ရပ်/ကျေး အုပ်ချုပ်ရေးမှုးများ၏ သက်တမ်းကို မတ် ၃၁ ရက်အထိ ထားရှိရန် လွှတ်တော်နှစ်ရပ်လုံး သဘောတူ

နေပြည်တော်၊ ဇန်နဝါရီ ၁၃

ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှုးများ၏ သက်တမ်းကို သမ္မတ သက်တမ်းအတိုင်း မတ် ၃၁ ရက်နေ့အထိ တည်ရှိစေမည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ယနေ့ အတည်ပြုလိုက်သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များအတိုင်း အမျိုးသားလွှတ်တော်က သဘောတူညီခဲ့ခြင်းဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအရ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှုးများ၏ သက်တမ်းသည် သမ္မတသက်တမ်းအတိုင်း မတ် ၃၁ ရက်နေ့အထိ တည်ရှိမည်ဖြစ်ပြီး နောက်ထပ်ရွေးချယ် ခန့်အပ်မည့် အုပ်ချုပ်ရေးမှူးအသစ်များ တာဝန်ထမ်းဆောင်သည့် နေ့အထိ တာဝန်ယူဆောင်ရွက်ကာ ထိုနေ့တွင် အုပ်ချုပ်ရေးမှူးအသစ်ထံ လုပ်ငန်းတာဝန်များ စနစ်တကျ လွှဲပြောင်းပေးကြရမည်ဖြစ်သည်။

မူလဥပဒေအရ လက်ရှိ အုပ်ချုပ်ရေးမှုးများ၏ တာဝန်သည် ဇန်နဝါရီလကုန်တွင် ပြီးဆုံးမည်ဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှုးအသစ်များ ရွေးချယ်ခန့်အပ် တာဝန်ပေးရန်အတွက် ရွေးကောက်ပွဲများ ကျင်းပရန် မြို့နယ်အချို့တွင် စတင်လုပ်ဆောင်နေချိန်တွင် ယခုပြင်ဆင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသိုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်မှုများကို ဒီဇင်ဘာလကုန် ရက်များကတည်းက ဆောင်ရွက်လျက်ရှိရာ ပြည်သူတို့အကြား ဝေဖန်ပြောဆိုမှုများ ပေါ်ပေါက်လျက်ရှိသည်။ အစိုးရသစ်အတွက် ကြိုတင်ရွေးချယ်ပေးခြင်း၊ လုံလောက်သော အချိန်များ ရယူဆောင်ရွက်ခြင်း ဖြစ်သည်ဟု အချို့က ဖြေရှင်းပြောဆိုမှုများ ရှိသကဲ့သို့ အချို့မြို့နယ်များကမူ ငါးဦးကို ကြိုတင်ရွေးချယ်ပြီး သင်တန်းပေးထားခြင်းသာ ဖြစ်သည်ဟု ပြောကြားမှုများရှိသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အောင်ဇမ္ဗူရပ်ကွက်ကဲ့သို့ ရပ်ကွက်အချို့တို့တွင် ဆန်ကာတင်ရွေးချယ်ထားသော ငါးဦးထဲမှ တစ်ဦးကို ထပ်မံရွေးချယ်ချယ်ရန် ယနေ့ ပြင်ဆင်နေခြင်းမှာ လွှတ်တော်နှစ်ရပ်က ယနေ့ သဘောတူလိုက်သည့် ဥပဒေနှင့် ကွဲလွဲနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar