နိုင်ငံတကာဝယ်လိုအား ကျဆင်းမှုနဲ့အတူ စစ်ကော်မရှင်ရဲ့စီးပွားရေး စီမံခန့်ခွဲမှုအလွဲတွေကြောင့် မတ်ပဲဈေးတွေ ကျဆင်းနေပြီး ဧရာဝတီတိုင်းက တောင်သူတွေ အကြွေးနွံတွေကြား နေ့စဥ်စားဝတ်နေရေးအတွက် အခက်တွေ့နေကြပါတယ်။
ဖရွန်တီးယား
အချိန်ကာလက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၊ စိုက်ခင်းထဲက တစ်လသားအရွယ် စိမ်းစိုနေတဲ့ မတ်ပဲပင်တွေကို ကြည့်ရင်း ကိုဘိုသန်းတစ်ယောက် ငေးမောကြည့်ရင်း “ပဲသိမ်းချိန်ကျရင် ဈေးလေးပြန်တက်ပါစေ” လို့လည်း စိတ်ထဲကနေ တဖွဖွဆုတောင်းနေမိပါတယ်။ ဆုတောင်းပြည့်ကာမှ သူရည်ရွယ်ထားတဲ့ ကုသိုလ်ကောင်းမှုလေးတစ်ခု သူ့မိသားစုအတွက် လုပ်ပေးနိုင်မှာလေ။
“ပြီးခဲ့တဲ့နှစ်က ကျနော့် သားနှစ်ယောက်ကို ရှင်ပြုပေးဖို့ စိတ်ကူးထားတာဗျ။ အကြီးက ၁၂ နှစ်၊ အငယ်က ၇ နှစ်ရှိပြီ။ ဒါပေမဲ့ မတ်ပဲဈေးတွေ ထိုးကျသွားတာနဲ့ပဲ အရင်းပဲ ပြန်ရလိုက်တယ်၊ ရှင်မပြုလိုက်ရဘူး” လို့ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်က အသက် ၄၂ နှစ်အရွယ် ကိုဘိုသန်းက ဇန်နဝါရီလဆန်းပိုင်းတုန်းက ဖရွန်တီးယားကို ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်က မတ်ပဲဈေးဟာ ပိဿာ ၂၀ တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ လောက် ရှိခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် စိုက်ပျိုးရာသီအစမှာတော့ ကျပ် ၉၀,၀၀၀ လောက်အထိ ကျသွားပြီး ရာသီကုန်ခါနီးမှာတော့ ကျပ် ၈၀,၀၀၀ နီးပါးအထိကို ထပ်ကျသွားခဲ့ပါတယ်။
မြန်မာ့မတ်ပဲကို အဓိကဝယ်ယူနေတဲ့ အိန္ဒိယနိုင်ငံဘက်က ဝယ်လိုအား နည်းသွားတာရယ်၊ စစ်ကော်မရှင်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲတွေကြောင့်ရယ် အခုလို ဈေးနှုန်းတွေ ကျဆင်းခဲ့တာဖြစ်တယ် လို့ စိုက်ပျိုးရေးလောကသားတွေက ဖရွန်တီးယားကို ပြောပါတယ်။
တောင်သူကိုဘိုသန်းက ဒီနှစ်မှာတော့ သားလေးတွေကို ရှင်ပြုပေးနိုင်မယ်လို့ မျှော်လင့်နေတုန်းပါပဲ။ ဒါပေမဲ့ ဒီနှစ်ထဲ အပြတ်ဆပ်ရမယ့် အကြွေးတွေကလည်း ရှိနေတာမို့ သူ့ရဲ့မျှော်လင့်ချက်အိမ်မက် အကောင်အထည်ဖော်နိုင်ဖို့ အတော်ခဲယဉ်းနေပါတယ်။
“မနှစ်က အရှုံးပေါ်ခဲ့တော့ ဒီနှစ်အတွက် စိုက်ပျိုးစရိတ်က တစ်ပြားမှ မကျန်တော့ဘူးဗျ။ အခုဆို မျိုးစေ့နဲ့ ဓာတ်မြေဩဇာတွေကို အကြွေးနဲ့ ယူထားရလို့ အကြွေး သိန်း ၂၀ လောက် တင်နေပြီ” လို့ သူက ပြောပါတယ်။
