စစ်ကိုင်းမြို့ရှိ ပြိုကျပျက်စီးသွားသည့် ဗဟိုစည်ရတနာသိင်္ဂီမယ်သီလရှင်ကျောင်းတိုက်ကို ဧပြီ၂ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဖရွန်တီးယား)

ငလျင်ကြောင့် ထိခိုက်၊ သေဆုံးမှု မြင့်တက်ခဲ့တဲ့ စစ်ကိုင်းမြို့

မတ်၂၈ရက်တွင် အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုနောက်ပိုင်း ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာခဲ့ရခြင်းနှင့် လုံလောက်သည့် အရင်းအမြစ်များ မရှိခြင်းတို့ကြောင့် လူပေါင်းရာနှင့်ချီ မသေဆုံးသင့်ဘဲ အသက်ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ ထိုငလျင်ဒဏ်ကြောင့်ပင် ရာစုနှစ်များစွာ တည်ရှိခဲ့သည့် ဗလီနှင့် ဘုန်းတော်ကြီးကျောင်းများလည်း ပြိုကျပျက်စီးပြီး လမ်းများ၊ လူနေရပ်ကွက်များတွင် ဆိုးရွားလှသည့် ပုပ်နံ့များ လှိုင်နေသည်။

ဖရွန်တီးယား

မတ် ၂၈ ရက်၊ သောကြာနေ့၊ နေ့လယ်ပိုင်း ဝတ်ပြုချိန်မတိုင်မီ ကိုးမိနစ်အလို၊ ၁၂နာရီ၊ ၅၁မိနစ်တွင် ရစ်ချ်တာစကေး ၇ဒသမ၇ ပြင်ရှိးအားရှိသည့် ငလျင်လှုပ်ခတ်ချိန်တွင် စစ်ကိုင်းမြို့ရှိ မိုးကျဂျာမေဗလီ၌ ဆုတောင်းဝတ်ပြုသူများအပြည့်ရှိနေခဲ့သည်။ ရုတ်တရက် ပြင်းပြင်းထန်ထန် လှုပ်ခတ်လာသည့် ငလျင်ကြောင့် ဗလီတက်သူများ ထွက်ပေါက်သို့ ထွက်ပြေးကြစဉ် ဗလီပြိုကျ သွားခဲ့သည်။

သူတို့အားလုံး လွတ်မြောက်ခဲ့သည်တော့ မဟုတ်ပေ။

အသက်၃၀အရွယ် ကိုထူးထူး (အမည်လွှဲ)သည် ကံကောင်းထောက်မစွာဖြင့် အပြင်သို့ ပြေးထွက်လာနိုင်ခဲ့သည်။ “ကျနော်တို့ လူတွေကိုစပြီးဆွဲထုတ်ကြတယ်” ဟု ၎င်းကဆိုသည်။ သို့သော် ၁၀မိနစ်ခန့်အကြာတွင် ထပ်လှုပ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၆ဒသမ၄ ရှိသည့်ငလျင်ကြောင့် ကျန်နေသေးသည့် ဗလီအဆောက်အဦတစ်ခုလုံး ပြိုကျသွားခဲ့သည်။

“အထဲမှာ ကျန်ခဲ့တဲ့ လူတွေကို ကယ်ဖို့လုပ်နေတဲ့သူတွေပါ ထပ်ပြီးပါသွားခဲ့တယ်”ဟု ကိုထူးထူးက ဖရွန်တီးယားသို့ ပြောသည်။

“အလ္လာဟ်ရှင်မြတ်ကယ်လို့သာ ကျနော်လွတ်လာခဲ့တာပါ” ဟု ပြောလိုက်ချိန်တွင် သူ၏ မျက်လုံးများ၌ မျက်ရည်များ ဝေ့ဝဲနေသည်။

ပြိုကျပျက်စီးသွားသည့် အဆောက်အအုံပြင်ပတွင် ဝတ်ပြုသူများ ဗလီထဲသို့မဝင်ခင်ချွတ်ထားခဲ့သည့် ခြေညှပ်ဖိနပ်များပြန့်ကြဲလျက်ရှိသည့် မြင်ကွင်းကို ယခုထိ မမေ့နိုင်ဟု ၎င်းကဆိုသည်။ ဖိနပ်ပိုင်ရှင်များ၏ သွေးများမှာ အုတ်ကျိုး၊ အုတ်ပဲ့များအကြား ယိုစီးကျနေခဲ့သည်။ 

ထိုနေ့သည် ရာမဒန်ဥပုသ်လ၏ နောက်ဆုံးနေ့ဖြစ်သောကြောင့် သာမန်အချိန်များထက် ပိုများသော အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရန်ရောက်ရှိလာပြီး ဗလီအတွင်း လူဦးရေ ၁၅၀ခန့် ရှိနေခဲ့သည်ဟု ထူးထူးက ဆိုသည်။ ၎င်းတို့အနက် ဒါဇင်အနည်းခန့်သော လူများသာ အသက်ရှင်ကျန်ခဲ့သည်။

ငလျင်လှုပ်သည့် မတ်၂၈ရက်မှ လေးရက်ကြာသည်အထိ သေချာစနစ်တကျ လေ့ကျင့်ထားပြီး ပစ္စည်းကိရိယာအစုံအလင်ရှိသည့် မည်သည့်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့မျှ မိုးကျဂျာမေဗလီသို့ ရောက်ရှိမလာခဲ့ပေ။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်မလာခင်အထိ နီးစပ်ရာရပ်ကွက်များမှ မွတ်စလင် စေတနာ့ဝန်ထမ်းများကသာ ဗလီတွင် ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြသည်။

“ကိုယ့်ဟာကိုယ်ပဲ ကိုယ်လက်နဲ့ကိုယ်၊ တူတွေ၊ တူရွင်းတွေနဲ့ လုပ်ရတာပဲ။ ဘယ်သူမှလည်း ရှင်လျက် မတွေ့ရဘူး။ အကုန် အလောင်းချည်းပဲပြန်ရတာ”ဟု ထူးထူးက ပြောသည်။

ဧပြီ၁ရက်ရောက်မှ မလေးရှားနိုင်ငံက စေလွှတ်သည့် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသည်။ စေတနာ့ဝန်ထမ်းများက အပျက်အစီးများကြားတွင် လူသေရုပ်အလောင်း ၅၀ကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ပြိုကျနေသောဗလီ၏ အုတ်ပုံများပိမိ၍ သေဆုံးသူ အများအပြား ကျန်ရှိနေသေးသည်။ ဖရွန်တီးယားသတင်းဌာနက ထို့နေ့တွင် ဗလီသို့ သွားရောက်ခဲ့ရာ နေပူဒဏ်ကြောင့် ပုပ်ပွလာသည့် ရုပ်အလောင်းများမှ ဆိုးဝါးသည့်အနံ့အသက်များကြောင့် လူအချို့မူးလေ့လဲသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

“ကျန်ရစ်တဲ့ မိသားစုတွေက ပိနေတဲ့သူတွေကို ရှာပေးကြဖို့ ငိုယိုတောင်းပန်တော့ ကျန်တဲ့ ရုပ်အလောင်း တွေကို တစ်ခုပြီးတစ်ခု တူးပြီးရှာရတယ်” ဟု မွတ်စလင် စေတနာ့ဝန်ထမ်းတစ်ဦးက ဖရွန်တီးယားသို့ ပြောသည်။

စစ်ကိုင်းမြို့တွင်  ဗလီသုံးခု ပြိုကျခဲ့ပြီး မွတ်စလင် ၃၅၀ခန့် သေဆုံးနိုင်သည်ဟု ကိုထူးထူးက ခန့်မှန်းသည်။ နိုင်ငံတစ်ဝန်းတွင် ငလျင်ကြောင့် မွတ်စလင် ၇၀၀ဦးခန့် သေဆုံးခဲ့ပြီး စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဗလီပေါင်း၆၀ခန့် ပျက်စီးခဲ့ကြောင်း နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက်က မတ်၃၁ရက်တွင် ထုတ်ပြန်သည်။ နှစ်ပေါင်းများစွာကတည်းက ဗလီများကို ပြုပြင်ထိန်းသိမ်းခွင့် တောင်းခံရာတွင် ဒေသခံအာဏာပိုင်များက ဘာသာရေးအရ ခွဲခြားဆက်ဆံသည့်အနေဖြင့် ငြင်းဆန်ခဲ့ရာ ဗလီအများအပြားသည် ကြံ့ခိုင်မှုအားနည်းခဲ့သည်။

