ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားမြို့ရှိ ဒုက္ခသည်စခန်းသို့ မတ်လ ၁၄ တွင် လာရောက်လည်ပတ်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောကြားချက်များကို နားထောင်ရန် ရိုဟင်ဂျာ ဒုက္ခသည်များ စုရုံးရောက်ရှိနေကြစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ရိုဟင်ဂျာအရေး အဖြေရှာကြည့်ခြင်း

အတွေးအမြင်

ရိုဟင်ဂျာအရေးအတွက် နိုင်ငံတကာကတိကဝတ်နှင့် အပြည့်အဝ ချဉ်းကပ်မှုတို့ကို ယခင်ကထက် ပို၍ အရေးတကြီး လိုအပ်နေချိန်တွင် ကုလသမဂ္ဂက ရိုဟင်ဂျာအရေး အထူးညီလာခံတစ်ခုကို ပြုလုပ်ခဲ့သော်လည်း အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် လမ်းပြမြေပုံကို ရေးဆွဲချမှတ်နိုင်ခြင်း မရှိခဲ့ပေ။

By LAETITIA VAN DEN ASSUM | ဖရွန်တီးယား

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံသည် ရိုဟင်ဂျာအရေး အထူးညီလာခံတစ်ရပ်ကို စက်တင်ဘာလ ၃၀ ရက်တွင် နယူးယောက်မြို့၌ ကျင်းပခဲ့သည်။ ဤရိုဟင်ဂျာအစည်းအဝေးကို ကမ္ဘာ့ကုလသမဂ္ဂ၏ အခြား ညီလာခံများကဲ့သို့ စနစ်တကျ ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ကျင်းပခဲ့ခြင်း မဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံများကလည်း စေ့စပ်ညှိနှိုင်းထားသည့် ရလာဒ်တစ်ခုခုကို တင်ပြနိုင်ခဲ့ခြင်းလည်း မရှိပေ။

ညီလာခံတက်ရောက်သူများသည် အဓိကအားဖြင့် (ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်များ မပါဝင်သော) ရိုဟင်ဂျာကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့ အသီးသီး၏ အချိန် ၃ မိနစ်စာ မိန့်ခွန်းများကိုသာ နားထောင်ခဲ့ကြရသည်။

ဤညီလာခံကတစ်ဆင့် မည်သူတို့ မည်သည့်အကျိုးကျေးဇူးများ ရရှိသွားသည်ဆိုသည်မှာ မရှင်းလင်းဘဲ အလွတ်သဘော ဆက်စပ်ဆွေးနွေးပွဲ အချို့ကလွဲ၍ စစ်မှန်သော အကြိတ်အနယ်ဆွေးနွေးမှုမျိုးကို မတွေ့မြင်ခဲ့ရပေ။ ကိုယ်စားလှယ်အဖွဲ့ အများစု၏ တင်ပြချက်များတွင်လည်း တွေ့ရှိထားပြီးသော အချက်များနှင့် အကြံပြုချက်များသာ ပါရှိပြီး ရှုထောင့် အသစ်များ ပါဝင်မှုနည်းပါးကြောင်း တွေ့ရှိရသည်။

အကောင်းမြင်တတ်သော ရှုထောင့်မှ ဆိုရလျှင် နိုင်ငံတကာမီဒီယာများ၏ တက်တက်ကြွကြွသတင်းဖော်ပြပေးမှုကြောင့် ရိုဟင်ဂျာတို့၏ အတိဒုက္ခကျရောက်နေမှုအကြောင်း ကမ္ဘာကြီးကို ပြန်လည်သတိရလာစေခဲ့ခြင်းနှင့် အလှူရှင်အစိုးရအချို့က နောက်ထပ် ငွေကြေးအကူအညီအသစ်များ ထုတ်ပြန်ကြေညာခဲ့ခြင်းတို့ ဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအား အကူအညီပေးအပ်မှုများသည် လူသားချင်း စာနာမှုအဆင့်မှ ရေရှည်ဖြေရှင်းမှုအဆင့်သို့ ပြောင်းလဲရမည်ဟု ပိုမို သိရှိနားလည်လာကြကြောင်း ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသည်။ အလားတူပင် လက်ရှိ ရခိုင်ပြည်နယ်၏ အခြေအနေအရ ၎င်းဒုက္ခသည်များကို နေရပ်ဒေသသို့ ချက်ချင်းပြန်ပို့ရေးမှာ မသင့်လျော်သေးကြောင်း လူအများ နားလည်လက်ခံလာခဲ့ကြသည်။

