ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားသော လေယာဉ်ဝန်ထမ်းတစ်ဦးက လိုက်ပါစီးနင်းစဉ်ဘေးအန္တရာယ်ကင်းရှင်းမှုလမ်းညွှန်ချက်ကို သရုပ်ဖော်ပြစဉ်။ ဩဂုတ်၂၅ရက်၊ စစ်တွေမှ ရန်ကုန်သို့ ပျံသန်းသည့် ခရီးစဉ်အတွင်း ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်-၁၉ အပတ်စဉ်သတင်းသုံးသပ်ချက်

စက်တင်ဘာ၄ရက်မှ ၁၀ရက်အထိ ခုနှစ်ရက်တာကာလသည် ကိုဗစ်-၁၉ လူနာစတင်တွေ့ရှိသည့် မတ်လကစ၍ လက်ရှိအချိန်အထိ ပိုးတွေ့လူနာသစ် စံချိန်တင်အများဆုံးတွေ့ရှိသည့် ရက်သတ္တပတ်ဖြစ်ခဲ့သည်။

အောင်ဖေကြည်စိုး ပြုစုတင်ပြသည်။

စက်တင်ဘာ၄ရက်မှ ၁၀ရက်အထိ ခုနှစ်ရက်တာကာလအတွင်း ကိုဗစ်-၁၉ပိုးတွေ့လူနာ စုစုပေါင်း ၁၁၃၂ဦးအထိ စံချိန်တင် တွေ့ရှိခဲ့သည်။ သေဆုံးလူနာဦးရေ ခုနှစ်ဦးအထိ ရှိခဲ့ပြီး ပြည်တွင်းကူးစက်မှုများ ဆက်လက်ဖြစ်ပွားသည့် ရက်သတ္တပတ်ဖြစ်ခဲ့သည်။

စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်တွင်း တွေ့ရှိခဲ့သည့် စံချိန်တင်ကိုဗစ်ပိုးတွေ့လူနာသစ် စုစုပေါင်း ၁,၁၃၂ ဦးအနက် ကိုးဦးမှာပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး ၁၁၂၃ဦးမှာ ပြည်တွင်းကူးစက်လူနာများဖြစ်ကြသည်။ သြဂုတ်၂၄ ရက်မှ စက်တင်ဘာ၁၀ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ကွင်းဆက်ပြတ်လူနာသစ်လူနာ ၃၉၂ ဦးရှိပြီဖြစ်သည်။

သေဆုံးသူ လူနာခုနှစ်ဦး

ဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာလ ၄ ရက်မှ၁၀ ရက်အတွင်း သေဆုံးခဲ့သူလူနာ ခုနှစ်ဦးရှိသည်။ လူနာအမှတ်-၁၆၂၉မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ဖြစ်၍ ကျန်လူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကြသည်။  သေဆုံးသူများအနက် အသက် ၆၀နှင့်အထက် လူနာသုံးဦးရှိသည်။ ကျန် အသက်၆၀အောက် သေဆုံးသူလေးဦးအနက် အသက်အငယ်ဆုံးမှာ လူနာအမှတ်- ၁၄၉၁ ဖြစ်ပြီး အသက်၄၅နှစ်ဖြစ်သည်။

ကွယ်လွန်သူလူနာအများစုသည် ဆီးချိုနှင့် သွေးတိုးရောဂါအခံရှိသူများဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီး၍ သေဆုံးသူများဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာ၄ရက်မှ ၁၀ရက်အထိ ခုနှစ်ရက်တာကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ပိုးတွေ့လူနာများကို စာရင်းပြုစုထားခြင်းဖြစ်သည်။

တစ်ပတ်အတွင်း သတင်းထုတ်ပြန်ချက်များ

အစိုးရဌာနများ တစ်ဝက်တက်၊ တစ်ဝက်နားစနစ် ပြန်လည်ကျင့်သုံး

နိုင်ငံ့ဝန်ထမ်းများကို ကိုဗစ်-၁၉ရောဂါကူးစက်မခံရစေရန်နှင့် ရုံးလုပ်ငန်းတာဝန်များ အရှိန်အဟုန်မပျက်  ဆောင်ရွက်နိုင်စေရန် စက်တင်ဘာ၉ရက်ကစ၍ ရုံး/ဌာနဝန်ထမ်းများ ရုံးတက်ရာတွင် တစ်ဝက်တက်၊ တစ်ဝက်နားစနစ် ပြန် လည်ကျင့်သုံးရန် အစိုးရက စက်တင်ဘာ၆ရက်က ကြေညာခဲ့သည်။ 

ကြေညာချက်သည် ယခင်ညွှန်ကြားချက်များကဲ့သို့ဖြစ်ပြီး အစိုးရဌာနများသည် လက်ရှိဝန်ထမ်းအင်အား၏ ၅၀ရာခိုင်နှုန်းကိုသာ တာဝန်ထမ်းဆောင်စေပြီး ကျန်သည့်ဝန်ထမ်းများက လိုအပ်လျင် အချိန်နှင့်တပြေးညီ တာဝန်ထမ်းနိုင်ရေး အသင့်ရှိရမည်ဟု ကြေညာချက်တွင် ပါရှိသည်။

ဖြေလျှော့မှုနှင့် ထောက်ပံ့မှုများအတွက် ကာလတိုးမြှင့်

သြဂုတ်လ၊ စတုတ္ထပတ်က ကျင်းပသည့်အစည်းအဝေးတစ်ရပ်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသည့်အနေဖြင့် ဖြေလျှော့ပေးထားသည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေးထောက်ပံ့မှုများကို ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဟု အစိုးရက စက်တင်ဘာ၇ရက်တွင် ကြေညာသည်။

ထိုကြေညာချက်တွင် အကျုံးဝင်သည့် လုပ်ငန်းများမှာ အထည်ချုပ်လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မတ်၃၁ရက်တွင် ကုန်ဆုံးမည့် ဒုတိယသုံးလပတ်အတွက်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်၃၀ရက်တွင် ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ၃၀ရက်တွင် ကုန်ဆုံးမည့် စတုတ္ထ သုံးလပတ်အတွက်လည်းကောင်း၊ သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ၃၁ရက်အထိ ပေးဆောင်နိုင်ရန် သက်တမ်းတိုးမြှင့်ပေးခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မတ်၃၁ရက်တွင်ကုန်ဆုံးမည့်လအတွက်မှစတင်၍ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နိုဝင်ဘာ၃၀ရက်တွင် ကုန်ဆုံးမည့်လအတွက်အထိ လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ၃၁ရက်အထိ ပေးဆောင်နိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်မှပြန်လာသူများ ဆက်သွယ်ကြရန် အစိုးရထုတ်ပြန်

သြဂုတ်၁၀ ရက်မှစတင်ပြီး ရခိုင်ပြည်နယ်မှ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သွားရောက်ခဲ့ပြီး မိမိနေရပ်သို့ပြန်လည်ရောက်ရှိသူများသည် ၎င်းတို့နေထိုင်ရာဒေသရှိ ကျန်းမာရေးနှင့်အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းများကို စက်တင်ဘာ၁၁ရက် နောက်ဆုံးထား၍ မပျက်မကွက်သတင်းပို့ရန် အစိုးရက စက်တင်ဘာ ၈ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ 

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ ပြန်လာသူ ၅,၀၀၀ ကျော်အနက် ထက်ဝက်ခန့်ကို ဆက်သွယ်၍မရကြောင်း၊ ဆက်သွယ်၍ရသူ ၂,၆၀၀ ကျော်အနက် ၁,၅၀၀ကျော်သာ ဆက်သွယ်သတင်းပို့ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ 

သတင်းပို့ရန် ပျက်ကွက်သူများ၊ သတင်းထိန်ချန်ဖုံးကွယ်သူများကို စစ်ဆေးတွေ့ရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နေအိမ်တွင်သာနေရေးအစီအစဉ်အကျုံးဝင်မြို့နယ်များ ထပ်တိုး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် စက်တင်ဘာ၁၀ ရက်၊ နံနက်၈နာရီအချိန်မှစတင်၍ တောင်ဥက္ကလာပ၊ တာမွေ၊ မရမ်းကုန်း၊ ကမာရွတ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊  လှိုင်သာယာ၊ စမ်းချောင်း၊ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရန်ကင်း၊ ဒဂုံ၊ ကြည့်မြင်တို်င်၊ ကျောက်တံတား၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ အလုံ၊ ဗဟန်း၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ လမ်းမတော်နှင့် လှည်းကူးမြို့နယ်များကို နေအိမ်တွင်သာ နေထိုင်ရေး (Stay At Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း စက်တင်ဘာ၉ရက်တွင် ကြေညာခဲ့သည်။ 

စည်းမျဉ်းစည်းကမ်းအများစုမှာ ယခင်ကြေညာထားသည့်အတိုင်းဖြစ်ပြီး အပြင်ထွက်ပါက ပါးစပ်နှင့်နှားခေါင်းစည်းတပ်ဆင်ရန်နှင့် တစ်မိသားစုလျှင် တစ်ဦးသာ စျေးဝယ်ထွက်ရန်၊ ရပ်ကွက်အတွင်း အဝင်အထွက်စစ်ဆေးရန် စသည့် စည်းကမ်းများပါဝင်သည်။

ပြည်တွင်းခရီးသွားလာခြင်းရှောင်ကြဉ်ရန် အစိုးရပန်ကြား

ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှုများ များပြားလာသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အခြားအရေးပေါ်ကိစ္စရပ်များမှအပ ပြည်တွင်းသွားလာခြင်းကို မပြုကြရန် အစိုးရက စက်တင်ဘာ၁၀ရက်တွင် အများပြည်သူကို တိုက်တွန်းခဲ့သည်။

မဖြစ်မနေ ခရီးသွားရောက်ရန်ရှိပါကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက်နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ကြပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်ပြင်ပသို့ ခရီးမထွက်ရန် တိုင်းအစိုးရတားမြစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပသို့ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ် သုံးသပ်ရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအားများပြားလာသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်အပါအဝင် မြို့နယ် ၄၄ မြို့နယ်( ကိုကိုးကျွန်းမြို့နယ် မပါဝင်)တွင် နေထိုင်သူများအနေအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ်များမှအပ ရန်ကုန်တိုင်းဒေသကြီးပြင်ပသို့ စက်တင်ဘာ၁၁ ရက်မှ အောက်တိုဘာ၁ ရက်အထိ ခရီးသွားရောက်ခြင်းမပြုရန် ဒေသကြီး အစိုးရအဖွဲ့ကတားမြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

တစ်ပတ်အတွင်း ဓာတ်ခွဲစစ်ဆေးမှု

စက်တင်ဘာ၄ ရက်မှ ၁၀ ရက်အထိ ခုနှစ်ရက်တာကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည်  ဓာတ်ခွဲနမူ နာ စုစုပေါင်း ၂၂,၁၉၃ ကို စစ်ဆေးနိုင်ခဲ့သည်။ ယခုနှစ်အတွင်း စက်တင်ဘာ ၁၀ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၅,၄၇၄ခုကို ဓာတ်ခွဲစစ်ဆေးနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.