မြန်မာနိုင်ငံတွင် နာရေးရှိသည့်အိမ်များ၌ ဖဲဝိုင်းထောင်ကြသည်မှာ ရိုးရာအစဥ်အလာတစ်ခုဖြစ်သည်။ ယခုအခါ ထိုဖဲဝိုင်းများသည် အကျင့်ပျက်ချစားသည့် အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လူမိုက်များက ဦးဆောင်ပြီး ရက်အတန်ကြာမြင့်သည့် တရားမဝင် လောင်းကစားဝိုင်းများအဖြစ် ပြောင်းလဲသွားသည်။
ဖရွန်းတီးယားမြန်မာ
တာပေါ်လင်အပြာရောင်မိုးထားသည့် မဏ္ဍပ်တစ်ခုအောက်ရှိ သံတိုင်များအကြား လူတစ်စုသည် နေမြင့်သည်ကိုပင် ဂရုမစိုက်အားဘဲ တစ်စုံတစ်ခုအပေါ် စိတ်ဝင်တစား ရှိနေကြသည်။ ဝိုင်းထဲတွင် ထိုင်နေပြီး ဘေးပတ်ဝန်းကျင်ကို သတိထားမိပုံမရသည့် ထိုအမျိုးသားများ၏ အာရုံသည် ဖဲချပ်များအပေါ် အပြည့်အဝ ကျရောက်နေသည်။ အချို့မှာ ခပ်ပြုံးပြုံးရှိနေပြီး အချို့မှာမူ ဖဲချပ်များကို ဖြည်းညင်းစွာဖြင့် ကြည့်ရှုနေသည်။
၎င်းတို့က မြန်မာပြည်တွင် အလွန်လူကြိုက်များသော ဖဲကစားနည်းဖြစ်သည့် ရှမ်းကိုးမီးကို ဆော့နေကြခြင်းဖြစ်သည်။ ဘလက်ဂျက် (21ဟုလည်း လူသိများသည့်) ကစားနည်းနှင့် ဆင်တူကာ ဝိုင်းထဲရှိ ထိုးသား လေးယောက်ခန့်သည် ဖဲ နှစ်ချပ်မှ သုံးချပ်အထိ ကိုင်နိုင်ပြီး ဒိုင်ကို နိုင်အောင် ကစားရခြင်းဖြစ်သည်။
ဖဲကစားနည်းက ထွေထွေထူးထူးမဟုတ်သည့်တိုင် ကစားဝိုင်းအလယ်တွင် အပုံလိုက်ရှိနေသည့် ကျပ်သိန်းဆယ်ဂဏန်းချီရှိသည့် ငွေသားများကို လူအများက မျက်စိကျနေခြင်းဖြစ်သည်။ ဒိုင်က အလျော်အစားလုပ်ရန် ငွေကျပ်ငါးသိန်းခန့်ကို ကနဦးပုံထားရပြီး ထိုးသားများထံမှ အလျော်အစားငွေများဖြင့် ထိုပုံငွေသည် ပိုမိုများပြားလာတတ်သည်။ ထိုပမာဏသည် ရန်ကုန်၏ ဆင်ခြေဖုံးဒေသဖြစ်သော လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မှ လက်လုပ်လက်စားများအတွက်တော့ မက်လောက်စရာပမာဏပင်။
ကစားသမားများက ဖဲချပ်များကို ဆက်မဆွဲတော့ဘဲ ပြသရသည့်အခါ ဖဲဝိုင်းအတွင်း ဇာတ်ရှိန်မြင့်လာသည်။ ထုံးစံအတိုင်း ဒိုင်စားသည့် အခါမျိုးတွင် အခြားထိုးသားများက ၎င်းကို ဒေါသတကြီး အော်ဟစ်ဆဲဆို ကြလေ့ရှိသည်။ ထိုးငွေကုန်သွားသဖြင့် ထိုဝိုင်းမှ တစ်ယောက်စ၊ နှစ်ယောက်စ ဘေးထွက်ထိုင်ရလေ့ရှိသည်။
