို သတ်ဖြတ်ရာတွင် တာဝန်ရှိသူများလည်းဖြစ်သည်။

FSG ကုမ္ပဏီသည် တရုတ်ပြည် ရှင်ဂျန်းနယ်တွင် လေ့ကျင့်ရေးစခန်းတစ်ခု တည်ဆောက်ပေးရန် တရုတ်အစိုးရနှင့် ကနဦးသဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်ဟု ဖေဖော်ဝါရီလအတွင်းတွင် အေအက်ဖ်ပီက သတင်းဖော်ပြခဲ့သည်။

တရုတ်ပြည်အနောက်မြောက်ပိုင်းရှိ ထိုဒေသတွင် လုံခြုံရေးအတွက် ဝီဂါမူဆလင်များကို တရုတ်အစိုးရက နှိပ်ကွပ်ခြင်း၊ အစုလိုက်အပြုံလိုက် ထောင်ချခြင်းများ ပြုလုပ်လျက်ရှိသည်။

FSG ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်က ယခုအခါ မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းများဆောင်ရွက်နေပြီဟု အတည်ပြု ပြောကြားသည်။

“FSG သည် မြန်မာနိုင်ငံတွင် ဖက်စပ်ပူးတွဲလုံခြုံရေးကုမ္ပဏီ တည်ထောင်ထားပြီး တရုတ်၊ ဂျပန်နှင့် ထိုင်း အပါအဝင် နိုင်ငံတကာမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသူများကို နိုင်ငံတကာ အဆင့်မီ လုံခြုံရေးဝန်ဆောင်မှုပေးရန် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ရရှိထားပြီးဖြစ်သည်” ဟု ၎င်းက မတ် ၂ဝ ရက်နေ့တွင် ပြောကြားသည်။

နောက်ထပ်အသေးစိတ်ပြောပြရန် ၎င်းက ငြင်းဆိုခဲ့ရာ FSG အနေဖြင့် မည်သည့်ကုမ္ပဏီများနှင့် မည်ည့်နေရာတွင် လုပ်ကိုင်ဆောင်ရွက်ပေးနေသည်ကို မသိရှိခဲ့ရချေ။ အနည်းဆုံးတော့ FSG သည် လွန်ခဲ့သောနှစ် ဇွန်လလယ်ကတည်းက မြန်မာနိုင်ငံတွင် လှုပ်ရှားလုပ်ကိုင်နေခဲ့ခြင်းဖြစ်သည်။

ယခင်ထိပ်တန်းစစ်တပ်အရာရှိဟောင်းတစ်ဦး၏ Facebook စာမျက်နှာတွင် Personal Protection Specialist Training Graduation Ceremony (လူပုဂ္ဂိုလ်များအား အကာအကွယ်ပေးရေး အထူးသင်တန်းဆင်းပွဲ) ဟူသည့် ဓာတ်ပုံကို ထိုစဉ်က ဖော်ပြခဲ့သည်။ ထိုသင်တန်းကို FSG က လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကြီးကြီးမားမားနှင့် စီမံကိန်းကြီးများမှာ တိုင်းရင်းသားလက်နက်ကိုင်သူပုန်များနှင့် မြန်မာ့တပ်မတော်တို့ တိုက်ခိုက်နေကြသော မတည်မငြိမ်ဖြစ်နေသည့် နယ်စပ်ဒေသများတွင် ရှိနေကြသည်။ ထိုအထဲတွင် ရခိုင်ပြည်နယ်လည်း ပါဝင်သည်။ ၂ဝ၁၇ ခုနှစ်တွင် ရိုဟင်ဂျာမူဆလင်များကို စစ်တပ်ကနှိမ်နှင်းရာတွင် ရိုဟင်ဂျာ ခုနစ်သိန်းကျော် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသည်။

FSG က ထုတ်ဖော်ပြောဆိုခဲ့သော နိုင်ငံသုံးခုလုံးသည် အစွန်အဖျား နယ်ခြားဒေသ ဈေးကွက်များတွင် ငွေများပုံအော၍ ရင်းနှီးထားကြသော နိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံကမူ အများဆုံးရင်းနှီးမြှုပ်နှံထားသူ ဖြစ်သည်။

တရုတ်ပြည်သည် ပင်လယ်ဆိပ်ကမ်းများ၊ ဆည်များ၊ ပိုက်လိုင်းများနှင့် သတ္တုတွင်းလုပ်ငန်းများတွင် မြန်မာနိုင်ငံအနှံ့ ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ၎င်း၏ ရပ်ဝန်းတစ်ခု လမ်းတစ်ခု OBOR ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ စီမံကိန်းကြီးအောက်တွင် နောက်ထပ် ငွေကြေးအမြောက်အမြား မြန်မာနိုင်ငံထဲသို့ လှိမ့်ဝင်လာဦးမည်ဟု မျှော်လင့်ရသည်။

တရုတ်နိုင်ငံပိုင် CITIC Group ၏ လက်ခွဲကုမ္ပဏီ CITI Group (Myanmar) သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် အဓိက ရင်းနှီးမြှုပ်နှံသူဖြစ်သည်။ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ကုန်ကျမည့်စီမံကိန်းကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လက်မှတ်ထိုးခဲ့သည်။ CITI Group ဥက္ကဋ္ဌ Chang Zhenming သည် FSG ကုမ္ပဏီဘုတ်အဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ FSG သည် CITIC (Myanmar) အတွက် လုံခြုံရေးဝန်ဆောင်မှုများ ပေးနေပြီလား (သို့) ပေးတော့မည်လားဆိုသည်ကို မေးမြန်းတီးခေါက်ကြည့်ရန် CITIC (Myanmar) နှင့် လတ်တလော ဆက်သွယ်၍ မရသေးပေ။

မြန်မာနိုင်ငံ၌ အဆင်းရဲဆုံးပြည်နယ်များတွင် တစ်ခုအပါအဝင်ဖြစ်သော ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လိုလားနေသည်။ သို့သော် ရိုဟင်ဂျာများနေရပ်ပြန်ရေး အနာဂတ် မသေချာ မရေရာသေးခြင်းနှင့် ရခိုင်သူပုန်များနှင့် လောလောလတ်လတ်ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် အဓိကပြုပြင်ပြောင်းလဲရေးကို အနှောင့်အယှက်ဖြစ်လျက်ရှိသည်။

မတည်မငြိမ်ဖြစ်နေမှုများကြောင့် လုံခြုံရေးကုမ္ပဏီများအဖို့ အခြေအနေကောင်းဖြစ်သွားသည်။ လူ့အခွင့်အရေးအုပ်စုများကတော့မူ ဈေးကွက်တွင်းသို့ FSG ဝင်လာမှုက မည်သို့သော အဓိပ္ပာယ်သက်ရောက်လာမည်ဆိုသည်ကို စိုးရိမ်လျက်ရှိသည်။

“လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ ထမင်းစားရေသောက်လိုဖြစ်နေတဲ့ မြန်မာနိုင်ငံလိုဟာမျိုးမှာ Erik Prince နှင့် FSG တို့ အံဝင်ဂွင်ကျဖြစ်သွားတာ ဝမ်းနည်းစရာပဲ” ဟု Human Right’s Watch မှ Phil Robertson ကပြောပြီး လုံခြုံရေးကုမ္ပဏီရဲ့ လှုပ်ရှားမှုများ မျက်ခြေမပြတ်စောင့်ကြည့်ကြရန် မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်းများကို တိုက်တွန်းလိုက်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.