ဤညီလာခံသည် ရိုဟင်ဂျာအရေး နိုင်ငံတကာက ပိုမို ပါဝင်ကူညီဖြေရှင်းရေးအတွက် တာထွက်အမှတ် ဖြစ်လာမလားဆိုသည်ကို အချိန်က စကားပြောမည် ဖြစ်သည်။ သို့ရာတွင် ဤတစ်ရက်တာ အစည်းအဝေးက လုပ်ငန်းစဉ်တစ်ခုဖြစ်လာနိုင်မည်လောဟု မေးခွန်းထုတ်ချင်စဖွယ်လည်း ရှိသည်။

ရခိုင်ဒေသသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကော်မရှင်နှင့် ရက္ခိုင့်တပ်တော်အကြား သွေးထွက်သံယိုတိုက်ပွဲများဖြင့် စစ်မီးတောက်လောင်နေသော ဒေသဖြစ်သည်။ မြန်မာစစ်တပ်၏ ပိတ်ဆို့ဖြတ်တောက်မှုများအပြင် နေရာအနှံ့ မဆင်မခြင်ပြုလုပ်နေသည့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများပြားနေရသလို ပြည်နယ်အတွင်းရှိ လူအများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး ၎င်းတို့မှာလည်း အသက်ရှင်သန်ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် ဆိုးဝါးနေပြီးသား အခြေအနေများသည် မကြာသေးမီလများအတွင်း အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်နှင့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့တို့အပါအဝင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များနှင့် အေအေ တို့အကြား တိုက်ပွဲများ ကြီးထွားလာသည့်အတွက် ပို၍ပင် ဆိုးဝါးပြင်းထန်လာရသည်။ 

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်နှင့် မြန်မာစစ်တပ်တို့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ  ရိုဟင်ဂျာပြည်သူ့စစ်တပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးပြီး ကူညီနေသည်ဟု အေအေက စွပ်စွဲသလို အခြားတစ်ဖက်တွင်လည်း ရိုဟင်ဂျာအရပ်သားများအပေါ် အေအေက အကြမ်းဖက် နှိပ်စက်မှုများ ကျူးလွန်နေသည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနှင့် ရိုဟင်ဂျာပြည်သူ့စစ်တပ်ဖွဲ့များက စွပ်စွဲထားသည်။

ဤနောက်ခံအခြေအနေကြောင့် ကုလသမဂ္ဂညီလာခံသို့ တက်ရောက်လာသူ အများအပြား မျှော်လင့်ထားသည့် တွေ့ဆုံဆွေးနွေးရေး အခွင့်အလမ်းများမှာ တဖြည်းဖြည်း လျော့နည်းကျဆင်းလာနေသည်။

လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာဒုက္ခသည် ၁ဒဿမ၁ သန်းကျော်ခန့်ကို သဘောထာကြီးကြီးနှင့် လက်ခံထားသည့်အတွက် ၎င်းအပေါ် ချီးကျူးသံများ ကြားနေရသည်။ လက်ခံထားခြင်းကို ကျေးဇူးတင်ရမည် ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာများကို လုံခြုံရေးအထူးတင်းကြပ်သည့်စခန်းများ၌ သီးသန့် ခွဲခြားထားသလို ၎င်းတို့အား အလုပ်လုပ်ကိုင်ခွင့်၊ တရားဝင် ပညာသင်ကြားခွင့်များ မပေးအပ်ဘဲ တားမြစ်ထားသည်ကိုလည်း တွေ့မြင်နေရသည်။

ဒုက္ခသည်များအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တားမြစ်ချက်သည် အလွန်အမင်းလိုအပ်နေသော ရေရှည်ဖြေရှင်းချက်လမ်းကြောင်းကို ပိတ်ဆို့ကာဆီးလျက်ရှိသည်။ ဘင်္ဂလားဒေ့ရှ်တို့က အဆိုပါ တားမြစ်ချက်များကို ဖယ်ရှားပေးရန် ငြင်းဆိုသည့်အခါ ကုလသမဂ္ဂညီလာခံ တက်ရောက်လာသူ အများအပြားမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရသည်။ ရိုဟင်ဂျာများကို အလုပ်လုပ်ခွင့်ပေးလိုက်လျှင် လူသားချင်းစာနာမှု စရိတ်စကများ လျော့နည်းသက်သာသွားမည်။ ထို့ပြင် ရခိုင်ပြည်နယ်သို့ နေရပ်ပြန်သည့်အခါ ၎င်းဒုက္ခသည်များတွင် လိုအပ်သော ကျွမ်းကျင်မှုနှင့် အတွေ့အကြုံလည်း တစ်ပါတည်း ပါရှိသွားနိုင်လိမ့်မည် ဖြစ်သည်။

အခြားနိုင်ငံများတွင်လည်း ရိုဟင်ဂျာများ ရှိကြသည်။ သို့သော် အများအားဖြင့် ၎င်းတို့မှာ လျစ်လျူရှုခံထားကြရသည်။ ကုလသမဂ္ဂညီလာခံသည်လည်း ထိုနည်းလည်းကောင်းပင်။ အဆိုပါ ရိုဟင်ဂျာများကို ထည့်တွက်ခြင်း မရှိခဲ့ပေ။ နယ်စည်းမခြား ဆရာဝန်များအဖွဲ့၏ အစီရင်ခံစာတစ်စောင်အရ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်လွှား၌ ရိုဟင်ဂျာလူမျိုး လူဦးရေသည် စုစုပေါင်း ၂ဒဿမ၈ သန်းခန့် ရှိသည်ဟု ဆိုသည်။ ရိုဟင်ဂျာ အများဆုံးရှိသည့် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ် (၁ဒဿမ၁ သန်း)၊ ပါကစ္စတန် (၄ သိန်း)၊ ဆော်ဒီအာရေဗျ (၃ သိန်း ၄ သောင်း) နှင့် မလေးရှား (၂ သိန်း ၁ သောင်း) တို့ ဖြစ်သည်။

ဤအချက်ကို ထည့်မတွက်ခြင်းကြောင့် ရိုဟင်ဂျာအကြပ်အတည်းအတွက် ချဉ်းကပ်မှု မျိုးစုံ လိုအပ်သည့်အချက်ကို အဆိုပါညီလာခံက အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာများအတွက် နောက်ဆုံးတွင် နေရပ်ပြန်ပို့ရေးသည့် အဓိက ဦးစားပေးဖြစ်သော်ငြားလည်း ဆယ်စုနှစ်များစွာကတည်းက ဒုက္ခသည်များ စီးဝင်နေခဲ့သော ဆော်ဒီအာရေဗျနှင့် ပါကစ္စတန်ကဲ့သို့ နိုင်ငံများအတွက်မူ အခြားနည်းလမ်းများ စဉ်းစားရန်လိုသည်။ ဥပမာ အိမ်ရှင်နိုင်ငံ၏ လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းဝင်ရောက်နိုင်ရေးကဲ့သို့ ချဉ်းကပ်မှုမျိုးဖြစ်သည်။

လက်ရှိအချိန်၌ ရခိုင်ဒေသရှိ ရိုဟင်ဂျာအရေးဖြေရှင်းချက်များ၌ အစိတ်အပိုင်းအဖြစ်ပါဝင်နေသော အဓိကအကြောင်းအရာ အများအပြားရှိသည်။ ၎င်းတို့တွင် ဥပဒေ၏ရှေ့မှောက်တွင် တန်းတူညီမျှရေးနှင့် နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ သတင်းမှားနှင့် သတင်းမှန်ကို ခွဲခြားခြင်းအားဖြင့် တိုက်ပွဲအတွင်း သတင်းမှိုင်းတိုက်ခံရမှု အန္တရာယ်ဖယ်ရှားရေးနှင့် ရခိုင်ပြည်နယ်အတွက် ပြီးပြည့်စုံသောစီမံချက်တစ်ရပ် ရေးဆွဲရေးတို့ အပါအဝင် ဖြစ်သည်။

နယူးယောက်ညီလာခံသို့ တက်လာသူ ပြောရေးဆိုခွင့်ရှိသူအများအပြားက ရိုဟင်ဂျာများကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် အရေးကြီးကြောင်း ထောက်ပြကြသော်လည်း ပြဿနာ၏ ရှုပ်ထွေးမှု အတိမ်အနက် အစစ်အမှန်ကို ၎င်းတို့ ကောင်းစွာ နားမလည်ကြောင်း ၎င်းတို့၏ ဆွေးနွေးချက်များ ကိုယ်တိုင်က ဖော်ပြနေသည်။ သာဓကပြုရန်အလို့ငှာ မေးခွန်းထုတ်ရလျှင် ‘ရိုဟင်ဂျာများကို မည်သူက နိုင်ငံသားဖြစ်ခွင့် ပေးသင့်သနည်း။ တိုင်းပြည်နယ်မြေ အများအပြား လက်လွှတ်ဆုံးရှုံးထားသော စစ်ကော်မရှင်က ပေးရမည်လော။ အမျိုးသားညီညွတ်ရေးအစိုးရက ပေးမည်လော။ သို့တည်းမဟုတ် အေအေအဖွဲ့က နိုင်ငံသားဖြစ်ခွင့်ပေးမည်လော’ ဟူ၍ ဖြစ်သည်။

မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနှင့် ကွဲပြားခြားနားမှု အလွန်ကြီးမားသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံသားဖြစ်ရေး ပြဿနာမှာ အားလုံးပါဝင်ရေး၊ အားလုံးသာတူညီမျှရှိရေးဟူသော ပိုမိုကျယ်ပြန့်ပြီး ယနေ့တိုင် ဖြေရှင်းရန် ကျန်ရှိနေဆဲဖြစ်သော ပုစ္ဆာကြီးတစ်ပုဒ်၏ အပုဒ်ခွဲတစ်ခုသာ ဖြစ်သည်။ 

တိုင်းပြည်အုပ်ချုပ်သူအဆက်ဆက်က ဤမတူကွဲပြားမှုကို အသုံးချ၍ မြန်မာလူထုကို သွေးခွဲခဲ့ကြပြီး နိုင်ငံသားဖြစ်ရေး အကြိတ်အနယ်ဆွေးနွေးမှုမျိုးမှာ တော်လှန်ရေးလှုပ်ရှားမှုအတွင်း လုံးဝ ပျောက်ရှ နေခဲ့သည်။ ဆန်းစစ်လေ့လာသူ စိုင်းလတ်၏ စကားလုံးအရ ဆိုလျှင် နိုင်ငံသားဖြစ်ရေးသည် စစ်အုပ်ချုပ်ရေးစနစ်ဆန့်ကျင်ရေးစခန်း၏ မျက်ကွယ်ရပ်ဝန်းတစ်ခုဟု ဆိုရပေလိမ့်မည်။ မျိုးဆက်သစ်လူငယ်များက ပိုမို ပွင့်ပွင့်လင်းလင်း ဆွေးနွေး လာသည့်အချိန်၌ အများပြည်သူအကြား ဤကိစ္စကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် လိုလားမှုမရှိဘဲ နှောင့်နှေးကြန့်ကြာနေဆဲဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဆီသို့ ကူးပြောင်းရေးလမ်းပြမြေပုံအဖြစ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ၂၀၂၁ ခုနှစ်တွင် ရေးဆွဲအတည်ပြုခဲ့ပြီး ပြည်သူများကို မတူညီသော အခွင့်အရေးများဖြင့် အုပ်စု နှစ်စုအဖြစ် အမျိုးအစား ဆက်လက်ခွဲခြားထားသည်။ ၎င်းအုပ်စုနှစ်စုမှာ တရားဝင် အသိအမှတ်ပြု မူလလူမျိုးအုပ်စု (တိုင်ရင်းသား) နှင့် အခြားအုပ်စုတို့ ဖြစ်သည်။

