ယနေ့ပြုလုပ်သည့် ပါတီအစည်းအဝေးမှ ပြန်လည်ထွက်ခွာလာသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့ရစဉ်။ (သူရဇော် | ဖရွန်တီးယား)

ပါတီအပေါ်သစ္စာရှိမည့်သူများကို ဦးစားပေးရွေးခဲ့ကြောင်း အင်န်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူဆို

နော်ဘတ်တီဟန်

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ပါတီအပေါ်သစ္စာရှိရမည်ဟူသောအချက်ကို ဦးစားပေးရွေးချယ်ခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူနှင့် ဒုတိယဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က ယနေ့ ပြောသည်။

အင်န်အယ်လ်ဒီပါတီကို ကိုယ်စားပြု၍ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများစာရင်းကို ဇူလိုင်လ ၂၃ရက်၊ မနက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ပြီး၊ ဒေါက်တာဇော်မြင့်မောင်ကလည်း နေပြည်တော်ရှိ ပါတီ ဌာနချုပ် (ယာယီ)တွင် မီဒီယာများကို ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

“ကျနော်တို့အတွေ့အကြုံအရ ရွေးကောက်ခံမယ့်သူတွေဟာ ပါတီအပေါ်ကို သစ္စာရှိဖို့ အရေးကြီးပါတယ်။ ၂၀၁၅ကာလတွေမှာ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံအရ တချို့က ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်ပိုင်းမှာ ပါတီက ထွက်သွားတာမျိုးတွေ၊ ပါတီမူဝါဒတွေနဲ့ သွေဖည်တာမျိုး တွေရှိလာတယ်။ ဒါကြောင့် အရေးကြီးဆုံးက အင်န်အယ်လ်ဒီအပေါ်သစ္စာရှိပြီး တူပေဒဏ်ပေ တော်တော်ခံခဲ့ကြတဲ့ သူတွေကို ကျနော်တို့ ဦးစားပေးရွေးပါတယ်”ဟု ၎င်းက ပြောသည်။

အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်မည့်သူများသည် ပါတီ၏ မူဝါဒလမ်းစဉ်များကို အကောင်ထည်ဖော်နိုင်မည့်သူဖြစ် ရမည်ဖြစ်ပြီး၊ ပညာအရည်အချင်း၊ ပါတီတွင်း ပါဝင်ဆောင်ရွက်ခဲ့မှု၊ အခြားအဖွဲ့အစည်းအများနှင့် အဆက်အသွယ်ရှိ၊ မရှိ စသည့် စံနှုန်းများနှင့် အဓိကထား စိစစ်ခဲ့ကြောင်း ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

“ကိုယ်စားလှယ်လောင်းအဟောင်းတွေနဲ့ပတ်သတ်ပြီးတော့ လွှတ်တော်ဆောင်ရွက်ချက်တွေကို ကြည့်တယ်။ မြို့နယ်တို့၊ တိုင်းတို့ရဲ့ မှတ်ချက်တွေကိုကြည့်တယ်။ မူးယစ်ရမ်းကားတတ်လား၊ လူမှုရေးဖောက်ပြန်မှုလား၊ စည်းမျဉ်းတွေ မလိုက်နာဘူးလားဆိုတာမျိုးတွေကို တိုင်းအဆင့်ကနေ မှတ်ချက်ပြုထားတာတွေကို ကျနော်တို့ ဗဟိုက ပြန်စိစစ်ရွေးချယ်ရတယ်။ ကျနော်တို့က အားလုံးကို ခြုံငုံသုံးသပ်ပြီးတော့ ရွေးတာပါ”ဟု ၎င်းက ပြောသည်။

ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ယနေ့၊​ နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေးအပြီး သတင်းထောက်များကိုပြန်လည်ဖြေကြားနေစဉ်။ (သူရဇော် | ဖရွန်တီးယား)

နို၀င်ဘာတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၁၃၁ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အမျိုးသားလွှတ်တော်အတွက် ၁၆၂ နေရာ၊ ပြည်သူ့လွှတ်တော်အတွက် ၃၁၉နေရာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက် ၆၂၂နေရာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

“ကိုယ်စားလှယ်လောင်းရဲ့ ၈ဝရာခိုင်နှုန်းလောက်က ဆရာဝန်၊ ရှေ့နေစတဲ့ ဘွဲ့ရပညာတတ်တွေ ဖြစ်ပြီးတော့ တောင်သူလယ်သမားကိုယ်စားလှယ်လောင်းတွေလည်း ၁၂ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။ အမျိုးသမီး ပါဝင်မှုနှုန်းက ၂ဝရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၅ရွေးကောက်ပွဲထက်စာရင် နေရာတွေ ပိုတိုးပြီးပြိုင်မှာဖြစ်ပါတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ဆက်လက်ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများစိစစ်ရွေးချယ်သည့်လုပ်ငန်းကို ဇူလိုင်၃ရက်တွင် စတင်ခဲ့ပြီး ခြောက်ကြိမ်တိုင်တိုင် စိစစ်ရွေးချယ်ပြီးမှ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊​ နိုင်ငံတော်သမ္မတဉီး၀င်းမြင့်က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဒေါက်တာဇော်မြင့်မောင်ကမူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.