နှစ်ပေါင်း၂၀အတွင်း ဗီယက်နမ်ကို မြန်မာတကြိမ်မှ အနိုင်မရ
ရန်ကုန်၊ နိုဝင်ဘာ ၂၀
ယနေ့ညနေက ယှဉ်ပြိုင်ကစားသည့် AFF Suzuki ဖလားအဖွင့်ပွဲစဉ်တွင် ဗီယက်နမ်အသင်းက အိမ်ရှင်မြန်မာအသင်းကို အနိုင်ကစားခဲ့ပြီး သုံးမှတ်ရယူသွားခဲ့သည်။
ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးကို မြန်မာကွင်းလယ်ကစားသမား ရဲကိုဦး၏ အမှားမှတဆင့် ပထမပိုင်းပွဲချိန် ၂၃ မိနစ်တွင် ဗီယက်နမ်ရှေ့တန်းလူက သွင်းယူသွားခဲ့သည်။
ပွဲချိန် ၇၃ မိနစ်တွင် အောင်သူက ၁၈ ကိုက်စည်းထိပ်မှ အပြင်းကန်သွင်းပြီး မြန်မာအတွက် ခြေပဂိုးရယူသွားခဲ့သော်လည်း ပွဲချိန် မိနစ် ၈၀ တွင် ဗီယက်နမ်အသင်းခေါင်းဆောင်က အနီးကပ်ပိတ်သွင်းပြီး အနိုင်ဂိုးသွင်းယူခဲ့သည်။
AFF Suzuki သမိုင်းတလျောက် နှစ်ပေါင်း ၂၀ အတွင်း မြန်မာအသင်းသည် ဗီယက်နမ်ကို အမြင့်ဆုံးသရေတစ်ကြိမ်သာ ကစားနိုင်ခဲ့ပြီး ကျန်တွေ့ဆုံပွဲများတွင် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် AFF Suzuki ဖလား သမိုင်းတလျှောက်တွင် ဗီယက်နမ်နှင့် လေးကြိမ်တွေ့ဆုံခဲ့ဖူးပြီး တစ်ကြိမ်မှ အနိုင်မရခဲ့ဖူးပေ။
မြန်မာအသင်းသည် ဗီယက်နမ်ကို ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၂၀၁၂ AFF Suzuki ဖလားတွင် ကြည်လင်း၏ သွင်းဂိုးဖြင့် သရေတစ်မှတ်ရယူခဲ့ဖူးပြီး ၁၉၉၆ တွင် (၄-၁)ဂိုး၊ ၂၀၀၂ တွင် (၄-၂)ဂိုး၊ ၂၀၁၀ တွင် (၇-၁)ဂိုးတို့ဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။
ယခုအိမ်ရှင်အဖြစ်လက်ခံကျင်းပချိန်တွင် ငါးကြိမ်မြောက် တွေ့ဆုံခဲ့ခြင်းဖြစ်ကာ (၂-၁)ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။
img_7906.jpg
title=
မြန်မာအသင်းသည် တစ်ဦးချင်းအမှားမှတဆင့်ဂိုးများပေးလိုက်ရခြင်းဖြစ်ကြောင်းနှင့်လာမည့် ပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းသည် အန္တရာယ်ရှိတဲ့အသင်းဖြစ်ပြီး အုပ်စုတက်ရေးအတွက် အာရုံစူးစိုက်ကစားရမည်ဖြစ်ကြောင်း မြန်မာအသင်းနည်ပြ မစ္စတာဂတ်ဇီစီက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာအသင်းနှင့် တစ်အုပ်စုထဲ ကျရောက်နေသည့် မလေးရှားနှင့် ကမ္ဘောဒီးယားတို့ပွဲစဉ်တွင် မလေးရှားက ကမ္ဘောဒီးယားကို (၃-၂)ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။
အုပ်စု(ခ)တွင် ကျရောက်နေသည့်အသင်းလေးသင်းသည် အဖွင့်ပွဲစဉ် ကစားအပြီးတွင် မလေးရှားက အုပ်စုပထမ၊ ဗီယက်နမ်က အုပ်စုဒုတိယ ၊မြန်မာကတတိယနှင့် ကမ္ဘောဒီးယားကစတုတ္ထနေရာတို့တွင် ရပ်တည်နေခဲ့သည်။
အိမ်ရှင်မြန်မာအသင်းသည် ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၃ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် လည်းကောင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၆ ရက်တွင် မလေးရှားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
သတင်း-ထွန်းခိုင်