ထိုနာရေးအိမ်ထဲတွင်မူ ဦးတင်ဦး၏ မှုန်ဝါးဝါးဓာတ်ပုံက ထိုအော်ဟစ်ဆဲဆိုသံများကို ခပ်အေးအေး လှမ်းကြည့်နေသည်မှာ သူနှင့်မဆိုင်သယောင်ပင်။ ခပ်ကျဲကျဲဆံပင်ဖြူများ တစ်ခေါင်းလုံးပြည့်နှက်နေသည့် ဦးတင်ဦးသည် မကြာသေးမီ အသက်၆၇နှစ်တွင် ပန်းနာရင်ကျပ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဝမ်းနည်းပူဆွေးသော ကျန်ရစ်သူမိသားစုဝင်အချို့မှာ မျက်မှောက်ကာလတွင် နာရေးအိမ်များ၏ ရိုးရာဓလေ့ တစ်ခုသဖွယ်ဖြစ်လာသည့် အဆိုပါဖဲဝိုင်းများတွင် လောင်းကစားသမားများနှင့် ရောနှောကာ ဝင်ကစားကြလေ့ရှိသည်။ ထိုးသားအချို့သည် ရာဇဝတ်မှုများ လက်ရဲဇက်ရဲကျူးလွန်လေ့ရှိသည့် လူမိုက်များဖြစ်သည်။
“သူတို့ဒီမှာ နေ့ရောညရော တစ်ပတ်လုံး ဖဲလာရိုက်ဖို့အတွက် ကျနော်တို့ကို ငွေခုနစ်သိန်းပေးထားတယ်” ဟု မိသားစုဝင်တစ်ဦးက ဖရွန်တီးယားကို ပြောသည်။ ထို့ပြင် ထိုလောင်းကစားသမားများကို ယခင်က ပုဂ္ဂိုလ်ရေးအရ သိကျွမ်းခဲ့ခြင်းမရှိကြောင်းလည်း ၎င်းကဆိုသည်။
“သူတို့က သူတို့ဘာသူတို့ တဲထိုးတယ်။ ကျနော်တို့ ဘာမှလုပ်စရာမလိုဘူး။ ဒီမှာ အသုဘချမယ့်အချိန်ကျရင်တော့ သူတို့ ခဏနားတယ်။ မဟုတ်ရင်တော့ ဆက်ကစားနေကြတာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၉တွင် ပြဋ္ဌာန်းခဲ့သည့် လောင်းကစားဥပဒေအရ ရဲတပ်ဖွဲ့ဝင် သို့မဟုတ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အလောင်းကစားပြုလုပ်ပါက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။ အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်ငါးနှစ်နှင့် ငွေဒဏ် ကျပ်၁၀သိန်းဖြစ်သည်။ ဆိုခဲ့ပါ နာရေးအိမ်သည် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် တစ်လမ်းတည်းတွင် ရှိသည့်တိုင် ဖမ်းဆီးအရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

ပျက်စီးသွားတဲ့ ရိုးရာဓလေ့
ဦးတင်ဦး၏ ဝိညာဥ်မှာလည်း လောင်းကစားသမားများအကြား ဟိုမှသည် ရွေ့လျားသွားလာနေဖွယ်ရှိသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အယူအရ ကွယ်လွန်သွားသူ၏ ဝိညာဥ်က လွတ်လွတ်လပ်လပ် သွားလာနိုင်ရန် နာရေးအိမ်ရှိ ပြတင်းပေါက်နှင့် တံခါးများကို တစ်ပတ်လုံး နေ့ရော ညပါ ဖွင့်ထားပေးရသည်။ ခုနစ်ရက်မြောက်နေ့၌ အိမ်သို့ သံဃာတော်များကို ပင့်ဖိတ်၍ ကွယ်လွန်သူ ချောမွေ့စွာဖြင့် ဘဝကူးပြောင်းစေရန် ရေစက်ချ အမျှပေးဝေရသည်။
