နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ နောက်ရုံးချိန်းကို ဧပြီ၁ရက်သို့ ချိန်းဆိုထားသည်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတ၏ ရှေ့နေနှစ်ဦး ကိုယ်စားလှယ်လွှဲစာရရှိ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ကိုယ်စားပြုမည့် ရှေ့နေငါးဦးအနက် လူငယ်ရှေ့နေနှစ်ဦးအတွက် ကိုယ်စားလှယ်လွှဲစာကို ရဲတပ်ဖွဲ့က ယနေ့နံနက်တွင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ဖရွန်းတီးယားမြန်မာ

နိုင်ငံတော်သမ္မတဦး၀င်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ကိုယ်စားပြုမည့် ရှေ့နေငါးဦးအနက်မှ လူငယ်ရှေ့နေနှစ်ဦးသည် ယနေ့နံနက်တွင် ရှေ့နေကိုယ်စားလှယ်လွှဲစာ ရရှိပြီဖြစ်သည်။

“ဒီနေ့ ၁၀နာရီခွဲလောက်မှာ အမှတ်(၁)ရဲစခန်းက တာဝန်ရှိသူတွေကခေါ်ပြီးတော့ အမေစုရဲ့ ပါဝါရယ်၊ သမ္မတရဲ့ ပါဝါရယ်၊ ဒေါက်တာမျိုးအောင်ရဲ့ပါဝါရယ် သုံးခုကို ကျမတို့ကိုပေးပါတယ်။ သူတို့လက်မှတ်ထိုးထားတဲ့ဟာတွေပေါ့နော်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ)က သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ရှေ့နေများအဖြစ် လိုက်ပါဆောင်ရွက်ရန် ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဒေါ်မင်းမင်းစိုးနှင့်ဦးယုယချစ် စသည့် တရားလွှတ်တော်ရှေ့နေငါးဦးအတွက် ကိုယ်စားလှယ်လွှဲစာရရှိရန် တင်ပြထားသည်။

သို့သော် လူငယ်ရှေ့နေများဖြစ်သည့် ဒေါ်မင်းမင်းစိုးနှင့် ဦးယုယချစ်တို့နှစ်ဦးသာ ရှေ့နေကိုယ်စားလှယ်လွှဲစာ ရရှိသေးသည်။

“သူကလည်း(သမ္မတ)အစောပိုင်းကသာ မငှားဘူးလို့ပြောလိုက်တာ၊ ဒါပေမဲ့ အခုငှားချင်တဲ့ဆန္ဒရှိလို့ ကျမတို့ကို ငှားလိုက်တယ်လို့ပဲ ယူဆပါတယ်။ သူ့ဆန္ဒပါရှင့်”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ကိုယ်စားပြုမည့် ရှေ့နေအဖွဲ့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ထို့ပြင် ကျန်ရှေ့နေသုံးဦးဖြစ်သော ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်းနှင့် ဒေါ်စန်းမာလာညွန့်တို့ အတွက်လည်း ရှေ့နေကိုယ်စားလှယ်လွှဲစာရရန် ဆက်လက်ကြိုးပမ်းသွားမည်ဟု ၎င်းကဆိုသည်။

“ကျမတို့က အစောကြီးကတည်းက ဆရာတို့ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ သွားနေတာလေ။ ဆရာတို့ပါဝင်နိုင်ဖို့အတွက်ကိုလည်း ထပ်ပြီးတော့ ဆောင်ရွက်သွားမှာပါ”ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား တရားစွဲဆိုထားသောအမှုများကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တရားရုံးက စစ်ဆေးနေပြီး ရုံးချိန်းလေးကြိမ်ရှိပြီဖြစ်သည်။ ယခင်ရုံးချိန်းနှစ်ကြိမ်ကို အင်တာနက်ရုပ်သံစနစ်ဖြင့် ကြားနာခဲ့သော်လည်း မတ်၁၅ရက်နှင့် ၂၄ရက်တို့တွင် ကျရောက်သည့် ရုံးချိန်းများကို အင်တာနက်လိုင်းမရဟုဆိုကာ ကြားနာနိုင်ခဲ့ခြင်းမရှိပေ။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇နှင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထားသည်။

သမ္မတဦးဝင်းမြင့်ကိုမူ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထားသည်။ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကိုမူ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည်။

သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ငါးကြိမ်မြောက် ရုံးချိန်းကို ဧပြီ၁ရက်သို့ ချိန်းဆိုထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.