နေပြည်တော်၊ ဒီဇင်ဘာ ၃၁
ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှုးများ၏ သက်တမ်းကို ပြည်သူ့လွှတ်တော်၏ သက်တမ်းအတိုင်းဟု မူလသတ်မှတ်ထားချက်ကို သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဟု ပြင်ဆင်သတ်မှတ်ရန် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း ပြည်သူ့လွှတ်တော်က ယနေ့အတည်ပြုခဲ့သည်။
“ရပ်ကွက် သို့မဟုတ်၊ ကျေးရွာ အုပ်ချုပ်ရေးမှုး၏ သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်။ ယင်း၏ သက်တမ်းသည် သုံးကြိမ်ထက်မပိုစေရ။” ဟု ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ထို့ကြောင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှုများသည် သက်တမ်းသစ်အတွက် အုပ်ချုပ်ရေးမှုးအသစ်များ ခန့်အပ်တာဝန်ပေးအပ်ပြီးသည့်အချိန်အထိ ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ကြရမည်ဖြစ်သည်။
မူလဥပဒေအရ လက်ရှိ အုပ်ချုပ်ရေးမှုးများ၏ တာဝန်သည် ဇန်နဝါရီလကုန်တွင် ပြီးဆုံးမည်ဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှုးအသစ်များ ရွေးချယ်ခန့်အပ်တာဝန်ပေးရန်အတွက် ရွေးကောက်ပွဲများ ကျင်းပရန် မြို့နယ်အချို့တွင် စတင်လုပ်ဆောင်နေချိန်တွင် ယခုပြင်ဆင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“မူလဥပဒေပါ ပြဌာန်းချက်အရ အလောသုံးဆယ်ဆောင်ရွက်ရခြင်းကြောင့် အချို့သော မြို့နယ်များ၏ ရပ်ကွက်နှင့် ကျေးရွာများတွင် မတည်ငြိမ်မှုများ၊ ဝေဖန်ပြောကြားစရာများ ဖြစ်နေကာ အသစ်တာဝန်ယူရမည့် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ကြီးကြပ်လမ်းညွှန်မှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါသည်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်တွင် ဖော်ပြထားသည်။
သတင်း- စိုးသန်းလင်း