စက်တင်ဘာ၂၂ရက်က အမျိုးသမီးတစ်ဦးထံမှ ဓာတ်ခွဲနမူနာရယူနေသည့်မြင်ကွင်း။

စံချိန်တင်လူနာသစ်နှင့် သေဆုံးသူရှိခဲ့သည့် ခုနှစ်ရက်တာကာလ

စက်တင်ဘာ၁၈ရက်မှ ၂၄ရက်အထိ ခုနှစ်ရက်တာကာလသည် စံချိန်တင် ကိုဗစ်-၁၉လူနာသစ်ဦးရေ ၄,၂၁၇ဦးရှိခဲ့ပြီး ပိုးကင်းစင်လာ၍ ဆေးရုံမှဆင်းခွင့်ရသူ ၁,၄၃၇ဦးနှင့် သေဆုံးသူ ၉၂ဦးအထိ ရှိခဲ့သည့် ရက်သတ္တပတ်ဖြစ်သည်။

အောင်ဖေကြည်စိုး ရေးသားသည်။

စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း စံချိန်တင်လူနာသစ် ၄,၂၁၇ ဦးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၉၂ဦးအထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လက်ရှိ ကိုဗစ်-၁၉ဒုတိယလှိုင်းဒဏ်ကို အကြီးအကျယ်ခံစားရသည့် ရန်ကုန်တိုင်းဒေသကြီးတွင်မူ နေ့စဉ် ပိုးတွေ့လူနာသည် ရာနှင့်ချီရှိခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း ပိုးတွေ့လူနာသစ်တွေ့ရှိမှုနှုန်းသည် တစ်သမတ်တည်းမရှိဘဲ နိမ့်ချည်မြင့်ချည်ရှိခဲ့သည်။ စက်တင်ဘာ၁၉ရက်က ပိုးတွေ့လူနာဦးရေသည် ၈၀ဦးအထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ၂၂ရက်တွင် လူနာသစ်ခြောက်ဦးသာရှိခဲ့ကာ စက်တင်ဘာ၂၄ရက်တွင် ၅၂ဦးအထိ မြင့်တက်လာခဲ့ပြန်သည်။ စက်တင်ဘာ၂၃ရက်တွင် ကြည့်မြင်တိုင်မြို့နယ်တွင် ပိုးတွေ့လူနာသစ် ၈၉ဦးအထိရှိခဲ့သည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်ရာ ရခိုင်ပြည်နယ်စစ်တွေမြို့တွင် စက်တင်ဘာ ၁၈ရက်မှစတင်ကာ ၂၀အထိ တစ်ရက်လျှင် ပိုးတွေ့လူနာသစ် ၃၀ဝန်းကျင်သာ ရှိခဲ့သော်လည်း စက်တင်ဘာ ၂၁ရက်တွင် ၁၇၀အထိ တစ်ဟုန်ထိုး ပြန်လည်မြင့်တက်ခဲ့သည်။

ထိုနေ့တွင် စစ်တွေမြို့တစ်မြို့တည်းတွင် ပိုးတွေ့လူနာဦးရေ ၁၂၆ဦးအထိ ရှိခဲ့သည်။ စက်တင်ဘာ၂၂မှစတင်ကာ ပိုးတွေ့လူနာဦးရေ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ၂၄ရက်တွင် လူနာသစ် ၃၂ဦးရှိခဲ့သည်။

စက်တင်ဘာ၁၈ရက်မှ ၂၄ရက်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်သည့် ပိုးတွေ့လူနာသစ်တွေ့ရှိမှုများအပေါ်အခြေခံ၍ ပြုစုတင်ပြခြင်းဖြစ်ပါသည်။

သေဆုံးလူနာ ၉၂ ဦး

ဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အတွင်း သေဆုံးခဲ့သူလူနာ ၉၂ ဦး ရှိခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းသေဆုံးလူနာ ၈၇ ဦးအနက် ၈၈ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး ကျန်သေဆုံးသူများမှာ ရခိုင်ပြည်နယ်မှ နှစ်ဦး၊ နေပြည်တော် ကောင်စီနယ်မြေမှ တစ်ဦးနှင့် ရှမ်းပြည်နယ်မှ တစ်ဦးတို့ဖြစ်သည်။

စက်တင်ဘာ၁၈ရက်မှ ၂၄ရက်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်သည့် ပိုးတွေ့လူနာသစ်တွေ့ရှိမှုများအပေါ်အခြေခံ၍ ပြုစုတင်ပြခြင်းဖြစ်ပါသည်။

ခုနှစ်ရက်အတွင်း သတင်းထုတ်ပြန်ချက်များ

နေအိမ်တွင်သာနေထိုင်စေရေး အမိန့်ပိုမိုတင်းကျပ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် စက်တင်ဘာ၂၁ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်ကလွဲ၍ ကျန်မြို့နယ်များသည် နေအိမ်တွင်သာနေထိုင်ရမည့်အမိန့်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သည်။ 

အမိန့်အရ နိုင်ငံ့ဝန်ထမ်းများသည် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းများအနက် ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့်ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံး ပစ္စည်းထုတ်လုပ်သည့် စက်ရုံများကလွဲ၍ ကျန်လုပ်ငန်းများအားလုံး ဝန်ထမ်းများကို နေအိမ်မှအလုပ်လုပ်ရမည် ဖြစ်သည်။

ထို့ပြင် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား စက်တင်ဘာ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းခွင်သွား ရောက်ခွင့်မပြုရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မဖြစ်မနေစျေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသား သွားရောက်ရန်နှင့် ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာသွားရောက်ရန်၊ ယင်းကိစ္စများအတွက် နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းသွားလာ ခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်နှင့် ရပ်ကွက်အတွင်း စျေးဝယ်ခြင်းအတွက်ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ၊ဆေးခန်းသွား ရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင်နှစ်ဦးသာ သွားရောက်ရန်လည်း ထုတ်ပြန်ချက်က ဆိုသည်။

သတ်မှတ်ဦးရေထက် အရေအတွက်ပိုမို၍ ပြင်ပသို့သွားရောက်ရန်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာ၁၈ရက်မှ ၂၄ရက်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကထုတ်ပြန်သည့် ပိုးတွေ့လူနာသစ်တွေ့ရှိမှုများအပေါ်အခြေခံ၍ ပြုစုတင်ပြခြင်းဖြစ်ပါသည်။

ခုနှစ်ရက်အတွင်း ဓာတ်ခွဲစစ်ဆေးမှု

စက်တင်ဘာ၁၈ရက်မှ ၂၄ရက်ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဓာတ်ခွဲနမူ နာ စုစုပေါင်း ၃၇,၀၅၇ ခုကို စစ်ဆေးပေးနိုင်ခဲ့သည်။ ယခုနှစ်၊ ဇန်နဝါရီ၃၁ရက်မှ စက်တင်ဘာ၂၄ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဓာတ်ခွဲနမူနာစုစုပေါင်း ၂၂၄,၃၈၃ခုတို့ကို ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးပေးနိုင်ခဲ့သည်။ 

စက်တင်ဘာ၂၃ ရက်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုတွင် ရန်ကုန်တိုင်း ဒေသကြီးသည် ဓာတ်ခွဲအတည်ပြုလူနာ ၅,၅၁၇ ဦးဖြင့်အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ စုစုပေါင်းအတည်ပြု လူနာ ၁,၂၁၂ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပဲခူးတိုင်းဒေသကြီးမှာ ၂၃၃ ဦးဖြင့် တတိယအများဆုံးတိုင်း ဒေသကြီးအဖြစ် ရပ်တည်လျက်ရှိသည်။

Johns Hopkins Coronavirus Resource Centre ၏ စက်တင်လာလ ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာဦးရေ စုစုပေါင်း ၃၂ ဒသမ ၀၃၉ သန်းကျော်နှင့် သေဆုံးသူ ၉၇၉,၃၈၈ ဦး ရှိနေပြီဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့နိုင်ငံများအလိုက်ရောဂါကူးစက်ခံရမှုတွင် အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၉၅သန်းကျော်နှင့် သေဆုံးသူ ၂၀၂,၀၀၀ ဦးကျော်ဖြင့်အများဆုံးဖြစ်ပြီး အရှေ့တောင်အာရှ ၁၀ နိုင်ငံအနက် ဖိလစ်ပိုင်နိုင်ငံသည် ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၉၆,၀၀၀ ဦးကျော်နှင့်သေဆုံးသူ ၅,၁၂၇ ဦးဖြင့် အများဆုံးရပ်တည်လျက်ရှိသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.