ကိုဘိုသန်းက လယ် ၅ ဧက ပိုင်ဆိုင်ပါတယ်။ မတ်ပဲ စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်အထိ စိုက်ပျိုးစရိတ် တစ်ဧကကို ကျပ် ၇ သိန်းလောက် ကုန်ကျတယ် လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလအထိ မတ်ပဲကို စိုက်ပျိုးကြပါတယ်။
ကိုဘိုသန်းတို့ဒေသမှာ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်တွေက တောင်သူတွေကို အကြွေးနဲ့ ရောင်းပေးလေ့ရှိပါတယ်။
ပဲရိတ်သိမ်းပြီးတာနဲ့ အရင်းရော အတိုးရော ပြန်ဆပ်ရတာပါ။ ဆိုင်အများစုက အတိုးနှုန်းကို လေးရာခိုင်နှုန်းကနေ ခုနစ်ရာခိုင်နှုန်းကြား ယူကြပါတယ်။ ဒီနှုန်းထားဟာ အတိုးနှုန်း အဆမတန်ယူတဲ့ ငွေတိုးချေးစားသူတွေထက် စာရင်တော့ တောင်သူတွေအတွက် အသက်ရှူချောင်စေတယ်လို့ ဆိုပေမဲ့ ငွေကြေးလိုအပ်ချက်ကတော့ အတော်လေး ကြီးနေတုန်းပါပဲ။
“အလုပ်သမားခနဲ့ တခြား အထွေထွေအသုံးစရိတ်တွေအတွက်ကျတော့ ၂၀ တိုး နဲ့ငွေချေးထားရတာဗျ။ မတ်ပဲရိတ်ပြီးတာနဲ့ အဲဒီအကြွေးတွေ အကုန်ကြေအောင်ဆပ်နိုင်မယ် ထင်တာပဲ။ ဒါပေမဲ့ တကယ်ရော ကြေပါ့မလားလို့ တွေးမိတိုင်း ညဘက် အိပ်လို့တောင်မရဘူး” လို့ ကိုဘိုသန်းက ပြောပါတယ်။
ကိုဘိုသန်း တစ်ယောက် သားရှင်ပြုပွဲ မျော်လင့်ချက် အကောင်အထည်ဖော်နိုင်ရေးအတွက် မတ်ပဲစျေး တက်လာဖို့သာ ဆုတောင်းနေရတယ် လို့ ဆိုပါတယ်။
“မတ်ပဲဈေးလေးသာ တက်လာလို့ အကြွေးတွေလည်း ရှင်းသွားမယ်ဆိုရင်တော့ သားလေးတွေကို ရှင်ပြုပေးမှာပါ။ တကယ်လို့ ဒီနှစ်မှ မတတ်နိုင်သေးရင်လည်း နောက်နှစ်ပေါ့ဗျာ”

တောင်သူတွေရဲ့ အသက်သွေးကြော
မတ်ပဲကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတချို့မှာလည်း စိုက်ကြပေမဲ့ ဧရာဝတီတိုင်းကတော့ မတ်ပဲ အဓိကအစိုက်ပျိုးဆုံး ဒေသပါ။ အဲဒီဒေသခံတောင်သူတွေအနေနဲ့ မတ်ပဲက ရတဲ့ဝင်ငွေအပေါ်မှာပဲ အဓိက မှီခိုနေကြရတာပါ။
ဧရာဝတီတိုင်းမှာ မိုးရာသီဆိုရင် စပါးစိုက်ကြပေမဲ့ စပါးဈေးက ဈေးကောင်းရလေ့ မရှိတာကြောင့် တောင်သူတွေက ဆောင်းသီးနှံဖြစ်တဲ့ မတ်ပဲကိုပဲ အားကိုးတကြီး မျှော်လင့်ကြရပါတယ်။ မတ်ပဲကတော့ ပြည်ပကို တင်ပို့ဖို့သက်သက် စိုက်ကြတာဖြစ်ပြီး တခြားသီးနှံတွေ ထက်စာရင် အမြတ်အစွန်း ပိုရလေ့ရှိပါတယ်။
စစ်ကော်မရှင်ရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ပဲမျိုးစုံ ထုတ်လုပ်မှုဟာ မြန်မာနိုင်ငံရဲ့ စုစုပေါင်း စိုက်ပျိုးရေးထွက်ကုန်ရဲ့ ၃၃ ရာခိုင်နှုန်းရှိပြီး စပါးပြီးရင် ဒုတိယအများဆုံး ဖြစ်ပါတယ်။
ပဲမျိုးစုံဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေထဲမှာ ပြည်ပကို အများဆုံးတင်ပို့ရတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကဆိုရင် ပဲတန်ချိန် ၆ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ပြီး နှစ်စဉ်တန်ချိန် ၁ သန်း လောက် ပြည်ပကို တင်ပို့နိုင်ခဲ့တာကြောင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံလောက်အထိ ဝင်ငွေရခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ စုစုပေါင်း စိုက်ပျိုးမြေဧရိယာရဲ့ ၂၀ ရာခိုင်နှုန်း (ငါးပုံတစ်ပုံ) မှာ ပဲမျိုးစုံကို စိုက်ပျိုးကြပါတယ်။ အဲဒီအထဲကမှ ၇၂ ရာခိုင်နှုန်းကတော့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံ စိုက်ခင်းတွေ ဖြစ်ပါတယ်။
ဓနုဖြူမြို့နယ်က လယ်ရှစ်ဧကပိုင်ဆိုင်တဲ့ မတ်ပဲစိုက်တောင်သူ ဦးမြင့်အောင်က “မတ်ပဲဈေးတွေ ကျရင် တောင်သူတွေ အတော်လေး ဒုက္ခရောက်ကြရတယ်“ လို့ ပြောပါတယ်။
“စပါးကျတော့ အစိုးရက သတ်မှတ်ထားတဲ့ အခြေခံရည်ညွှန်းဈေးအောက်မှာပဲ အရောင်းအဝယ် ဖြစ်နေတာဗျ။ တစ်နိုင်ငံလုံးမှာလည်း အများကြီး ထွက်နေတော့ ဈေးကောင်းမရဘူး။ ကျနော်တို့ တောင်သူတွေ အမြတ်အစွန်းရဖို့အတွက်ကတော့ မတ်ပဲကိုပဲ အဓိက အားကိုးနေရတာ” လို့ ဦးမြင့်အောင်က ဖရွန်တီးယားကို ပြောပါတယ်။
မတ်ပဲကိုတော့ အိန္ဒိယနိုင်ငံကို အဓိက တင်ပို့တာဖြစ်ပြီး အဲဒီမှာ ရိုးရာအစားအစာ အမျိုးမျိုး လုပ်ဖို့အတွက် အသုံးပြုကြတာပါ။
၂၀၂၁ ခုနှစ်မတိုင်ခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အုပ်ချုပ်ခဲ့တဲ့အချိန်က အိန္ဒိယနိုင်ငံဟာ သူတို့ဆီက ပြည်တွင်းတောင်သူတွေကို ကာကွယ်ပေးဖို့အတွက် မြန်မာ့မတ်ပဲအပါအဝင် ပဲမျိုးစုံဝယ်ယူရာမှာ ကိုတာစနစ်ကို တင်းတင်းကျပ်ကျပ် ကျင့်သုံးခဲ့ပါတယ်။ ဒီလိုအခြေအနေမှာတောင် ပဲစိုက်တောင်သူတွေ အဆင်ပြေခဲ့ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းအပြီးမှာတော့ အိန္ဒိယအစိုးရက မူဝါဒအသစ်တစ်ခု ချမှတ်ခဲ့ပါတယ်။ အရင်ကလို ကိုတာနဲ့ ကန့်သတ်ဝယ်ယူတာမျိုး မလုပ်တော့ဘဲ မတ်ပဲကို ကြိုက်သလောက် အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုလိုက်တာပါ။ အဲဒီနောက်ပိုင်းမှာလည်း ဒီလို လွတ်လပ်စွာ တင်သွင်းခွင့်ပြုတဲ့မူဝါဒကို နှစ်စဉ် သက်တမ်းတိုးပေးခဲ့ပါတယ်။
ဒီအချက်ကြောင့်ပဲ တခြားစိုက်ပျိုးရေးထွက်ကုန်တွေနဲ့မတူဘဲ မြန်မာ့မတ်ပဲဈေးကွက်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တဟုန်ထိုး တက်လာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက မတ်ပဲ ပိဿာ ၂၀ တစ်အိတ်ကို ကျပ် ၃၀,၀၀၀ ဝန်းကျင်ပဲ ရှိခဲ့ရာကနေ တဖြည်းဖြည်း တက်လာပြီး ၂၀၂၄ ခုနှစ်မှာတော့ ကျပ် ၁၃၀,၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီလို ဈေးတွေ ဘယ်လောက်ပဲ တက်နေပါစေဦးတော့၊ အာဏာသိမ်းပြီးနောက်ပိုင်း တောင်သူတွေရဲ့ ဘဝကတော့ အရင်ကထက် ပိုပြီး ခက်ခဲလာတယ်လို့ ဦးမြင့်အောင်က ဆက်ပြောပါတယ်။
“ပဲဈေးကောင်းရုံနဲ့ တောင်သူတွေ ချမ်းသာသွားပြီ မထင်နဲ့။ မတ်ပဲဈေးက လေးဆတက်လာတယ်ဆိုပေမဲ့ စိုက်ပျိုးရေးသွင်းအားစုစရိတ်တွေကလည်း လေးဆမက လိုက်တက်လာတာဆိုတော့ ကျနော်တို့ကတော့ ဒုံရင်းပါပဲ” လို့ သူက ဆိုပါတယ်။
စစ်ကော်မရှင်လက်ထက်မှာ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးဆိုးရွားလာမှုကြောင့် စိုက်ပျိုးရေးသွင်းအားစု စားရိတ်တွေဟာ အဆမတန် မြင့်တက်လာခဲ့ပြီး တောင်သူတွေကို အကြွေးသံသရာထဲ နစ်ဝင်သွားစေခဲ့တာပါ။
“မတ်ပဲစိုက်ဖို့ဆိုရင် မျိုးစေ့၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာနဲ့ အလုပ်သမားခတွေ ပေးရတယ်ဗျ။ အဲဒီပစ္စည်းတွေရဲ့ ဈေးနှုန်းတွေက တက်ပြီးရင်း တက်နေချိန်မှာ မနှစ်က မတ်ပဲဈေးက ရုတ်တရတ် ထိုးကျသွားတယ်” လို့ ဦးမြင့်အောင်က ဆက်ပြောပါတယ်။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်က မတ်ပဲပွဲစားတစ်ဦးဖြစ်သူ ကိုမြတ်သာ (အမည်လွှဲ) ကတော့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေဟာ မတ်ပဲဈေး အကောင်းဆုံးနှစ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
“မတ်ပဲဈေးကောင်းနေတော့ နောက်နှစ်တွေမှာလည်း ဒီအတိုင်းပဲ ဆက်သွားလိမ့်မယ်လို့ ကျနော်တို့ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ မနှစ်က ပဲပေါ်ချိန်မှာတော့ ဈေးက တဖြည်းဖြည်း ပြန်ကျသွားတယ်။ ကုန်သည်ကြီးတွေ ပြောတာကတော့ အိန္ဒိယဘက်က ဝယ်လိုအား နည်းသွားလို့လို့ ပြောတာပဲ” လို့ သူက ပြောပါတယ်။

