ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ အင်းဝမြို့က သမိုင်းဝင်ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုးများကို ပြန်လည်ပြုပြင်ရေးမှာ အာဏာသိမ်းစစ်ကော်မရှင်အနေနဲ့ နှောင့်နှေးနေတာကြောင့် ဒေသခံ ဧည့်လမ်းညွှန်တွေဟာ အသက်မွေးဝမ်းကြောင်းပြုဖို့ အခက်တွေ့နေရပါတယ်။
ဖရွန်တီးယား
မတ် ၂၈ ရက်နေ့၊ အချိန်က မွန်းလွဲ ၁ နာရီ ထိုးလု ဆဲဆဲ
မစိုးစိုးရွှေ (အမည်လွှဲ) တစ်ယောက် အင်းဝမြို့က မယ်နုအုတ်ကျောင်းကို လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေကို တာ ဧည့်ခံ ရှင်းပြနေတာ ပြီးလုနီးပြီ။ ခရီးစဥ်ပြီးပြီမို့ ကျသင့်ငွေတွေကို ဧည့်သည်တွေက ရှင်းနေချိန်မှာပဲ မြေကြီးက သိမ့်သိမ့်တုန် ရွေ့လျားသွားတာကို ခံစားရတယ် လို့ မစိုးစိုးရွှေက အဲဒီနေ့က ဖြစ်စဥ်ကို ပြန်လည် ပြောပြပါတယ်။
“အဆောက်အဦကြီးက ယိမ်းထိုးနေတာပဲ။ ကျမတို့မြေကြီးမှာ ဝပ်နေရတယ်။ အော်တဲ့သူက အော်၊ ပြေးတဲ့သူကပြေးပေါ့။ အဲဒီမှာပဲ ဝုန်းဆို ဟိုဘက်ခြမ်းကနေ ပြိုကျသွားတယ်။ တော်တော်ကြောက်ဖို့ ကောင်းတယ်”လို့ သူက ပြောပါတယ်။
အသက်သုံးဆယ်အရွယ် မစိုးစိုးရွှေက ၁၉ရာစု အစောပိုင်းက တည်ဆောက်ခဲ့တဲ့ မယ်နုအုတ်ကျောင်းရဲ့ ဧည့်လမ်း ညွှန်အဖြစ် လုပ်ကိုင်နေတာ ၁၀ နှစ်ကျော်ရှိပါပြီ။ ပြင်းအား ၇ ဒဿမ၇ အဆင့်ရှိတဲ့ ငလျင်ကြောင့် အင်းဝမှာ ရှိတဲ့ မယ်နုအုတ်ကျောင်းနဲ့ အခြားသမိုင်းဝင်အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားလို့ သူအနေနဲ့ အရမ်း ဝမ်းနည်းရတယ်လို့ ဆိုပါတယ်။
“တော်တော် စိတ်မကောင်းဖြစ်တယ်။ ဒီအုတ်ကျောင်းကြီးက ကျမတို့ဘဝပဲ။ ကျမတို့ကလေးထဲက ရှိခဲ့တာလေ။ အခုကိုယ့်မျက်စိရှေ့မှာတင် ပြိုကျသွားတယ်။ တစ်နေ့ ဒီလိုပြိုကျမယ်လို့ တစ်ခါမှကို မတွေးထားမိဘူး။ ကိုယ့်အိမ်လေး မပြိုဘဲ ကျန်နေတာတောင် ဝမ်းမသာနိုင်ဘူး” လို့ ဆက်ပြောတယ်။
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ပြင်းပြင်းထန်ထန်ထိခိုက်သွားတဲ့ဒေသတွေမှာ အဓိက ဦးစားပေးလုပ်ငန်းတွေအနေနဲ့ ပြိုကျ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေတဲ့လူတွေကို အချိန်မီ ကယ်ဆယ်တာ၊ အလောင်းတွေကို အပျက် အစီးတွေအောက်က ထုတ်ယူတာနဲ့ အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့လူတွေကို အစားအစာနဲ့ အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေ ပို့ဆောင်တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
ယခင်က ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ အင်းဝမြို့ရဲ့ အထင်ကရ ရှေးဟောင်းအဆောက်အဦတွေဟာ အခုဆို အပျက်အစီးပုံတွေသာ ဖြစ်ကျန်ရစ်ခဲ့ပါပြီ။ အပျက်အစီးပုံတွေကြားက ရှေးဟောင်း အမွေအနှစ်တွေကို အချိန်မီ ပြန်လည် ထိန်းသိမ်းမှု မပြုနိုင်ခဲ့ရင် ခရီးသွားတွေ မလာကြတော့မှာကို ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြရတဲ့ မစိုးစိုးရွှေ အပါအဝင် အင်းဝဒေသခံတွေကတော့ တွေးပူ စိုးရိမ်နေကြပါတယ်။
သူတို့ရဲ့ အဓိက အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ဧည့်လမ်းညွှန်လုပ်ငန်းဟာ ခရီးသွားတွေ မရှိတော့ရင် ရပ်တန့်သွားပြီး မိသားစု ဝင်ငွေတွေ ဆုံးရှုံးသွားရတော့မှာပါ။
ငလျင်ကြောင့်ပင် ထီးနန်းစိုက်ရာ မြို့ပျက်သုန်းခဲ့ရခြင်း
ဧရာဝတီမြစ်နဲ့ မြစ်ငယ်မြစ်တို့ဆုံရာမှာ တည်ရှိတဲ့ အင်းဝမြို့မှာ ၁၄ ရာစုအလယ်ပိုင်းကနေ ၁၈၃၉ ခုနှစ်အထိ ဗမာဘုရင်တွေ ငါးကြိမ်တိုင်တိုင် ထီးနန်းစိုက်ခဲ့ကြပါတယ်။ ၁၈၃၉ ခုနစ်မှာ လှုပ်ခတ်လိုက်တဲ့ ပြင်းအား ၈ ဒဿမ၂ ငလျင်ကြောင့် မြို့တော်တစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ပြီးနောက်မှာ ထီးနန်းစိုက်ရာ မြို့အဖြစ်ကနေ ဇာတ်သိမ်းခဲ့ရပါတော့တယ်။
အင်းဝမြို့တွင်း နန်းစိုက်စဥ်က တည်ဆောက်ခဲ့ကြတဲ့ ရှေးဟောင်းအဆောက်အဦတွေဟာ ပြည်တွင်းနဲ့ ပြည်ပခရီးသွားတွေကို ဆွဲဆောင်ရာမှာ အဓိက အရေးပါခဲ့ပါတယ်။ ဒီလို ခရီးသွားတွေ နှစ်သက်ခဲ့တဲ့ အဆောက်အဦ အများစုမှာ မတ်လ ၂၈ ငလျင်ကြောင့် ပြိုကျ ပျက်စီးသွားခဲ့ပါပြီ။ ယခင်က ခရီးသွားလုပ်ငန်းနဲ့ အသက်မွေးနေရတဲ့ ဒေသခံတွေမှာတော့ လက်ရှိ အဆောက်အဦ အပြိုအပျက်တွေကြား ကမ္ဘာလှည့်ခရီးသည်တွေသာမက ပြည်တွင်းခရီးသွားတွေပါ ဆွဲဆောင်နိုင်ပါဦးမလားလို့ တွေးပူ စိုးရိမ်နေကြပါတယ်။
အင်းဝ၊ အမရပူရနဲ့ မန္တလေးမြို့အနီးဝန်းကျင်မှာ လည်ပတ်တဲ့ ခရီးသွားတွေကို ပို့ဆောင်ပေးလေ့ရှိတဲ့ ၃၈ နှစ်အရွယ် တက္ကစီယာဉ်မောင်း ကိုမိုး (အမည်လွှဲ)က ငလျင်ကြောင့်အပျက်အစီးများတဲ့ မြို့တွေထဲ အင်းဝ ပါရှိတယ်လို့ ဆိုပါတယ််။ သူက ဆက်လက်ပြီး “ရှေးဟောင်းအဆောက်အအုံတွေ အများကြီးပျက်ဆီးကုန်တယ်” လို့ နှမြောတသစွာ ဆိုပါတယ်။
ပျက်စီးသွားတဲ့အထဲမှာ ခရီးသွားတွေကို အဓိကဆွဲဆောင်ခဲ့တဲ့ ၁၉ ရာစုအလယ်ပိုင်းနဲ့အနှောင်းပိုင်းကာလတွေမှာ တည်ရှိခဲ့တဲ့ ကုန်းဘောင်ခေတ်နှောင်းပိုင်းရဲ့ အမွေ လေးထပ်ကြီးကျောင်းလည်း ပါရှိပါတယ်။

သမိုင်းမှတ်တမ်းတွေအရ လေးထပ်ကြီးကျောင်းကို ၁၈၃၅ ခုနှစ်မှာ ဘကြီးတော်ဘုရားက တည်ဆောက်ခဲ့တာပါ။ မတ် ၂၈ ငလျင်ကြောင့် ရှေးဟောင်းကျောင်းကြီးရဲ့ အစိတ်အပိုင်းအများစု ပြိုကျခဲ့ပြီး အုတ်ပုံကြီးသဖွယ်သာ ကျန်ရစ်ပါတယ်။
“အရင်က ဒီနေရာ(လေးထပ်ကြီးကျောင်း)က နိုင်ငံခြားသားတွေ အရမ်းလာတဲ့ နေရာလေ။ သူတို့ ဒီမှာ ဓာတ်ပုံရိုက်ရတာ အရမ်းကြိုက်ကြတယ်။ အရင်တုန်းက အဆောက်အဦက တစ်ဝက်ရှိသေးတယ်။ အခုတော့ အုတ်ပုံပဲ ကျန်တော့တယ်ဗျာ။… ဒီလိုဖြစ်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။” လို့ ကိုမိုးက ဆိုပါတယ်။
“မန္တလေးနဲ့အင်းဝဆိုတာ ကျနော်တို့ မြန်မာတွေရဲ့ အနုပညာလက်ရာတွေ၊ ရှေးအမွေအနှစ်တွေ ရှိတဲ့နေရာ။ နှလုံးသားလို့တောင် ပြောလို့ရတယ်။ အခုတော့ အားလုံးဆုံးရှုံးသွားပြီ။ ငလျင်က အကုန်လုံးကို ဖြိုလှဲပစ်လိုက်ပြီ” ဟု သူက ဆက်လက် ဆိုပါတယ်။
သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ငလျင်ကြောင့် ရှေးဟောင်း အဆောက်အဦ ၁,၄၀၀ ကျော် ပျက်စီးခဲ့ပြီး ၄၀၀ ခန့်မှာ လုံးဝ ပြိုကျသွားခဲ့ကြောင်း သိရပါတယ်။ အင်းဝမြို့ တစ်ခုတည်းမှာပဲ ရှေးဟောင်းအမွေအနှစ်အဆောက်အဦအနေနဲ့ သတ်မှတ်ခံထားရတဲ့ အဆောက်အဦ ၉၆၁ ခု ရှိပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦ စုစုပေါင်း ၆၀၀ နီးပါးရှိတယ်လို့ စာရင်းထုတ်ပြန်ပါတယ်။
ဌာနအနေနဲ့ အင်းဝအပါအဝင် ငလျင်ဒဏ်သင့်ဒေသတွေက ရှေးဟောင်း အဆောက်အဦတွေကို အဆင့်ဆင့် ပြန်လည် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင် အာဘော် နိုင်ငံပိုင်သတင်းစာတွေမှာ ဧပြီ ၃၀ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
သို့သော်လည်း ဇူလိုင်လ အစောပိုင်းမှာ ဖရွန်တီးယားက အင်းဝကို သွားရောက် သတင်းရယူရာမှာ ပြုပြင်ထားခြင်းမရှိတဲ့ ငလျင်ဒဏ်ခံ လေးထပ်ကြီးကျောင်းကိုသာ တွေ့ခဲ့ရပါတယ်။ ဒါအပြင် “အန္တရာယ်ရှိသည်။ ဖြတ်သန်းသွားလာခြင်းမပြုရ” လို့ ရေးထားတဲ့ ဆိုင်းဘုတ်ငယ်တစ်ခု ချိတ်ဆွဲထားတဲ့ တားမြစ်ထားသည့်နေရာမှာ လူငယ်သုံးဦးက ခြင်းလုံးခတ်နေကြတာကို တွေ့ခဲ့ရပါတယ်။
မယ်နုရဲ့အပြစ်ပေးခြင်း ခံရသည် ဆိုသော
မယ်နုအုတ်ကျောင်းလို့ လူသိများတဲ့ မဟာအောင်မြေဘုံစံကျောင်းကို ၁၈၂၈ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဧည့်လမ်းညွှန် မစိုးစိုးရွှေရဲ့ မျက်စိရှေ့မှာပဲ ကျောင်းဆောင်ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်အစိတ်အပိုင်းတွေဟာ ငလျင်ကြောင့် ပြိုကျသွားခဲ့ပါပြီ။
ဇူလိုင်အစောပိုင်းအထိ ပြုပြင်မှုလုပ်ငန်းတွေ စတင်တာ မရှိသေးဘဲ မိုးဒဏ်ကို ကာကွယ်တဲ့အနေနဲ့ တချို့နေရာတွေကို တာပေါ်လင်စအချို့နဲ့ ဖုံးအုပ်ထားတာပဲ တွေ့ခဲ့ရပါတယ်။ လေးထပ်ကြီးကျောင်းမှာ ကပ်ထားတဲ့ ‘အန္တရာယ်ရှိသည်’ ဆိုတဲ့ ဆိုင်းဘုတ်တွေလို စာတွေကိုတော့ အများအပြား တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ လုံခြုံရေး အစောင့်အရှောက်တွေ မရှိသလို ကျောင်းအတွင်း ဝင်ရောက်ခြင်းကို တားဆီးထားခြင်းလည်း မရှိပါဘူး။
အသက် ၂၈ နှစ်အရွယ် ဧည့်လမ်းညွှန် မဇင်နိုး (အမည်လွှဲ) က မယ်နုအုတ်ကျောင်းဝင်းကြီးရဲ့ဝင်ပေါက်ဟာ ပြိုကျပြီး အုတ်တွေနဲ့ ပြည့်နေခဲ့တဲ့အတွက် ခရီးသည်တွေ ဝင်ရောက်နိုင်အောင် သူတို့ဧည့်လမ်းညွှန်တွေဟာ ကိုယ်ထူ ကိုယ်ထပဲ ဖယ်ရှားခဲ့ရတယ်လို့ ပြောပါတယ်။
“ဧည့်သည်တွေ လာရင် လိုက်ပြရတယ်လေ။ ဘာလို့ဆို ဒီအုတ်ကျောင်းကြီးက ကျမတို့ စားဝတ်နေရေးအတွက် မှီခိုနေရတဲ့ အဓိက ဝင်ငွေရှာပေးနေတဲ့ နေရာမို့လို့ပါ။ တာဝန်ရှိသူတွေက ငလျင်လှုပ်ပြီးတော့ နှစ်ခါသုံးခါတော့ လာကြည့်တယ်။ နောက် တာပေါ်လင်စတွေနဲ့ ဟိုနားဒီနား နည်းနည်းအုပ်သွားတယ်။ ဒါပဲ လုပ်တာ။ ကျန်တာတော့ ဘာမှမတွေ့ဘူး”လို့ သူက ရှင်းပြပါတယ်။
ဒီလို တာပေါ်လင်တွေနဲ့ အုပ်တာက “လာနောက်နေတာနဲ့ တူတယ်လို့” မှတ်ချက်ပေးပါတယ်။
ဒါတွေက ဟန်ပြသက်သက်ဖြစ်ပြီး “တာလပတ်တွေနဲ့ အုပ်ထားတာ မိုးမလုံဘူး။ အကုန်လုံး တွေ့နေတာပဲလေ။ အခုက မိုးတွေကလည်း ရွာတယ်။ နောက်ဆက်တွဲ ငလျင်တွေကလည်း လှုပ်တယ်။ အဲ့တော့ တခါတလေကျရင် အုတ်ကျောင်းရဲ့ အချို့နေရာတွေမှာ အုတ်တွေက ထပ်ပြိုကျနေတယ်” လို့ သူက ဆက်ပြောပါတယ်။
မစိုးစိုးရွှေက ဒေသခံတွေအနေနဲ့ အင်းဝမြို့ ငလျင်ဘေးကြုံရခြင်းက သူတို့ကိုယ်တိုင်ရဲ့ အပြစ်မကင်းဘူးလို့ ခံစားနေရပြီး မယ်နုအုတ်ကျောင်းရဲ့ သမိုင်းရာဇဝင်ဆိုင်ရာ ပြောကြားချက်တွေနဲ့ ချိတ်ဆက်ပြီး ထင်ကြေးပေးပါတယ်။
၁၈၂၀ ကျော်နှစ်တွေမှာ ဘကြီးတော်မင်းရဲ့မိဖုရား နန်းမတော်မယ်နုက ကျောင်းဆောက်လုပ်ဖို့ အလှူငွေကို ဆရာ တော်ဦးဗုဓ်ထံကို လှူဒါန်းခဲ့ပါတယ်။ ၁၈၃၇ ခုနှစ်မှာ ဘကြီးတော်ရဲ့ညီတော် သာယာဝတီမင်းက အစ်ကိုဖြစ်သူကို နန်းချခဲ့ပြီး နန်းမတော်မယ်နုကိုလည်း ဧရာဝတီမြစ်မှာ ရေနစ်သတ်စေခဲ့ပါတယ်။
ဒဏ္ဍာရီအရ သူအသတ်မခံရခင် ရှေ့တစ်ညမှာ မယ်နုက ဆရာတော်ဦးဗုဓ်ဆီ သွားရောက်ဖူးမြော်ပြီး သူရဲ့ဖြစ်ရပ်ဆိုးကို ပြောပြငိုကြွေးခဲ့ပါတယ်။ ဆရာတော်က “မယ်နု ဝဋ်ကြွေးရှိရင် ပြန်ဆပ်ရမယ်”လို့ မိန့်ကြားခဲ့တယ်။ ကံ ကံ၏အကျိုးအတိုင်း သံသရာတလျှောက် ပြုခဲ့တဲ့ မကောင်းမှုတွေကို လက်ရှိဘဝနဲ့ သူ ကျင်လည်ရသမျှဘဝတွေမှာ ပြန်ဆပ်ရမှာပဲလို့ ဆိုတာပါ။
မစိုးစိုးရွှေက အင်းဝဒေသခံတွေဟာ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် အဲဒီဇာတ်လမ်းကို မကြာခဏ ပြန်လည်အမှတ်ရမိကြတယ်လို့ ဆိုပါတယ်။
“တကယ်တမ်းက လူတွေ ပါးစပ်တွေကြောင့် အခုလိုဖြစ်တာ။ ဒီမှာ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဧည့်သည်အလာနည်းတော့ ဧည်သည့်ကို လုကြတယ်။ … ခရီးသွားလုရင်း အချင်းချင်းကြား ရန်ဖြစ်တာတွေနဲ့ ဆိုင်တယ်လို့ တွေးမိတယ်။ အဲဒီလိုဖြစ်ရင် ဒီကျောင်းကြီးမရှိမှဘဲ အေးမှာဆိုပြီး ခဏခဏပြောကြတာလေ။ အခုတော့ပြိုကျသွားပြီ၊ အဲဒါ မယ်နုက အကုန်လုံးကို ဒဏ်ခတ်လိုက်တာ” လို့ သူက ဆိုပါတယ်။

လေးဖင့်သော စစ်ကော်မရှင်၏ စီမံခန့်ခွဲမှု
ငလျင်အပြီး စစ်ကော်မရှင်ရဲ့ ငလျင်ဒဏ်ခံ သမိုင်းဝင် အဆောက်အဦတွေ ပြန်လည်ပြုပြင်ရေးအပေါ်စိတ်ဝင်တစား မရှိမှုနဲ့ အားစိုက်မှုတွေ လျော့နည်းနေတာကလည်း သိသာလွန်းလှပါတယ်။ မယ်နုကျောင်းနဲ့ လေးထပ်ကြီးကျောင်းလို သမိုင်းဝင်အဆောက်အအုံတွေ ပြန်လည်ပြုပြင်ဖို့ အားထုတ်မှု မရှိတဲ့အပေါ် ဒေသခံတွေက မကျေနပ်ကြပါဘူး။
စစ်ကော်မရှင်ရဲ့ ငလျင်ဘေးသင့် ပြန်လည်ထူထောင် ပြုပြင်ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး တုံ့ပြန်မှု နှေးကွေးခြင်းအပေါ် အငြိမ်းစား ရှေးဟောင်းသုတေသန ကထိကတစ်ဦး ဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးသူထွန်း (အမည်လွှဲ) က “ဒီလိုမျိုးအခြေအနေတွေက လုံးဝမဖြစ်သင့်ဘူး။.. ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ အမြန်ဆုံးစဖို့ အရေးကြီးတယ်” လို့ ဆိုပါတယ်။ ဦးသူထွန်းက လတ်တလောမှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်နေပါတယ်။
ဒေသခံတွေဟာ သမိုင်းဝင်အဆောက်အအုံတွေရဲ့ အပျက်အစီးတွေကို သူတို့ဘာသာ ဖယ်ရှားခဲ့ရပြီး နောက်ဆက်တွဲငလျင်တွေကြောင့် အဆောက်အအုံတွေ ထပ်မံပြိုကျမှာ စိုးရိမ်လို့ အလျင်အမြန်ပြင်ဆင်လိုကြပေမဲ့ ဒါတွေအတွက် မှန်ကန်စွာ လုပ်ဆောင်ဖို့ ကျွမ်းကျင်မှုမရှိကြဘူးလို့ သူက ဖရွန်တီးယားကို ပြောပါတယ်။
“ဒေသခံတွေစိုးရိမ်တာကို နားလည်တယ်။ တစ်ဘက်ကအစိုးရတာဝန်ရှိသူတွေနဲ့ ပညာရှင်တွေဘက်ကလည်း ရှေးဟောင်းအဆောက်အအုံတွေ ဒီထက်ပိုပြီး မပျက်ဆီးအောင် အမြန်ဆုံးဆောင်ရွက်ဖို့လိုတယ်”လို့ သူက ဆိုပါတယ်။
ရန်ကုန်နည်းပညာတက္ကသိုလ် (ယခင် ရန်ကုန်စက်မှုတက္ကသိုလ်) ဘွဲ့ရတစ်ဦးဖြစ်ပြီး ရန်ကုန်မှာ နေထိုင်နေတဲ့ အမွေအနှစ်အဆောက်အအုံတွေ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းမှာ လုပ်သက်နှစ် ၄၀ ရှိတဲ့ အငြိမ်းစားဗိသုကာပညာရှင်တစ်ဦးက အနည်းငယ်ပဲ ပျက်စီးသွားတဲ့ သမိုင်းဝင်အဆောက်အအုံတွေကို မူလအတိုင်းထားသင့်တယ်လို့ အကြံပြုပါတယ်။
“မြန်မာနိုင်ငံမှာ လူတွေက ရှေးအဟောင်းအအုံတွေကို လုပ်ဖို့မသင့်တဲ့ ဆေးသုတ်တာတွေ၊ ပြန်ပြုပြင်တာတွေ မကြာခဏလုပ်တယ်။ အဲဒါက တားမရဘူးဖြစ်နေတယ်။ အဲဒါတွေ ရပ်ဖို့လိုအပ်တယ်။ ရှေးဟောင်းအဆောက်အအုံတွေကို သူ့ရှိနေတဲ့ပုံစံအတိုင်းလေးပဲ ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်တယ်” လို့ အသက် ၇၅ နှစ်အရွယ် အမည်မဖော်လိုတဲ့ ဗိသုကာပညာရှင်က ဖရွန်တီးယားကို ပြောပါတယ်။
မေလထဲမှာ သူတို့( စစ်ကော်မရှင်)က ပျက်စီးနေတဲ့ အဆောက်အအုံတွေကို တာလပတ်တွေနဲ့ အုပ်တယ်။ ဒါပေမဲ့ သူတို့လုပ်ထားတာတွေက မိုးတောင်မလုံဘူး။..လုံလုံခြုံခြုံဖြစ်အောင် စနစ်တကျကာရံဖို့ လိုအပ်တယ်။ အရမ်းအရေးကြီးတယ်။ အဲ့လိုမလုပ်ရင် အကုန်ပျက်စီးကုန်လိမ့်မယ်” လို့လည်း ဆိုပါတယ်။
အင်းဝဟာ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရဖို့ United Nations Educational, Scientific and Cultural Organisation (UNESCO) ရဲ့ “ယာယီစာရင်း” မှာ ထည့်သွင်းထားခံရတာကြောင့် ကာကွယ်စောင့်ရှောက်ဖို့ အထူးလိုအပ်တ ယ်လို့လည်း သူက ထောက်ပြပါတယ်။
UNESCO က ငလျင်ဒဏ်ကြောင့် ပျက်စီးမှုတွေကို အကဲဖြတ်နိုင်ဖို့နဲ့ အဆိုးရွားဆုံး ထိခိုက်မှုရှိတဲ့ ဒေသတွေက ပျက်စီးအဆောက်အအုံတွေနဲ့ အိမ်တွေကို စနစ်တကျ ပြန်လည်တည်ဆောက်နိုင်ရေး ပံ့ပိုးကူညီဖို့ ဧပြီ ၂၈ ကနေ မေ ၂ အထိ လေ့လာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီလေ့လာချက်နဲ့ပတ်သက်တဲ့ UNESCO ရဲ့ထုတ်ပြန်ချက်မှာ အင်းဝနဲ့ ပတ်သက်ပြီး အထူးတလည်ဖော်ပြထားတာ မတွေ့ရပါဘူး။
“အခုအချိန်မှာ ပြိုပျက်သွားတဲ့ ရှေးဟောင်းအဆောက်အအုံတွေအပြင် ထပ်ပြီးမဆုံးရှုံးဖို့ အရေးကြီးဆုံးပဲ။ ကျန်ခဲ့တာတွေကို သေချာဂရုစိုက် ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်”လို့ ဗိသုကာပညာရှင်က သုံးသပ်ပါတယ်။
မရေရာသော အင်းဝ ခရီးသွားလုပ်ငန်း အနာဂတ်
မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် သမိုင်းဝင်အဆောက်အအုံ ပြုပြင်ရေးလုပ်ငန်းတွေ မစတင်နိုင်သေးဘဲ ခရီးသွားလုပ်ငန်းနဲ့ စားဝတ်နေရေးဖြေရှင်းနေရတဲ့ အင်းဝဒေသခံတွေရဲ့ အနာဂတ်အရေးဟာ မရေမရာလှပါဘူး။
မြင်းလှည်းမောင်းသူ ကိုဟိန်းထွန်းက ကိုဗစ် ၁၉ ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုမဖြစ်မီကာလအထိ ၂၀၁၉ ခုနှစ်က နိုင်ငံခြားသားခရီးသွားတွေကို အင်းဝတစ်ဝိုက် လိုက်လံပို့ဆောင်ပေးတာဟာ ဝင်ငွေကောင်းတဲ့ စီးပွားရေးဖြစ်ခဲ့တယ်လို့ ရှင်းပြပါတယ်။
“အဲဒီတုန်းက တစ်နှစ်ပတ်လုံး ခရီးသွားတွေ အများကြီးရှိတယ်။ မိုးရာသီလောက်ပဲ အလာနည်းတာ။ ကျန်တဲ့အချိန်က ခရီးသွားများတယ်” လို့ သူက ရှင်းပြပြီး ကပ်ရောဂါမတိုင်ခင်က တစ်နေ့ကို ကျပ် ၁၀၀,၀၀၀ (ထိုအချိန်က အမေရိကန်ဒေါ်လာ ၆၅ ခန့်) ရကြောင်း ပြောပါတယ်။
“ကိုဗစ်က စပြီး နိုင်ငံခြားသားတွေ မလာတော့ဘူး။ ကိုဗစ်ပြီးသွားတော့လည်း နိုင်ငံရေးတွေက မတည်ငြိမ်တော့ နိုင်ငံခြားခရီးသည်တွေက မလာတော့ဘူး။ အဲဒီနောက်ပိုင်း ပြည်တွင်းခရီးသွားတွေပဲ လာတော့တာ။… ပြည်တွင်းခရီးသွားတွေက မြင်းလှည်း သိပ်မစီးကြဘူး။ တစ်ရက်မှ ခရီးသည်တစ်ဖွဲ့လောက် ရတယ်။ အဲဒါမှ နှစ်သောင်းလောက် ဝင်တာ။ အဲဒီတော့ အရမ်းခက်ခဲလာကြတယ်” လို့ ရှင်းပြပါတယ်။
၂၀၁၉ ခုနှစ်က အင်းဝမှာ မြင်းလှည်းအစီး ၆၀၀ ခန့်ရှိပေမဲ့ အခုတော့ အစီးရေ ၇၀ လောက်ပဲ ကျန်ရှိတော့ပြီး မြင်းလှည်းသမားအများစုက ခရီးသွားလုပ်ငန်းကို စွန့်လွှတ်ပြီး မန္တလေးနဲ့ ရန်ကုန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ စားသောက်ဆိုင်တွေမှာ သွားရောက်လုပ်ကိုင်နေကြတယ်လို့ ပြောပါတယ်။
ငလျင်လှုပ်ပြီးကတည်းက ခရီးသွားလုပ်ငန်း လုံးဝနီးပါး ရပ်တန့်သွားတာကြောင့် ကိုဟိန်းထွန်းဟာလည်း သူတို့လို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စဉ်းစားနေပါတယ်။
“အခုက ငလျင်လှုပ်သွားတော့ အခြေအနေတွေက ပိုဆိုးသွားပြီ။ ကျနော်ဆို ပြီးခဲ့တဲ့တစ်လလုံး ဝင်ငွေမရှိဘူး။ စားဝတ်နေရေးက အတော်ကြပ်တည်းနေပြီ” လို့ ကိုဟိန်းထွန်းက ဆိုပါတယ်။ သူ့မှာ ၉ နှစ်အရွယ်သားတစ်ယောက်ရှိပြီး ကျောင်းစရိတ် လိုအပ်တယ်လို့ ပြောပါတယ်။ ”ကျနော် မန္တလေးမှာတော့ သုံးဘီးသွားမောင်းဖို့ စီစဉ်ထားတယ်” လို့ ပြောတယ်။
တခြား မြင်းလှည်းမောင်းသမား တစ်ယောက်ဖြစ်တဲ့ ကိုထွန်းထွန်းဟိန်း ကတော့ ငလျင်လှုပ်ပြီးနောက်ပိုင်း လများဟာ သူ့ဘဝအတွက် အခက်ခဲဆုံးကာလတွေလို့ ဆိုပါတယ်။
“နိုင်ငံခြားသားခရီးသွားတွေ နည်းသွားတာ အတော်ကြာပြီ။ အဲ့ဒီနောက် ပြည်တွင်းခရီးသွားတွေကိုပဲ အဓိက မှီခိုခဲ့ရတယ်။ အခု အဲဒါတောင်မရတော့ဘူး။ နောက်အခြေအနေတွေ ဘာဆက်ဖြစ်မလဲ ဘယ်သူမှ မသိဘူး” လို့ သူက ဆိုပါတယ်။ အဆိုးဆုံးကာလ ကြုံတွေ့နေရတယ်လို့ ဆိုပေမဲ့ အနာဂတ်မှာ ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာမယ်လို့ သူ မျှော်လင့်နေပါတယ်။ ဒါပေမဲ့လည်း ဒီခရီးလမ်းက ခက်ခဲနေဦးမယ်ဆိုတာတော့ သူလည်း သိနေပါတယ်။
