Anthem Asia တွင် အဖွဲ့အစည်းသုံးခုက ဒေါ်လာ ၃၄ ဒသမ ၅ သန်း ထည့်ဝင်

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်း သုံးခုက Anthem Asia Myanmar SME Venture Fund တွင် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၅ သန်း ထည့်ဝင်လိုက်ကြောင်း Anthem Asia ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုရေရှည်ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းစုများ (SME) အတွက် အရင်းအနှီးမတည်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဟု ဖော်ပြထားသည်။

ငွေကြေးထည့်ဝင်ပံ့ပိုးသည့် အဖွဲ့အစည်းသုံးခုမှာ ကမ္ဘာ့ဘဏ်၏ အစုဝင် အဖွဲ့အစည်းဖြစ်သော အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)၊ နယ်သာလန်အစိုးရ၏ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ SME များ အရင်းအနှီး မတည်ငွေရရှိနိုင်မည့် အခွင့်အလမ်း တွင်ကျယ်စေရန် ရည်ရွယ် တည်ထောင်ထားပြီး Triple Jump B.V. ဦးစီးသော Dutch Good Growth Fund (DGGF)နှင့် ဗြိတိသျှအစိုးရက ဦးစီး၍ ဖွံ့ဖြိုးရေးဆိုင်ရာ ငွေကြေး အထောက်အပံ့ပေးသော CDC Group Plc တို့ဖြစ်သည်။

၎င်းတို့က ငွေပမာဏကို ဒေါ်လာ သန်း ၅၀ အထိ ဆက်လက် ထည့်ဝင် ဆောင်ရွက်သွားမည်ဟု Anthem Asia ကဆိုသည်။

“IFC၊ DGGF နှင့် CDC တို့နဲ့အတူ ဒီအောင်မြင်မှုမှတ်တိုင်ကို ရောက်ရှိခဲ့တဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု Anthem Asia အား ပူးတွဲတည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာ Ms. Josephine Price က ပြောကြားသည်။

အာရှဖွံ့ဖြိုးဆဲနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံများစွာရှိသော အမျိုးသမီးနှစ်ဦးဖြစ်သည့် Ms. Josephine Price နှင့် Ms. Genevieve Heng တို့က ထို Fund ကို ဦးဆောင်လျက်ရှိသည်။ ၎င်းနှစ်ဦးသည် ၂ဝ၁၃ ခုနှစ်ကတည်းက စတင်ကာ မြန်မာနိုင်ငံရှိ ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများကို ရင်းနှီး တည်ထောင်ပေးသည့် လွတ်လပ်သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနှင့် အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်သော Anthem Asia ကို လုပ်ဆောင်နေခြင်းဖြစ်သည်။  

လက်ရှိအချိန်တွင် စားသောက်ဆိုင်လုပ်ငန်းဖြစ်သော Rangoon Tea House၊ အမေရိကန်သင်ရိုးဖြင့် သင်ကြားသည့် Thalun International School အစရှိသော SME များစွာတွင် အစုရှယ်ယာဝင်အဖြစ် ရင်းနှီး မတည်ပေးထားသည်ဟု ဆိုသည်။

“အများအားဖြင့် ခက်ခဲတဲ့ လုပ်ငန်းပတ်ဝန်းကျင်မှာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေရပေမယ့် မြန်မာနိုင်ငံမှာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အခွင့်အလမ်းတွေ များစွာ ရှိပါတယ်။ အာရှ၊ ကမ္ဘာ့စီးပွားရေးတို့နဲ့ ပြန်လည် ချိတ်ဆက်ရတဲ့အတွက်လည်း မြန်မာပြည်မှာ ကြီးမားတဲ့ ရေရှည်အလားအလာတွေ ရရှိလာပါတယ်” ဟု Ms. Genevieve Heng က ပြောကြားသည်။

“မြန်မာနိုင်ငံက ငွေကြေးအရင်းအနှီး ဈေးကွက်မှာ အစပျိုးစ အခြေအနေမှာရှိပြီး ဘဏ်ချေးငွေ အလွယ်တကူ မရရှိတဲ့အတွက် ပြည်တွင်းလုပ်ငန်းတွေဟာ ရှင်သန်ကြီးထွားဖို့ ရုန်းကန်ရပါတယ်။ ကျွန်မတို့ရဲ့ ရည်မှန်းချက်နဲ့ ထပ်တူကျတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်း ဆောင်ရွက်သူတွေ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်မတို့ Fund က ကူညီပံ့ပိုး ပေးသွားပါမယ်။ ပြည်တွင်းလုပ်ငန်းတွေ ခေတ်မီ တိုးတက်ဖို့နဲ့ ယှဉ်ပြိုင်မှုအင်အား တောင့်တင်းလာဖို့အတွက် ငွေကြေးထောက်ပံ့မှုအပြင် အခြား အကူအညီတွေလည်း လိုအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

အလားအလာကောင်းသော SME လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန် အစုရှယ်ယာဝင် တစ်ယောက်အဖြစ် ပါဝင်ပြီး ရင်းနှီးမတည်သွားမည်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု၊ ပညာရေးဆိုင်ရာ ဝန်ဆောင်မှု၊ စားသောက်ကုန်လုပ်ငန်းနှင့် စားသုံးကုန်ပစ္စည်းလုပ်ငန်း၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ဈေးကွက်နှင့် ဆက်ဆံရေးဆိုင်ရာလုပ်ငန်း အစရှိသည့် ကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားမည်ဟု Anthem Asia က ပြောကြားသည်။

အစုရှယ်ယာ ပါဝင်မှုပြုလုပ်ရာတွင် တစ်ကြိမ်လျှင် ဒေါ်လာသုံးသန်းအထိ ပါဝင်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများကို လုပ်ငန်းတိုးချဲ့နိုင်ရေးအတွက် အသုံးပြုလိုသော စီးပွားရေးလုပ်ငန်းများ၊ အမျိုးသမီး ဦးဆောင်သော လုပ်ငန်းများ၊ အမျိုးသမီးလုပ်ငန်းများကို ဦးစားပေးသွားမည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.