မူလက ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် လက်ခံရန် NUG က အရိပ်အမြွက်ပြောဆိုခဲ့ဖူးသော်လည်း ၎င်းကတိကဝတ်မှာ တစ်ဖြည်းဖြည်း မှေးမှိန်လာပုံရသည်။ ၂၀၂၄ ခုနှစ်တွင် NUG က ၎င်း၏ မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်း၍ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ရာ၌ “အမျိုးသား တန်းတူညီမျှမှုရှိရေး” အခြေခံမူကို ထည့်သွင်း ဖော်ပြခဲ့သည်။ သို့သော် အဆိုပါအခြေခံမူမှာ တရားဝင် အသိအမှတ်ပြု တိုင်းရင်းသားအုပ်စုအတွက် တန်းတူညီမျှမှုကိုသာ သီးသန့် ဆိုလိုဖွယ် ရှိနေသည်။

မြန်မာနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်မရသည်မှာ ရိုဟင်ဂျာလူမျိုးတစ်မျိုးတည်းမဟုတ်ဘဲ အခြား မွတ်ဆလင်များ၊ တရုတ်၊ ဟိန္ဒူ၊ ဂေါ်ရခါး၊ ဆစ်ခ်၊ အင်္ဂလိပ်-ဗမာကပြားနှင့် အခြားလူမျိုးများပါ နိုင်ငံသားဖြစ်ခွင့်မရသည့် အချက်ကို သတိပြုရန် လိုသည်။ အဆိုပါ လူမျိုးစုအားလုံးနှင့် ပူးပေါင်းဆောင်ရွက်၍ နိုင်ငံသားဖြစ်ခွင့်ပြုရေး မေးခွန်းပုစ္ဆာကို ရှုထောင့်ပေါင်းစုံမှ တွက်ချက် အဖြေရှာရန် အချိန်တန်ပြီ ဖြစ်သည်။

ပို၍ လက်ငင်းကျသော ပြဿနာမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသည့် အခြေအနေမှန်ကို အတိအကျ သိရှိနိုင်ရေး ဖြစ်သည်။ ဆင်းရဲဒုက္ခကြီးမားပြီး ရက်စက်ကြမ်းကြုတ်မှုများကို ပုံမှန် ကျူးလွန်နေကြသည်မှာ ထင်ရှားသည်။ သို့သော် တိုက်ပွဲများ၊ နေရပ်စွန့်ခွာမှုများနှင့် ဆက်သွယ်ရေးပိတ်ဆို့မှုများအကြား သတင်းမှန် ရရှိရေးမှာ ခက်ခဲလှသည်။ အဆိုပါအခြေအနေမျိုး၌ ထုံးစံအတိုင်း ရည်ရွယ်ချက်ရှိရှိ သတင်းမှား ဖြန့်ဝေမှုများက ကြီးစိုးနေလျက် ရှိသည်။