စစ်ကိုင်းမြို့တွင် ဗုဒ္ဓဘာသာဝင်အများအပြားလည်း ငလျင်ကြောင့် သေဆုံးခဲ့သည်။ ဧရာဝတီမြစ်ကို စီးမိုးထားသည့် စစ်ကိုင်းမြို့အရှေ့ဘက်အခြမ်းရှိ စစ်ကိုင်းတောင်တွင် သံဃာနှင့် သီလရှင်အပါးထောင်ချီ သီတင်းသုံးနေထိုင်သည့် ဘုန်းတော်ကြီးကျောင်း အများအပြားရှိသည်။ အုတ်ပုံအဖြစ် မြေခသွားသည့် စေတီတော်နှင့် ဘုန်းကြီးကျောင်းအများအပြားကို ထိုဒေသသို့ သွားရောက်စဉ် ဖရွန်တီးယားက မြင်တွေ့ခဲ့ရပြီး ဧပြီ၁ရက်ရောက်သည်အထိ အပျက်အစီးများကို ရှင်းလင်းနိုင်ခြင်း မရှိသေးပေ။

ထိုဘုန်းကြီးကျောင်းများတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပဋိပက္ခဒဏ်သင့်ရာ အနယ်နယ်၊ အရပ်ရပ်မှ ကလေးသူငယ်များ ခိုလှုံနေကြပြီး ၎င်းတို့အနက် ကလေးသူငယ်အများအပြားသည် အုတ်ပုံများအောက်တွင် ပိမိနေကြသည်ဟု ဒေသခံများက ဆိုသည်။

မြေခခဲ့သည့် ဘုန်းကြီးကျောင်းများတွင် သုံးထပ်ရှိသည့် ရတနာသိင်္ဂီမယ်သီလရှင်ကျောင်းတိုက်လည်း ပါဝင်ပြီးအပျက်အစီးများအောက်တွင် မိန်းကလေးငယ် ၂၀ဦးခန့် ပိတ်မိနေခဲ့သည်။

“ငလျင်လှုပ်ပြီး နှစ်ရက်ကြာတဲ့အထိ ဘယ်သူမှ လာမကယ်ကြဘူး” ဟု စစ်ကိုင်း ဒေသခံတစ်ဦးက ဖရွန်တီးယားသို့ ပြောသည်။ “အဲဒီတုန်းက ကလေးတွေ ကယ်ပေးဖို့ အော်ဟစ်နေကြသံတွေ ကြားတယ်။ ဘုန်းကြီးတွေ၊ သီလရှင်တွေရဲ့ အကူအညီနဲ့ ကျနော်တို့ တတ်နိုင်သလောက် လက်ဗလာနဲ့ တူးထုတ်ခဲ့ကြပေမဲ့ ဘာမှမတတ်နိုင်ခဲ့ကြဘူး။ ကလေးအကုန်လုံး သေကုန်ကြတယ်”

စစ်ကိုင်းမြို့ရှိ ပြိုကျနေသည့် လူနေအိမ်များအနီး မော်တော်ဆိုင်ကယ်တစ်စီးဖြင့် ဖြတ်သန်းသွားလာနေသော အမျိုးသမီးများကို ဧပြီ၁ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – ဖရွန်တီးယား)

“ခုတော့ အလောင်းတွေပဲ ရှာနိုင်တော့တယ်”

အကူအညီများနှင့် ကယ်ဆယ်ရေးအဖွဲ့များ အရောက်နှေးခဲ့သည့် နေရာများသည် ဗလီများနှင့် ဘုန်းကြီးကျောင်းများတင် မဟုတ်ပေ။ တော်လှန်ရေးတပ်ဖွဲ့များက နေရာအတော်များများကို ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ရှိသော စစ်ကိုင်းမြို့ကိုမူ စစ်ကောင်စီက ထိန်းချုပ်ထားပြီး အင်တာနက်ဖြတ်တောက်ထားခြင်းမရှိသည့် နေရာအနည်းငယ်အနက် တစ်ခုဖြစ်သည်။ သို့သော် ငလျင်လှုပ်ပြီး နောက်နှစ်ရက်ကြာ လျှပ်စစ်မီးနှင့် မိုဘိုင်းဖုန်းလိုင်းများ ပြတ်တောက်သွားသည်။

