ကလေးတစ်ယောက်က သူပညာတတ်ရင် သူ့ရွေးချယ်ခွင့် မြို့ပြ ကျောင်းမှာပဲနေနေ၊ NUG အစိုးရရဲ့ ပညာသင်ဌာနမှာသင်သင်၊ နိုင်ငံတကာ ကျောင်းတွေမှာ အင်တာနက်တွေက တဆင့် သင်သင်၊ဒါက သူ့ရဲ့ ရွေးချယ်ခွင့်လို့ ကျွန်တော်တို့က ရှုမြင်တယ်။
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေကြတဲ့ ကျောင်သားတွေကို အထူးအစီအစဉ်နဲ့ ကျောင်းပြန်တက်ရောက်နိုင်တယ်လို့ ဒီနှစ်စာသင်နှစ်မှာ စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် NUG ပညာရေးအောက်မှာ သင်ကြားနေကြတဲ့ အညာဒေသက ကျောင်းသားတချို့ စစ်ကော်မရှင်လက်အောက်ခံ စာသင်ကျောင်းတွေဆီကို ပြောင်းရွှေ့တက်ရောက်သွားကြတာတွေလည်း ရှိနေပါတယ်။
စစ်ကော်မရှင်ရဲ့ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်းပြောင်းရွှေ့ကြတာကလည်း အဓိကအကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။ တော်လှန်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအကြား ကျောင်းပြောင်းရွှေ့ရေး မရွှေ့ရေး သဘောထားအမျိုးမျိုးကွဲပြားမှုတွေရှိလာပါတယ်။
ဒီတစ်ပတ်ရဲ့ ဒို့အသံအစီအစဉ်မှာ ကလေးပညာရေးအတွက် ကျောင်းသားမိဘတွေရဲ့ ရွေးချယ်မှု၊ စိုးရိမ်မှု စိတ်ခံစားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို တင်ဆက်ထားပါတယ်။