“စစ်သတင်းမှိုင်းတိုက်ခြင်း”နှင့် ဆက်စပ်နေသည်မှာ “ဒုက္ခသည်များမှာ မည်သူဖြစ်သနည်း” ဟူသော မေးခွန်း ဖြစ်သည်။ ရိုဟင်ဂျာများမှာ ဒုက္ခသည်များ ဖြစ်သည်ဟူသောအချက်ကို ကမ္ဘာတစ်လွှား လက်ခံထားသည်။ သို့သော် ရခိုင်ပြည်နယ်အတွင်းရှိ လူများစု ရခိုင်များ၊ မာရမာကြီး၊ မြို၊ ကမန်၊ ဟိန္ဒူ၊ ချင်းကဲ့သို့ လူနည်းစုများအပါအဝင် အခြား လူမျိုးစုများ၏ အခြေအနေကော မည်သို့ရှိသနည်းဟု မေးကြည့်ရန် လိုသည်။ အမှန်ဆိုရလျှင် အဆိုပါ လူမျိုးစုအားလုံးမှာ ဒုက္ခသည်များပင် ဖြစ်ကြသည်။ ၎င်းတို့၏ ကျေးရွာများသည်လည်း ဗုံးကြဲခံရ၊ မီးရှို့ခံရသည့်အထဲ ပါဝင်သည်။ အကူအညီများ လက်လှမ်းမမီသော အရပ်ဒေသ၌ ထောင်နှင့်ချီသော ပြည်သူများသည် နေရပ်စွန့်ခွာ ထွက်ပြေးနေကြ ရသည်။

ရခိုင်လူထုတစ်ရပ်လုံးမှာ ဒုက္ခသည်များဖြစ်ကြသည် ဟူသော အချက်ကို လက်ခံလိုက်ခြင်းသည် ပြန်လည်သင့်မြတ်ရေးဆီသို့ ဦးတည်သည့် ပထမခြေလှမ်း ဖြစ်ပေလိမ့်မည်။ ဒုက္ခခံရသည့် အတိုင်းအတာ၊ ဆင်းရဲအတိပြီးမှု ပမာဏတို့မှာမူ အမျိုးမျိုးကွာခြားကြမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအချက်ကိုလည်း အကျိုးရလဒ်ထွက်ပေါ်မည့် တွေ့ဆုံဆွေးနွေးမှုများ မတိုင်မီ ကြိုတင် လက်ခံထားကြရမည် ဖြစ်သည်။

ပထမဆုံး လိုအပ်သည့်အချက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်၍ မြန်မာစစ်တပ်၊ အေအေနှင့် ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့များက ကျူးလွန်သည်ဟု စွပ်စွဲထားသည့် အကြမ်းဖက်မှုများအပါအဝင် ဒေသအခြေအနေကို သိရှိနိုင်ရေး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဖြစ်သည်။ မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အန်ဒရူးကို အေအေက နိုင်ငံအတွင်း လာရောက်ရန် မကြာသေးမီက ဖိတ်ခေါ်မှုမျိုးသည် လွန်ခဲ့သော ၂ နှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်း၌ အမှန်တကယ်ဖြစ်ပျက်ခဲ့သည်များကို နားလည်သိရှိရေး လုပ်ငန်းစဉ်၏ လမ်းစတစ်ခု ဖြစ်လာနိုင်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စခန်းများ၌ ဖြစ်ပျက်နေသည်များကိုလည်း စုံစမ်းရန် လိုသည်။

ဒုက္ခသည်များအပေါ် ရိုဟင်ဂျာ စစ်သွေးကြွများက မည်သို့ အခိုင်အမာ ချုပ်ကိုင်ထားနိုင်သနည်း။ ၎င်းတို့ လက်နက်ခဲယမ်းအတွက် ငွေကြေးကို မည်သည့်နေရာက ရရှိနေသနည်း။ ထောင်နှင့်ချီသော တိုက်ခိုက်ရေးသမားများကို မည်သူမျှ သတိမပြုမိဘဲ နယ်စပ် ဖြတ်ကျော်၍ ရခိုင်ပြည်နယ်အတွင်းသို့ မည်သို့ သွားလာစေနိုင်သနည်း စသည့် မေးခွန်းများမေးရန် လိုသည်။ 

ထိုအဆင့်ကို ဆောင်ရွက်ပြီးနောက် လူသားချင်းစာနာမှုလိုအပ်ချက်များသာမက လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးဟူသော ကဏ္ဍကြီး ၃ ရပ်ကိုပါ အလေးအနက်ထား ဖြေရှင်းမည့် ရခိုင်ပြည်နယ်၏ စီမံချက်အပြည့်အစုံကို ရေးဆွဲရန် လိုအပ်သည်။ ဤအကြံပြုချက်သည် ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ်ကတည်းက တင်ပြခဲ့ပြီးဖြစ်သော အကြံပြုချက်များအနက် တစ်ခု ဖြစ်သည်။

အဆိုပါ စီမံချက်ရေးဆွဲရေးအတွက် အကူအညီပေးရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အစဉ်အလာကျင့်သုံးနေကျ ‘နိုင်ငံဗဟိုပြု ချဉ်းကပ်မှု’ ကို ရှောင်ရှားရန် လိုသည်။ နိုင်ငံဗဟိုပြုချဉ်းကပ်ခြင်းက နေပြည်တော် စစ်ကော်မရှင်ကို အဓိက ဆွေးနွေးဖက်အဖြစ် ဆက်လက် လက်ခံထားသည့် အဓိပ္ပာယ် သက်ရောက်နေသည်။

အကြံပြုလိုသော ပထမခြေလှမ်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်သော ရခိုင်ပြည်နယ် အတွင်းသို့ လက်တွေ့ကျကျ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ဖြစ်သည်။ ၎င်းအကူအညီသည် လက်ငင်းအရေးပေါ် လိုအပ်ချက်ဖြစ်သည်သာမက နယ်စပ်နှစ်ဖက်စလုံးရှိ အာဏာပိုင်များအတွက် အကျိုးရှိမည့်အလုပ်လည်း ဖြစ်သည်။ ထို့ပြင် ဤခြေလှမ်းက ရှေ့ခရီးဆက်ရန် လိုအပ်သော တည်ငြိမ်မှုနှင့် လုံခြုံမှုကို ကူညီဖန်တီးပေးနိုင်ပေလိမ့်မည်။

သို့သော် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာစခန်းများနှင့် ရခိုင်လူထုတစ်ရပ်လုံးအတွက် လူသားချင်းစာနာမှု အကူအညီ အလုံအလောက်ပေးနိုင်ရေးသည်ပင် အလွန်ကြီးလေးသည့် ကနဦးတာဝန်ကြီးတစ်ရပ် ဖြစ်သည်။ လက်ရှိအချိန်အထိ ကုလသမဂ္ဂညီလာခံသည် မြန်မာနိုင်ငံပြင်ပရောက် ရိုဟင်ဂျာများအတွက် ၎င်းတို့ နေရပ်ပြန်ပါက လိုအပ်မည့် ကျွမ်းကျင်မှုများ ရရှိရေးအတွက် ရေရှည် အထောက်အကူပြုမည့် ပိုမိုကောင်းမွန်သော အလားအလာများကို ဖန်တီးပေးနိုင်ခြင်း မရှိသေးပေ။ ထို့အတူ ရိုဟင်ဂျာအချင်းချင်း သွေးစည်းညီညွတ်ရန်နှင့် ၎င်းတို့ကို သွေးခွဲရေး ကြိုးပမ်းမှုများကို တွန်းလှန်ဖြိုဖျက်သွားရန်မှာလည်း အရေးကြီးလှသည်။

Laetitia van den Assum  သည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ဟောင်း တစ်ဦးဖြစ်ပြီး နိုင်ငံတကာရေးရာ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သည်။​ သူသည် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် (၂၀၁၆-၂၀၁၇) ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.