ပိုဆိုးသည်က ကူညီ၊ ကယ်ဆယ်ရေးအဖွဲ့များကို စစ်ကောင်စီက မြို့တွင်းသို့ ပေးမဝင်တော့ဟူသည့် ကောလာဟလများ လူထုအကြား ပျံ့နှံ့ခဲ့သည်။ ထို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့ အများအပြားသည် စစ်ကိုင်းမြို့သို့ သွားရောက်ရန် တုံ့ဆိုင်းနေခဲ့ပြီး ငလျင်ဒဏ်ခံခဲ့ရသည့် အခြားဒေသများဖြစ်သော မန္တလေးနှင့် နေပြည်တော်တို့ကိုသာ ဦးစားပေး သွားရောက်ခဲ့ကြသည်။

မတ်၃၀ရက်တွင် မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ ပြန်ပွင့်သွားသောအခါ မြေပြင်အခြေအနေများကို ဒေသခံများက အခြားသူများအား ရှင်းပြနိုင်ခဲ့ကြသည်။

“မြို့ကိုလာဖို့ ကျန်နေတဲ့တစ်ခုတည်းသော တံတားကလည်း ပျက်စီးသွားတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက တံတားအသုံးပြုခွင့် ပိတ်လိုက်တာ။ ဒါပေမဲ့ အသုတ်လိုက်တော့ ဖြတ်သန်းခွင့် ပြုတယ်” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ဖရွန်တီးယားသို့ ပြောသည်။

“ကောလာလဟတွေကြောင့် ကျနော်တို့မြို့က ပျက်စီးသင့်တာထက် ပိုပျက်စီးသွားခဲ့တယ်။ လူတွေသာ မြန်မြန်ရောက်လာနိုင်ခဲ့ရင် ဒီလိုမဖြစ်ဘူး”

“ကျန်နေသေးသည့် တံတား”သည် ပြည်သူများအသုံးပြုရန် ၂၀၀၈တွင် ဖွင့်လှစ်ခဲ့သည့် တံတားဖြစ်ပြီး ဧရာဝတီမြစ်ကိုဖြတ်ကာ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ပေါင်းကူးချိတ်ဆက်ထားသည်။ အဆိုပါတံတား၏ တောင်ဘက်ခြမ်းတွင်ရှိသည့် ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော စစ်ကိုင်းတံတားဟောင်း(အင်းဝ)သည် ငလျင်လှုပ်ခတ်မှုအတွင်း လုံးဝကျိုးကျပျက်စီးသွားခဲ့သည်။

စစ်ကောင်စီက စစ်ကိုင်းမြို့သို့ ဝင်ခွင့်မပြုဟူသော ကောလာဟလများ လျော့နည်းသွားပြီးနောက် အကူအညီနှင့် ကယ်ဆယ်ရေးအဖွဲ့များ မတ်၃၁ရက်တွင် ထိုမြို့သို့ တဖွဲဖွဲ ရောက်ရှိလာကြသည်။ သို့တိုင် ၎င်းတို့ရောက်ရှိလာချိန်တွင် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရန် အလွန်အရေးကြီးလှသော ငလျင်လှုပ်ချိန်မှ နောင်၇၂နာရီမှာ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ဧပြီ၁ရက်တွင် ဖရွန်တီးယားက စစ်ကိုင်းမြို့သို့ သွားရောက်ခဲ့ရာ ထိုမြို့သို့ ဦးတည်သွားလာနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ အများအပြားကို မြင်တွေ့ခဲ့ရပြီး ကားလမ်းများ ပိတ်နေသည်။ ဖရွန်းတီးယားက မန္တလေးမှ စစ်ကိုင်းမြို့သို့ စစ်ကိုင်းတံတားသစ်ကိုဖြတ်၍ သွားရောက်ခဲ့ရာ ပုံမှန်တွင် ၄၅မိနစ်သာကြာသည့် ခရီးသည် အချိန်နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။

ထိုအချိန်တွင် အပျက်အစီးများအောက်တွင် ကျန်ရှိနေသေးသည့် သေဆုံး ရုပ်အလောင်းများမှ ထွက်လာသည့် အပုပ်နံ့များက မြို့အတွင်း နေရာအတော်များများတွင် ပျံ့နှံ့နေပြီဖြစ်သည်။ ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့များကို ကြည့်ရသည်မှာလည်း မျက်တွင်းဟောက်ပက်ပက်နှင့် အလွန်ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။