ထိုခုနစ်ရက်တာကာလအတွင်း အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းများက ကျန်ရစ်သူမိသားစုကို အကူအညီပေးရန် နာရေးအိမ်တွင် လာရောက်နေထိုင်ကြပြီး အမျိုးသားများကမူ ဖဲကစားခြင်းဖြင့် အချိန်ကုန် လေ့ရှိသည်။
ထိုအလေ့အထသည် အလွန်ကျယ်ပြန့်လာပြီး နောက်ပိုင်းတွင် နာရေးအိမ်များက ဧည့်သည်များအတွက် ဖဲဝိုင်းထောင်ပေးရသည်အထိ အစဉ်အလာတစ်ခုဖြစ်လာသည်။ သို့ဖြစ်ရာ နာရေးအိမ်တွင် ဖဲဝိုင်းထောင် အလောင်းကစားပြုလုပ်ခြင်းသည် နှစ်ပေါင်းများစွာကတည်းက တည်ရှိလာသည့် ရိုးရာဓလေ့တစ်ခုဖြစ်သည်။ ထို့ပြင် အလျော်အစားကြေးကလည်း ပမာဏကြီးကြီးမားမား မဟုတ်ဘဲ ဖဲနိုင်သူက ထိုငွေများကို ပြန်လည်လှူဒါန်းကြသည်သာ။
သို့သော် ထိုကဲ့သို့ ရိုးရှင်းလှသည့် ရိုးရာဓလေ့သည် ယခုအခါ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကစပြီး ဆင်းရဲနွမ်းပါးသည့် ရပ်ကွက်များတွင် နာရေးအိမ်အကြောင်းပြပြီး လောင်းကြေးမြင့်မားသည့် ဖဲကစားဝိုင်းများ အလျှိုလျှို ပေါ်ပေါက်လာသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု ဆုတ်ယုတ်သွားပြီး စီးပွားရေးအကျပ်အတည်းများ ပိုမိုနက်ရှိုင်းလာသောအခါ ထိုလောင်းကစားဝိုင်းများ ခေါင်းထောင်လာသည်။
ယခင်က နာရေးအိမ်တွင် ဖဲဝိုင်းထောင်ရသည့်လုပ်ငန်းသည် လုပ်ရကိုင်ရ လွယ်ကူခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ၎င်းတို့အတွက် အပြိုင်အဆိုင် များလာကြောင်း ဖဲဝိုင်းပွဲစားများက ဆိုသည်။ ၎င်းတို့ကို ကန်ထရိုက်ဟုလည်း လူသိများသည်။ ဖဲဝိုင်းများကို ယခင်က ရန်ကုန်မြို့၏ အဆင်းရဲဆုံးနှင့် အကြမ်းတမ်းဆုံး ဒေသများဖြစ်သည့် ကျူးကျော်ရပ်ကွက်များရှိရာ လှိုင်သာယာ (အရှေ့၊ အနောက်)နှင့် ရွှေပြည်သာမြို့နယ်တို့တွင်သာ အဓိက ပြုလုပ်ခဲ့သည်ဟု ဖဲဝိုင်းကန်ထရိုက် လုပ်သက် ၁၀နှစ်ရှိပြီဖြစ်သည့် ဦးကြီး (အမည်လွှဲ)က ဆိုသည်။
သို့သော် မကြာသေးမီနှစ်များတွင် နာရေးအိမ်ဗန်းပြ ကြေးမြင့်ဖဲဝိုင်းများက ထိုမြို့နယ်များ၏ လူလတ်တန်းစားရပ်ကွက်များအထိ တစ်ဆင့်တက်လာပြီး ထန်းတပင်ကဲ့သို့သော မြို့နယ်အသစ်များသို့ပါ ပျံ့နှံ့လာသည်။
“အရင်က ပွဲကန်ထရိုက်က နည်းနည်းပဲရှိတာ။ ကျနော်တို့က ပွဲလုပ်မယ့်အကြောင်းရယ်၊ ပွဲလုပ်မယ့်နေရာကအစ သိုသိုသိပ်သပ် စီစဉ်ရတယ်။ တခါတလေကျ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတွေကို ညှိမရတော့ နာရေးအိမ်က မိသားစုနဲ့ တိုင်ပင်ပြီး ပေါ်တင် မလုပ်ဘဲ တိုးတိုးတိတ်တိတ်နဲ့ ကစားဝိုင်း လုပ်ရတယ်” ဟု ဦးကြီးက ပြောသည်။
အချို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ငွေပေး၍ လာဘ်ထိုးရသော်လည်း ၎င်းတို့၏ အထက်လူကြီးများ မသိအောင် လုပ်ကြရသည်။ “အဲဒီလိုအချိန်ဆို ဒီပွဲလုပ်နေတယ်ဆိုတဲ့သတင်း အထက်လူကြီးတွေဆီ ရောက်မသွားဖို့က သူတို့အတွက်က အရေးကြီးတယ်” ဟု ဦးကြီးက ပြောသည်။
စစ်တပ်အာဏာမသိမ်းခင် နိုင်ငံ့စီးပွားရေး အတန်အသင့်ကောင်းမွန်ခဲ့စဥ်က နာရေးအိမ်များကို ဖဲဝိုင်းထောင်ရန် ညှိနှိုင်းရသည်မှာ အလွန်ခက်ခဲခဲ့ကြောင်း ၎င်းကဆိုသည်။
“အဆင်မပြေတဲ့ မိသားစုတွေတောင် မလုပ်ချင်ကြဘူး။ အဲဒါကလည်း နားလည်ပေးလို့ရပါတယ်။ ကိုယ့်အိမ်က လူတစ်ယောက်ယောက် ဆုံးသွားလို့ ဝမ်းနည်းနေတဲ့အချိန်မှာ လောင်းကစားသမားတွေ အိမ်ကို ဝင်ထွက်သွားလာနေတာကို ဘယ်သူကကြိုက်မှာလဲ” ဟု ၎င်းက ဆက်ပြောသည်။
သို့သော် စစ်ကောင်စီလက်ထက်တွင် စီးပွားရေးပြိုလဲပြီး တရားဥပဒေစိုးမိုးမှု မရှိတော့သဖြင့် အခြေအနေက ပြောင်းလဲသွားသည်။
ယခင်က ဦးကြီးသည် ၎င်းတို့ရပ်ကွက်တွင် တစ်ဦးတည်းသော ဖဲဝိုင်းကန်ထရိုက် ဖြစ်ခဲ့သော်လည်း အာဏာသိမ်းမှုနောက်ပိုင်း နာရေးဖဲဝိုင်းကန်ထရိုက် ပြိုင်ဘက်လေးဦးခန့် တိုးပွားလာသည်။ ၎င်းတို့အားလုံးသည် ပူဆွေးသောကရောက်နေသည့် မိသားစုများကို သူ့ထက်ငါ ငွေပိုပေး၍ ဖဲဝိုင်းထောင်ခွင့်ရရန် အပြိုင်အဆိုင် ချဉ်းကပ်ကြလေ့ရှိသည်။ ကျပ်ငွေတန်ဖိုး ကျဆင်းလာသည့်တိုင် ဖဲဝိုင်းတစ်ဝိုင်းထောင်လိုလျှင် ငွေကျပ်နှစ်သိန်း၊ သုံးသိန်းခန့်မှ လေးသိန်းနှင့် ၁၀သိန်းအထိ နာရေးအိမ်ရှင်များကို ပေးရသည်။
၎င်းတို့သည် အခြားဖဲဝိုင်းပွဲစားများ ပွဲလုပ်ခွင့်မရစေရန် ရဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လာဘ်ထိုး၍လည်း နယ်မြေလုကြရသည်။
“လောင်းကစားဝိုင်းလုပ်တော့မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို (ကျပ်)နှစ်သိန်းနဲ့ တာဝန်ကျရဲကို (ကျပ်)တစ်သိန်း အရင်ပေးရတယ်။ ငွေက တစ်ခါတည်း သတ်မှတ်ထားပြီးသားဆိုတော့ ပွဲစားက ကွေ့ဝိုက်ပြီး စကားပလ္လင်ခံမနေ တော့ဘဲ သတ်မှတ်ထားတဲ့ နှုန်းအတိုင်း ပေးလိုက်ရုံပဲ” ဟု ဦးကြီးက ပြောသည်။
ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအများအပြားသည် အာဏာသိမ်းပြီးနောက် သစ္စာစောင့်သိသဖြင့် စစ်တပ်က ရွေးချယ်ခန့်အပ်ထားသူများဖြစ်သည်။ ၎င်းတို့ကလည်း ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချကာ စီးပွားရှာလာကြသည်။
လာဘ်ငွေအဖြစ် ပေးရသည့် ပမာဏသည် များပြားသော်လည်း ဖဲဝိုင်းကန်ထရိုက်တစ်ဦးသည် တစ်ဝိုင်းထောင်ရုံဖြင့် အရင်းကျေရုံမက အမြတ်ပါကျန်သေးသည်။ နာရေးအိမ်တစ်အိမ်တွင် တစ်ပတ်ကြာမြင့်သည့် ဖဲဝိုင်းတစ်ဝိုင်းထောင်ပါက လာဘ်ငွေနှင့် အခြားကုန်ကျစရိတ်များ နုတ်ယူပြီးလျှင်ပင် အမြတ်ငွေ ကျပ်သိန်း၁၀၀ခန့် ကျန်သည်ဟု လှိုင်သာယာ (အရှေ့)မြို့နယ်ရှိ ဖဲဝိုင်းပွဲစားတစ်ဦးက ဆိုသည်။
“ပွဲခက ပုံမှန်အားဖြင့် ပွဲတစ်ပွဲကို ဒိုင်ကိုင်တဲ့ ပုံငွေရဲ့ ၁၀ရာခိုင်နှုန်း ကောက်တယ်။ တကယ်လို့ ဒိုင်က ငါးသိန်းထည့်ရင် ကန်ထရိုက်က ပွဲခ ၅၀,၀၀၀ရတယ်” ဟု ၎င်းက ပြောသည်။ ရှမ်းကိုးမီး ဖဲကစားနည်းတွင် ဆော့ကစားသူများက ဒိုင်ကို အလှည့်ကျကိုင်ရခြင်းကြောင့် ဒိုင်တစ်ဦးပြောင်းသွားတိုင်း ပွဲခ အဆက်မပြတ်ရရှိကြောင်း ၎င်းကဆိုသည်။
အတောမသတ်နိုင်တဲ့ ရန်ပွဲတွေ
ရွှေပြည်သာမြို့နယ်တွင်က ဒေါ်မြမေ(အမည်လွှဲ) ၏ အသက်၅၈နှစ်အရွယ် ခင်ပွန်းဖြစ်သူသည် ပြီးခဲ့သည့်လက လေဖြတ်၍ ကွယ်လွန်သွားသည်။ များမကြာမီ ဖဲဝိုင်းကန်ထရိုက်တစ်ဦးက ရောက်ချလာပြီး နာရေးအိမ်တွင် ဖဲဝိုင်းထောင်ခွင့်ပြုရန် ငွေကျပ်ခုနှစ်သိန်းဖြင့် ကမ်းလှမ်းခဲ့သည်။
ခင်ပွန်းအတွက် ပူဆွေး၍ မဆုံးသေးခင်မှာပင် ဒေ်မြမေက ထိုကမ်းလှမ်းမှုကို လက်ခံခဲ့သည်။
“ကျမဘဝမှာ အဲဒီလောက်များတဲ့ ငွေလက်ထဲတစ်ခါမှ မကိုင်ဖူးဘူး။ ဒါပထမဆုံးအကြိမ်ပဲ။ အဲဒီငွေနဲ့ ယောကျာ်း နာရေးကို ထုံးတမ်းအစဉ်အလာအတိုင်း လုပ်နိုင်တော့မှာဆိုတော့ ကျမလည်း ကျေနပ်ပါတယ်” ဟု ဒေါ်မြမေက ပြောသည်။
သို့သော် ထိုသို့ခွင့်ပြုခြင်းက နောင်တွင် သူ့အတွက် နောင်တရစရာ ဆုံးဖြတ်ချက်ဖြစ်လာခဲ့သည်။ ထိုဖဲဝိုင်းတွင် ဆော့ကစားသူများ အချင်းချင်း ရန်ထဖြစ်၍ ထိုးကြိတ်ကြရာ နာရေးအိမ်တွင် နောက်ထပ်နာရေးတစ်ခု ပေါ်ပေါက်လု၊ ပေါ်ပေါက်နီး ဖြစ်ခဲ့သည်။
“ယောကျာ်းက မနက်ပိုင်းမှာ ဆုံးသွားတယ်။ သူတို့က နေ့လည်ပိုင်းမှာ ဖဲစကစားကြတယ်။ လေးရက်မြောက်နေ့ ကျတော့ ကစားနေတဲ့ဝိုင်းထဲက တစ်ယောက်ကို ညှစ်တယ်ဆိုပြီး ဝိုင်းရိုက်ကြတာ သေတော့မလိုဖြစ်သွားတာနဲ့ သူတို့ကို ရပ်ကွက်ရုံးက ခေါ်ပြီးဖြေရှင်းလိုက်တယ်။ ဒီအမှုထဲ ကျမတို့မပါပေမဲ့လည်း ဖြစ်သွားတာကြည့်ပြီး အတော်လေး လန့်သွားတယ်” ဟု ဒေါ်မြမေက ပြောသည်။
“ကစားဝိုင်းက ခဏရပ်သွားပေမဲ့ ညနေကျတော့ ပြန်စကြတာပဲ။ သူတို့ ကစားတာအတော်လေး ဆူညံနေတာတောင် ကျမတို့မှာ ကြောက်လို့ အနားတောင်မကပ်ရဲဘူး။ လူမိုက်တွေအကုန် တစ်မိုးအောက်ထဲစုနေတာဆိုတော့ အချိန်မရွေး ထသတ်နိုင်တယ်လေ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ငွေကြေးကျပ်တည်းမှုကြောင့် မိသားစုအများအပြားသည် နာရေးပေါ်ပေါက်လာပါက ပွဲစားများနှင့်ညှိကာ အိမ်တွင်ဖဲဝိုင်းထောင်ရန် ဝန်မလေးကြပေ။ အချို့ကမူ မိသားစုအတွင်း အသက်အရွယ်ကြီးရင့်ပြီး နာမကျန်းဖြစ်သူတစ်ဦးဦးရှိပါက မကွယ်လွန်ခင်ကပင် အဆိုပါ ဖဲဝိုင်းပွဲစားများကို ဆက်သွယ်ထားပြီးဖြစ်သည်။
“အဲဒါက ဆင်းရဲလွန်းလို့ ဖြစ်နေရတာ။ ဆင်းရဲတဲ့သူတွေအနေနဲ့ သေသွားတဲ့ကိုယ့်မိသားစုဝင်တွေကို အကြောင်းပြုပြီး ပိုက်ဆံ ရှာနေရတာက အတော်လေး စိတ်ထိခိုက်ဖို့ကောင်းတယ်” ဟု လှိုင်သာယာ(အရှေ့)မြို့နယ်ရှိ ပရဟိတဝန်ထမ်းတစ်ဦးက ပြောသည်။
ထိုနာရေးအိမ်အကြောင်းပြပြီး ဖဲဝိုင်းထောင်သည့် အလေ့အထကို လှိုင်သာယာ (အရှေ့)မြို့နယ်ရှိ ရှမ်းချောင်းရပ်ကွက်တွင် မကြာခဏ မြင်တွေ့ရလေ့ရှိသည်။ ထိုရပ်ကွက်တွင် စီးပွားရေးအခက်အခဲကြောင့် သို့မဟုတ် ပဋိပက္ခများကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နိုင်ငံတစ်ဝန်းမှ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းလာကြသည့် မိသားစုများစွာ နေထိုင်သည်။
“လူများတဲ့ ရပ်ကွက်တွေမှာဆို နာရေးအိမ်နဲ့ လောင်းကစားဝိုင်းတွေက နေ့တိုင်းလိုလို တွေ့ရတတ်တယ်” ဟု ရှမ်းချောင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးကဆိုသည်။
“ကျမဘေးအိမ်ကဆို လောင်းကစားအကြွေးတွေပေးဖို့ ငွေတိုးချေးတဲ့သူဆီက ပိုက်ဆံချေးတာ နောက်ဆုံး ပြန်မဆပ်နိုင်လို့ အိမ်အသိမ်းခံလိုက်ရတယ်လေ” ဟု သူက ဆက်ပြောသည်။