“မိုးကလည်း ဝင်လာပြီ။ အဲ့ဒါဆို ပြည်တွင်းခရီးသွားတွေ အလာနည်းဦးမယ်။ ငလျင်ကလည်း လှုပ်ပြီးတော့ ဧည့်သည်က ပိုနည်းနေသေးတယ်။ အဲဒီတော့ ဒီနှစ်ထဲကတော့ ဝင်ငွေပြန်ကောင်းဖို့ မျှော်လင့်ချက်မရှိဘူး ။ဘယ်တော့အခြေအနေတွေ ပြန်ကောင်းမယ်လို့လည်း ဘယ်သူမှ မပြောနိုင်ဘူး”လို့ ကိုထွန်းထွန်းဟိန်းက ပြောပါတယ်။
မဇင်နိုးမှာ မိသားစုဝင် သုံးဦး ရှိပြီး ၁၂ နှစ်အရွယ် ကျောင်းသားဖြစ်သူ မောင်လေး တစ်ဦးလည်း ရှိပါတယ်။ ဖခင်ရဲ့ ဆိုက်ကားနင်းလို့ ရလာတဲ့ မိသားစု ဝင်ငွေအပြင် သူမ ခရီးသွားလမ်းညွှန် ဝင်ငွေက မိသားစုအတွက် တဖက်တလမ်းက အထောက်အကူ ပြုခဲ့ပေမဲ့ အခုအခြေအနေမှာ တော့ ဘာဆက်ဖြစ်လာမယ် မသိနိုင်တော့ပါဘူး။
“ငလျင်လှုပ်ပြီးချင်းတုန်းကတော့ လူတွေအများကြီး လာလှူဒါန်းကြတယ်။ အဲဒီ ကာလတုန်းက စားဖို့သောက်ဖို့ မပူခဲ့ရဘူး။ လုံလောက်တယ်။ ဒါပေမဲ့ သုံးပတ်လောက်ကြာတော့ အလှူတွေ ရပ်သွားတယ်။ အခုဆို ဘယ်သူမှ မလာတော့ဘူး။ ကျမတို့ စားဖို့၊ သောက်ဖို့ ပိုက်ဆံရှာရတာ တော်တော်ခက်ခဲနေပြီ” လို့ သူက ပြောတယ်။
မဇင်နိုးဟာ မယ်နုအုတ်ကျောင်းကို လာရောက်လည်ပတ်တဲ့သူတွေကို လိုက်လံပြသပေးတဲ့ အမျိုးသမီးသုံးဦးပါ အဖွဲ့ထဲက တစ်ယောက် ဖြစ်ပါတယ်။ ကပ်ရောဂါမဖြစ်ခင်က ဒီလိုမျိုး အဖွဲ့ ၄၀ လောက်ရှိခဲ့ပေမဲ့ အခုအချိန်မှာ ၁၅ ဖွဲ့လောက်ပဲ ရှိတော့တာပါ။
“ငလျင်လှုပ်ပြီးကတည်းက ရက်အများစုမှာ ဧည့်သည်တစ်ယောက်မှ မရတော့ဘူး။ ပြီးခဲ့တဲ့တစ်ပတ်က ကျွန်မတို့အဖွဲ့ဟာ တစ်ယောက်ကိုမှ နှစ်သောင်း (ကျပ် ၂၀,၀၀၀ – လက်ရှိပေါက်ဈေးအရ ၄.၅၀ ဒေါ်လာ) ပဲ ရခဲ့တယ်” လို့ သူမက ဆိုတယ်။
ဝင်ငွေကောင်းခဲ့တဲ့အချိန်က တစ်ပတ်ကို တစ်ယောက် ကျပ် ၁၀၀,၀၀၀ ဝန်းကျင်ရခဲ့တာနဲ့ ယှဉ်မယ်ဆို အရမ်းနည်းသွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သူလည်း မန္တလေးက ဆိုင်တစ်ဆိုင်မှာ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
“တစ်လကို ကျပ် ၄၀၀,၀၀၀ လောက်ရမယ်။ ဒါပေမဲ့ တစ်လမှာ နှစ်ရက်ပဲ နားရမယ်” လို့ မဇင်နိုးက ပြောတယ်။
“ဘယ်သွားချင်မလဲ။ အဲဒီကို မသွားချင်ဘူး။ အင်းဝက ကိုယ့်ဇာတိရပ်ရွာ။ ဒီမှာပဲ လုပ်ကိုင်စားသောက်လာတာ မွေးကတည်းကလေ။ ဖြစ်နိုင်ရင်တော့ ဒီမှာပဲနေချင်တယ်။ ဒါပေမဲ့ စားဝတ်နေရေးက ရှိသေးတယ်။ ဝင်ငွေရဖို့ လိုအပ်တယ်။ လာမယ့် ပွင့်လင်းရာသီခရီးသွားတွေ ပြန်လာလို့ အခြေအနေတွေကောင်းရင် ဒီပြန်လာမယ်။ ဧည့်လမ်းညွှန်ပဲ ပြန်လုပ်မယ်” လို့ သူက ဆိုပါတယ်။