စစ်ကိုင်းမြို့တွင်းရှိ အဆောက်အဦ လေးပုံသုံးပုံခန့်သည် ဆိုးဆိုးရွားရွားပျက်စီး သို့မဟုတ် လုံးဝပြိုကျသွားခဲ့ပြီဟု ဖရွန်းတီးယားက ခန့်မှန်းသည်။ မြို့နေလူဦးရေ ၈၄,၀၀၀ အနက် အနည်းဆုံး လူပေါင်း ၈၀၀ကျော် သေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းခဲ့သည်။ တနင်္ဂနွေနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူဦးရေ ၃,၅၁၄ဦးရှိပြီး ၄,၈၀၉ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂၁၀ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

“ဒီနေရာ သေးသေးလေးမှာတင် သေတဲ့လူက အများကြီးပဲ။ မြို့ထဲက ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မီးသတ်သမားတွေနဲ့ မလုံလောက်ဘူ”ဟု ဒေသခံတစ်ဦးက ဖရွန်တီးယားသို့ ပြောသည်။

“အုတ်ပုံတွေ အောက်ပိနေသူတွေ တော်တော်များများက သေရတာက သူတို့ကို အချိန်မီမကယ်နိုင်လို့။ တခြားက ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတဲ့အချိန်မှာ ပိတ်မိနေသူ အတော်များများ သေကုန်ကြပြီ။ ခုတော့ အလောင်းတွေပဲ ရှာနိုင်တော့တယ်” ဟု ၎င်းက ဆက်ပြောသည်။

ငလျင်လှုပ်ပြီး ပထမသုံးရက်တွင်  စစ်ကိုင်းဒေသခံများက ပိတ်မိနေသူများကို ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရန် ကြိုးပမ်းနေစဥ် စစ်ကောင်စီတပ်များ ပျောက်ချင်းမလှပျောက်နေခဲ့သည်။ စစ်ကောင်စီ လက်အောက်ခံ မီးသတ်တပ်ဖွဲ့ဝင်များကို မြို့ထဲတွင် မြင်တွေ့ခဲ့ရသော်လည်း အရေအတွက် အနည်းငယ်သာရှိသည်ဟု ဒေသခံများက ဆိုသည်။

မတ်၃၀ရက်တွင်မှ စစ်သားများက ကူညီရန်ရောက်ရှိလာသော်လည်း ၎င်းတို့သည် ပိတ်မိနေသူများကို ရှာဖွေခြင်းထက် ပျက်စီးသွားသည့် ဘုန်းကြီးကျောင်းများရှိ အုတ်ကျိုး၊ အုတ်ပဲ့များကိုသာ ရှင်းလင်းခဲ့ကြသည်။

“စစ်တပ်က နာမည်ကြီး ဘုန်းကြီးကျောင်းတွေကိုပဲ ဖြိုတာ၊ ရှင်းလင်းတာတွေကလွဲရင် တခြား ဘာမှ မလုပ်ဘူး”ဟု ဒေသခံတစ်ဦးက ဖရွန်တီးယားသို့ပြောသည်။ “မြို့တွင်းက ဒေသခံတွေအတွက် ဘာမှ မလုပ်ပေးဘူး။ အကုန်ကိုယ့်ဟာကိုယ်လုပ်ရတာပဲ”

ဧပြီ၁ရက်နှင့် ၂ရက်နေ့များတွင် စစ်ကိုင်းမြို့ရှိ နာမည်ကြီးဘုန်းကြီးကျောင်းတစ်ခုတွင် စစ်သား အယောက်၃၀ခန့်က အုတ်ကျိုး၊ အုတ်ပဲ့များကို ရှင်းလင်းနေသည်ကို မြင်တွေ့ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ထိုစစ်သားများကို ကြည့်ရသည်မှာ စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းခံရသည့် တပ်သားများဖြစ်ပုံပေါ်ကာ ၎င်းတို့ကို လက်နက်ကိုင်စစ်သားနှစ်ဦးက စောင့်ကြပ်နေသည်ဟု အဆိုပါမြို့ခံက ဆိုသည်။

“သူတို့ ကြည့်ရတာ အတင်းအဓမ္မ ခိုင်းခံရတဲ့ ထောင်သားတွေလိုပဲ။ သူတို့က စစ်မှုထမ်းကြောင့် ပါလာတဲ့ စစ်သားတွေ။ နောက်ပြီး သူတို့ထွက်ပြေးရင် ပစ်သတ်ဖို့ နောက်ထပ် စစ်သားနှစ်ယောက်က စောင့်ကြည့်နေတယ်” ဟု ၎င်းက ဖရွန်တီးယားသို့ပြောသည်။ 

စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် ထိခိုက်ဒဏ်ရာရသည့် လူနာများကို တဲများထိုး၍ ကုသပေးနေသည်ကို ဧပြီ၂ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – ဖရွန်တီးယား)

“ကယ်ဆယ်ရေးအတွက် လူမလောက်ဘူး”

စစ်ကိုင်းမြို့ရှိပြိုကျသွားသည့် အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းရန် ကယ်ဆယ်ရေးအဖွဲ့များ ထပ်မံရောက်ရှိလာချိန်တွင် စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံကြီးသည် ငလျင်ကြောင့် ထိခိုက်၊ ဒဏ်ရာရသည့် လူနာများနှင့် ပြည့်နှက်နေသည်။ ဖရွန်တီးယားက ပြည်သူ့ဆေးရုံကြီးသို့ ဧပြီ၂ရက်တွင် သွားရောက်ခဲ့ရာ ဆေးရုံဝင်းအတွင်း အဆောက်အဦပြင်ပရှိ ခုတင်များပေါ်တွင် ကုသမှုခံယူနေသည့် ထိခိုက်၊ ဒဏ်ရာရ လူနာ​ဦးရေ ၂၀၀ခန့်ကို မြင်တွေ့ခဲ့ရသည်။ ဆေးရုံကြီးသည် ဆိုးရွားစွာ မပျက်စီးခဲ့သော်လည်း နံရံများတွင် အက်ကြောင်းအချို့ကို မြင်တွေ့ခဲ့ရပြီး နောက်ဆက်တွဲငလျင်ငယ်များ မကြာခဏ ထပ်မံလှုပ်ခတ်သဖြင့် ဆေးရုံကြီးပြိုကျသွားမည်ကို စိုးရိမ်သောကြောင့် လူနာများကို အဆောက်အဦပြင်ပတွင် ထားရှိ၍ ဆေးကုသပေးလျက်ရှိသည်။

ဆေးရုံသို့ ဒဏ်ရာရလူနာများ တောက်လျှောက်ရောက်လာသဖြင့် ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်း ၃၀၊ ၄၀ခန့်နှင့် ဆေးပညာကို စနစ်တကျသင်ယူထားခြင်းမရှိသေးသည့် စေတနာ့ဝန်ထမ်း ၄၀ခန့်ကသာ လူနာအများအပြားကို မနိုင်မနင်း ကုသပေးနေသည်။ ထို့ပြင် စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးများနှင့် အခြားကုသရေးပစ္စည်းများ မလုံမလောက်ဖြစ်နေသည်။

“ဒါမျိုးကို တစ်ခါမှ မလုပ်ပေးခဲ့ဖူးတဲ့အပြင် ရှေးဦးသူနာပြုနည်းလည်း မသင်ခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီမှာလူမလောက်တော့ ကူပေးနေရတာပဲ”ဟု စစ်ကိုင်းမြို့ခံ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုစိုး (အမည်လွှဲ)က ပြောသည်။

စေတနာ့ဝန်ထမ်းများက ကုသရေးတွင် ကျွမ်းကျင်မှုမရှိသည့်အပြင် ငလျင်ကြောင့် လူထိခိုက်၊ သေဆုံးမှုကလည်း မြင့်မားလွန်းသဖြင့် ပြည်သူ့ဆေးရုံကြီးတွင် လူနာအများအပြားကို ထိထိရောက်ရောက် ကုသပေးနိုင်ခြင်းမရှိကြောင်း သူက ဆိုသည်။

“အုတ်ပိလို့ ခြေထောက်ကျိုးတဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဆေးရုံဝန်ထမ်းတွေက ချက်ချင်းမကုသပေးနိုင်တော့ အနာက ပြည်တည်ပြီးပုပ်လာတာနဲ့ ဒူးအောက်ကနေ ဖြတ်လိုက်ရတယ်”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။

“ပစ္စည်းကိရိယာလည်း မလုံလောက်ဘူး။ လက်ကျိုးသွားလို့ စတီးရိုးထည့်ရမယ့် နောက်ထပ် လူနာတစ်ယောက်လည်း ရှိသေးတယ်။ ဒါပေမဲ့ ဆေးရုံက လုပ်ပေးနိုင်တာက ပတ်တီးစည်းတာပဲရှိလို့ တခြား ဆေးရုံမှာသွားကုဖို့ လူနာကို ပြောလိုက်ရတယ်”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar