၂၀၂၀၊ နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် မွန်ညီညွတ်ရေးပါတီဝင်များကို ယမန်နှစ်က မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | မွန်ညီညွတ်ရေးပါတီ)

ရေရှားပါးမှုလွှတ်တော်အတွင်း အဖြေရှာမည်ဟု မွန်ညီညွတ်ရေးပါတီဆို

နော်ဘတ်တီဟန် ရေးသားသည်။

မွန်ပြည်နယ်တွင် ရေရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ရန် လွှတ်တော်သက်တမ်းအသစ် စတင်ပါက စည်ပင်သာယာနည်းဥပဒေပြဋ္ဌာန်းနိုင်အောင် ကြိုးပမ်းသွားမည်ဟု မွန်ညီညွတ်ရေးပါတီ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) နိုင်လယီတမက ပြောသည်။

“လက်ရှိ မွန်ပြည်နယ်လွှတ်တော်မှာ စည်ပင်သာယာရေးဥပဒေပြဋ္ဌာန်းခဲ့တယ်။ ဒါပေမဲ့ နည်းဥပဒေမပြဋ္ဌာန်းနိုင်တဲ့အတွက်ကြောင့် အဲဒီဥပဒေက အသက်မဝင်သေးဘူး။ ကျွန်တော် လွှတ်တော်ထဲရောက်ရောက်ချင်း စည်ပင်သာယာရေးနည်းဥပဒေကို အစိုးရက အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းစေပြီးတော့ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ရပ်ရွာစည်ပင်သာယာရေး ကော်မတီတစ်ခု ဖွဲ့စည်းနိုင်အောင် လုပ်ဆောင်ဖို့ စိတ်ကူးထားတယ်”ဟု ၎င်းက ပြောသည်။ ၎င်းသည် ၂၀၂၀ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (သံဖြူဇရပ်-၂)တွင် အနိုင်ရခဲ့သူဖြစ်သည်။

နွေရာသီတွင် ရေရှားပါး၍ မိုးရာသီတွင် ရေကြီးလေ့ရှိသည်မှာ မွန်ပြည်နယ်တွင် နှစ်စဉ်ကြုံတွေ့နေရသည့် ပြဿနာတစ်ရပ်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ အထူးသဖြင့် မွန်ပြည်နယ်အတွင်း မြို့နယ်၁၀ခုအနက် ကိုးမြို့နယ်တွင် နွေရာသီ၌ သောက်သုံးရေရှားပါးမှု ပြဿနာသည် ၂၀၂၀တွင် လွန်ခဲ့သောငါးနှစ်အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ခံ ဦးအောင်ဝင်းကမူ ရွေးကောက်ပွဲကတစ်ဆင့် တက်လာသည့် ကိုယ်စားလှယ်လောင်းများသည် အများပြည်သူရင်ဆိုင်နေရသည့် ရေရှားပါးမှုပြဿနာကို အစောတလျင် ဖြေရှင်းပေးရန် လုပ်ဆောင်သင့်ကြောင်း ဆိုသည်။

“နှစ်စဉ်နှစ်တိုင်း ရေရှားတာကြုံနေကျဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ်ကတော့ ငါးနှစ်အတွင်းမှာ အဆိုးဆုံးပဲ။ ရေလည်းအစောကြီး စရှားတယ်။ ခါတိုင်းဆို ဇွန်လလယ်လောက်အထိ ရေမရှားသေးဘူး”ဟု ၎င်းက ပြောသည်။

စည်ပင်နည်းဥပဒေပြဋ္ဌာန်းနိုင်၍ အများပြည်သူက တင်မြှောက်သည့် စည်ပင်သာယာရေး ကော်မတီဖွဲ့စည်းနိုင်ပါက သက်ဆိုင်ရာမြို့နယ်အလိုက် ရေရှားပါးအမှုအပါအဝင် သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ရပါက ယခင်ကထက်ပို၍ လျင်လျင်မြန်မြန်၊ ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်လယီတမက ဆိုသည်။ 

“ရေပြဿနာကိုဖြေရှင်းရန်ဆိုပြီး သီးသန့်ခေါင်းစဉ်ခွဲထားတာမျိုးမဟုတ်ပေမဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရေရှားပါးတဲ့ အခက်အခဲအတွက် ရေအရင်းအမြစ်တွေကို ဘယ်လိုထိန်းသိမ်းကြမလဲ၊ အခုလက်ရှိ ဖြန့်ဖြူးနေတဲ့ ဆည်တွေ မြန်မြန်မကောအောင် ဘယ်လိုဆောင်ရွက်ကြမလဲ၊ ရေထောက်ပံ့ကူညီတာတွေကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေနဲ့ပတ်သက်ပြီး မူဝါဒထဲ ထည့်သွင်းရေးဆွဲထားတာမျိုးတွေ ရှိပါတယ်”ဟု ၎င်းကပြောသည်။

မွန်ညီညွတ်ရေးပါတီဝင် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကမူ မွန်ပြည်နယ်တွင် ရေရှားပါးမှုပြဿနာကို ဖြေရှင်းရန် ပြည်နယ်အစိုးရက နှစ်စဉ် ငွေကျပ်သန်းပေါင်းများစွာ အသုံးပြုနေသော်လည်း ရေတိုအတွက်သာ ဖြေရှင်းနိုင်ခဲ့ကြောင်း ဆိုသည်။  

“ရေတိုဖြေရှင်းနည်းဖြစ်တဲ့ ရေလှူတာအပြင် ရေကိုရှားပါးစေတဲ့အချက်တွေဖြစ်တဲ့ မလိုအပ်ဘဲ သစ်ခုတ်တာ၊ ကျောက်ထုတ်တာတွေကိုရပ်ဖို့အပြင် ဂေဟစနစ်တွေကို ထိန်းသိမ်းဖို့၊ ဆည်ဟောင်းတွေကို ပြန်လည်တူးဖော်ဖို့ လုပ်ဆောင်သင့်တယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ ၎င်းသည် ၂၀၂၀ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီကို ကိုယ်စားပြု၍ ချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူဖြစ်သည်။

မွန်ညီညွတ်ရေးပါတီ၏ ပါတီမူဝါဒတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဘေးအန္တရာယ် ကာကွယ်ရေးတို့ကို ထည့်သွင်းရေးဆွဲထားကြောင်း ၎င်းကဆိုသည်။

လွန်ခဲ့သည့် နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီးနေရာများအပါအဝင် ပြည်နယ်လွှတ်တော်ရှိ ၃၄နေရာအနက် ၁၁နေရာတွင် အနိုင်ရရှိခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.