ဈေးကွက်ပြိုလဲမှု
ရန်ကုန်အခြေစိုက် ပဲကုန်သည်တစ်ဦးရဲ့အပြောအရ မတ်ပဲတင်ပို့မှုအားလုံးနီးပါးဟာ အိန္ဒိယနိုင်ငံကို သွားတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေကိုတော့ အနည်းငယ်စီသာ တင်ပို့ရတယ်လို့ သိရပါတယ်။
အခုဘဏ္ဍာနှစ်အတွက် မတ်ပဲတင်ပို့မှုပမာဏကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ ကုန်သည်တွေကတော့ ဈေးကွက်က တန့်နေတယ်၊ အရောင်းအဝယ် အေးနေတယ် လို့ ဆိုကြပါတယ်။
“အဓိက အချက်တစ်ချက်ကတော့ မြန်မာ့မတ်ပဲကို အဓိကဝယ်နေတဲ့ အိန္ဒိယက အခုနောက်ပိုင်း ဘရာဇီးနိုင်ငံဆီကနေ ပိုပြီး ဝယ်လာတာကြောင့်ပဲ” လို့ ရန်ကုန်အခြေစိုက်ကုန်သည် ဦးမောင် (အမည်လွှဲ) က ပြောပါတယ်။
ပုံမှန်ဆိုရင် အိန္ဒိယရဲ့ပွဲတော်ရာသီဖြစ်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလလောက်မှာ ဝယ်လိုအားက ထိုးတက်လာပြီး ဈေးတက်လေ့ရှိတယ်။ ဒါပေမဲ့ မနှစ်ကတော့ အရင်ကလို ဝယ်လိုအားက တက်မလာဘဲ “ဈေးကွက်က တန့်နေခဲ့တယ်” လို့ ဦးမောင်က ဆိုပါတယ်။
အိန္ဒိယရဲ့ ဝယ်လိုအား ကျဆင်းရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ စစ်ကော်မရှင်ရဲ့ စီးပွားရေးစီမံခန့်ခွဲမှုအလွဲတွေကြောင့် လို့ ကုန်သည်တွေက ဆိုပါတယ်။
၂၀၂၃ ခုနှစ်မှာ စစ်ကော်မရှင်က ပို့ကုန်သမားတွေကို သူတို့ရတဲ့ ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဈေးဖြစ်တဲ့ တစ်ဒေါ်လာ ၂,၁၀၀ ကျပ်နဲ့ မဖြစ်မနေ လဲလှယ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အဲဒီဈေးဟာ ပြင်ပပေါက်ဈေးရဲ့ တစ်ဝက်တောင် မရှိပါဘူး။ ၂၀၂၄ ခုနှစ်မှာတော့ အဲဒီလဲလှယ်ရမယ့်ရာခိုင်နှုန်းကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့ပါတယ်။
“အဲဒီ ပို့ကုန်သမားတွေက ပြည်ပကနေ ပစ္စည်းတွေ ပြန်သွင်းမယ်ဆိုရင်တော့ အဲဒီ ၂၅ ရာခိုင်နှုန်းကို ၂,၁၀၀ ဈေးနဲ့ လဲစရာမလိုဘဲ သွင်းကုန်နဲ့ ပြန်ခုနှိမ်လို့ ရတယ်ဗျ။ ဒါပေမဲ့ အစိုးရက ပို့ကုန်သမားတိုင်းကို သွင်းကုန်လိုင်စင် ထုတ်မပေးဘူး။ လိုင်စင်တွေကို တင်းကျပ်ထားပြီး သူတို့နဲ့ နီးစပ်တဲ့ ခရိုနီတွေကိုပဲ ထုတ်ပေးတာ” လို့ ဦးမောင်က ရှင်းပြပါတယ်။
ပဲမျိုးစုံဟာ ပို့ကုန်ဈေးကွက်ရဲ့ အဓိကအပိုင်း ဖြစ်နေတာကြောင့် သွင်းကုန်လိုင်စင်ရထားတဲ့ လူတချို့ဟာ ပို့ကုန်ကဏ္ဍထဲကို ဝင်လာပြီး ပဲတင်ပို့တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်လာကြတာလို့ ဦးမောင်က ဆိုပါတယ်။
“ဒီအခြေအနေမှာတော့ ပို့ကုန်သက်သက်ပဲ လုပ်တဲ့သူတွေက (သွင်းကုန်နဲ့) ပြန်ခုနှိမ်နိုင်စွမ်းရှိတဲ့ ‘ပို့ကုန်-သွင်းကုန်’ နှစ်မျိုးလုံးလုပ်တဲ့သူတွေကို မယှဉ်နိုင်တော့ဘူး” လို့ သူက ဆိုပါတယ်။
ဒီအချက်ကြောင့်ပဲ ပဲပို့ကုန်လုပ်ငန်းရှင်တချို့ လုပ်ငန်းတွေ ပိတ်လိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဈေးကွက်ထဲကို အလုံးအရင်းနဲ့ ဝင်လာတဲ့ ကုန်သည်ကြီးတွေဟာ အိန္ဒိယကလာတဲ့ မတ်ပဲအော်ဒါတွေကို သူတို့ရဲ့ ကွန်ရက်နဲ့ အပေါင်းအပါတွေဆီကိုပဲ လမ်းကြောင်းပေးတော့တာကြောင့် ဖြစ်ပါတယ်။
“သူတို့က ဈေးကွက်ကို လက်ဝါးကြီးအုပ်လိုက်တာပဲ” လို့ ဦးမောင်က ပြောပါတယ်။ ပြိုင်ဆိုင်မှုနည်းသွားတာကြောင့် ပြည်တွင်းဈေးနှုန်းတွေလည်း တက်မလာတော့ဘူးလို့ သူက ထပ်လောင်းပြောပါတယ်။
“တကယ်လို့ ဈေးကွက်ကို လွတ်လပ်စွာ လည်ပတ်ခွင့်ပေးမယ်ဆိုရင် ဈေးကတော့ အသေအချာကို တက်မှာပါ” လို့ သူက ဆိုပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့မှာတော့ ပို့ကုန်သမားတွေအနေနဲ့ သူတို့ရတဲ့ ပို့ကုန်ရငွေရဲ့ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကိုပဲ ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ မဖြစ်မနေ လဲလှယ်ရတော့မယ်လို့ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။
“အဲဒီလို အတင်းအကျပ် လဲခိုင်းတာမျိုးကို လုံးဝ ပယ်ဖျက်ပေးလိုက်မှသာ စီးပွားရေးသမားတွေကြားမှာ ရှိနေတဲ့ မညီမျှမှုတွေ ပျောက်သွားမှာဗျ” လို့ ဦးမောင်က ဆိုပါတယ်။
ကိုဘိုသန်းကတော့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွား တစ်ခုတည်းကိုပဲ မကြည့်ဘဲ သာမန်တောင်သူတွေရဲ့ ဒုက္ခကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်တယ်လို့ ပြောပါတယ်။
“သားနှစ်ယောက်ကို ရှင်ပြုပေးဖို့ဆိုတာကတော့ အလှမ်းဝေးနေဆဲ အိပ်မက်တစ်ခုလို ဖြစ်နေတယ်။ ကျနော့်လယ် ငါးဧကက ထွက်တဲ့ မတ်ပဲတင်း ၅၀ ဟာ ကျနော့် မိသားစုရဲ့ တစ်ခုတည်းသော ထမင်းအိုးပါ။ အစိုးရကဖြစ်ဖြစ်၊ ကုန်သည်ကြီးတွေပဲဖြစ်ဖြစ် ဒါကို လာပြီး မရိုက်ခွဲစေချင်ဘူး” လို့ သူက ဆိုပါတယ်။