ABSDF မှ ကိုမင်းဌေး လွတ်မြောက်ရေး ဖေဖော်ဝါရီ ၆ ရက်နေ့အထိ စောင့်ကြည့်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ကိုမင်းဌေးု ပြန်လည် လွတ်မြောက်ရေးအတွက် အစိုးရနှင့် ညှိနှိုင်းခဲ့ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့အထိ စောင့်ကြည့်နေသည်ဟု ABSDF ခေါင်းဆောင် ရဲဘော်သံခဲက ပြောကြားသည်။

“ကိုမင်းဌေးလွတ်မြောက်ရေးကို ဖေဖော်ဝါရီ ၆ ရက်လောက်အထိ စောင့်ကြည့်ပေးပါ” ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သည့် ရဲဘော်သံခဲက Frontier ကို ပြောကြားသည်။

ကချင်လွတ်မြောက်ရေးတပ်၏ အကျိုးဆောင်ရွက်သည့်ဟု စွပ်စွဲကာ ကိုမင်းဌေးကို ဗန်းမော်-လွယ်ဂျယ်ကားလမ်း စိန်လုံဂိတ်တွင် ဖမ်းဆီးပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂၁ မှ ဗိုလ်မှူးသက်ဆွေလင်းက တရားလိုပြုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ဗန်းမော်မြို့တွင် တရားစွဲဆိုကာ ဗန်းမော်အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားသည်။

ရဲဘော်သံခဲအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင်များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ အဖွဲ့အကြံပေးဖြစ်သူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော်မှ စဝ်ခွန်စိုင်း၊ ပအိုဝ့် လွတ် မြောက်ရေးအဖွဲ့ နာယက ခွန်ဥက္ကာတို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ လက်နက်ကိုင် အစုအဖွဲ့၏ အတွင်းရေးမှူး စောကွယ်ထူးဝင်းတို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ဇန်နဝါရီ ၂၃ ရက်နေ့တွင် သီးခြားစီ တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဖမ်းဆီးခံထားရသည့် ABSDF မှ ကိုမင်းဌေးနှင့် ရခိုင်လွတ်မြောက်ရေးပါတီမှ ခိုင်မျိုးထွန်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် ရှေ့နေချုပ်နှင့် ဥပဒေအရ ဆောင်ရွက်နိုင်ခွင့်ရှိသည်များကို ဆောင်ရွက်ရန် အသေးစိတ် ဆွေးနွေးခဲ့သည်ဟု စဝ်ခွန်ဆိုင်းကပြောကြားသည်။

ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် အပစ်ရပ်လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့တွင် လက်ရှိ အဖမ်းခံထားရသည့် ကိုမင်းဌေး၏ ABSDF နှင့် ခိုင်မျိုးထွန်း၏ ရခိုင်လွတ်မြောက်ရေးပါတီတို့လည်း ပါဝင်ကြသည်။

လက်မှတ်ရေးထိုးပြီးသောအဖွဲ့များမှ အဖွဲ့ဝင်များအနေဖြင့် မိမိတို့ယုံကြည်ရာ နိုင်ငံရေးယူဆချက်များကို ပြောဆိုခွင့်ရှိသကဲ့သို့ ဆောင်ရွက်ခွင့်ရှိသည်ကို အစိုးရနှင့် ၎င်းတို့ ချုပ်ဆိုထားသည့် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် နိုင်ငံရေးဆိုင်ရာ နှစ်ဖက်သဘောတူစာချုပ်များတွင် အတိအလင်း ထည့်သွင်းထားရှိပြီးဖြစ်သည်ဟု ရဲဘော်သံခဲက ဆိုသည်။

“ဒီလိုသဘောတူထားတာတွေ ရှိတယ်။ အပစ်ရပ် လက်မှတ်ထိုးကတည်းက မတရားအသင်းကလည်း ပယ်ဖျက်ပြီးသား၊ ဒါပေမယ့် အခုလိုဖမ်းဆီးခြင်းကြောင့် နောင်ဆွေးနွေးတဲ့နေရာတွေမှာ တစ်ဖက်နဲ့ တစ်ဖက် အားလုံးအတွက် နားလည်မှုတွေ လွဲစေနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်လွတ်မြောက်ရေးပါတီမှ ဖမ်းဆီးခံထားရသူ ခိုင်မျိုးထွန်းအတွက်လည်း ဇန်နဝါရီ ၂၃ ရက်နေ့က တွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည်ဆိုသော်လည်း မည်သို့ဆောင်ရွက်နေသည်ကို Frontier က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

ရခိုင်လွတ်မြောက်ရေးပါတီ၊ ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅/ခ/ဂ တို့ဖြင့် ရခိုင်ပြည်နယ်အခြေစိုက် တပ်မတော်တပ်ရင်းတစ်ခုမှ ဒုဗိုလ်ကြီးတစ်ဦးဖြစ်သူက ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် တရားရုံးသို့ ဦးတည် တိုင်တန်းလျောက်ထားပြီး ဖမ်းဝရမ်းထုတ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar