ဆန္ဒပြခွင့်ဥပဒေ ပြင်ဆင်ချက်များ နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီရန် လိုအပ်နေသေး

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား ပြင်ဆင်ရန် အဆိုပြုထားမှုများမှာ မလုံလောက်သေးဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ (Amnesty International) က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်တွန်းလိုက်ပြီး အဆိုပြုထားသည့် ပြင်ဆင်ချက်များကြောင့် တက်ကြွလှုပ်ရှားသူများ ပိုမို ဖမ်းဆီးခံရနိုင်သည်ဟု သတိပေးလိုက်သည်။

ဥပဒေအား ပြန်လည်သုံးသပ်မှုကို ၎င်းတို့က ကြိုဆိုလိုက်သော်လည်း ပြင်ဆင်ချက်များမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကို လေးစားရန်နှင့် ကာကွယ်ရန် လိုအပ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှမ်းမိုး ချုပ်ကိုင်ထားသည့် လွှတ်တော်နှစ်ခု၏ ဥက္ကဋ္ဌများထံ ၎င်းလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ဆန္ဒပြသူများမှာ ၎င်းတို့၏ ကိုယ်ပိုင်အခွင့်အရေးအား ငြိမ်းချမ်းစွာ ထုတ်ဖော် ကျင့်သုံးရုံမ ျှဖြင့် အဆိုပြုထားသည့် ပြင်ဆင်ချက်များကြောင့် ဖမ်းဆီးခံ၊ ထောင်ချခံရဖွယ်ရှိနေသည်ဟုအဖွဲ့ကပြောကြားသည်။

ထို့ကြောင့် ပွင့်လင်းမြင်သာစွာဖြင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန် အဖွဲ့က တိုက်တွန်းထားပြီး ပြင်ဆင်ချက်များနှင့် ပတ်သက်ပြီး ပြည်သူလူထုက တုံ့ပြန်မှုများ ပေးနိုင်ရန်လည်း လုံလောက်သည့် အချိန်ပေးရန် လွှတ်တော်များကို တိုက်တွန်းခဲ့သည်။

“ထိုကဲ့သို့ ဆောင်ရွက်ရန် ပျက်ကွက်ပါက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးမှုများ၊ ထိန်းသိမ်းထားမှုများ၊ တရားစွဲဆိုမှုများနှင့် ထောင်ချမှုများ ပိုမိုလာမည့်အပြင် တိုင်းပြည်၏ တရားစီရင်ရေးမူဘောင်တစ်ခုလုံးအား ပြုပြင်ပြောင်းလဲရန် ပြင်ဆင်နေမှုများကိုလည်း ထိပါးလာနိုင်ဖွယ်ရှိပါသည်” ဟု အဖွဲ့၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှုး Rafendi Djamin က စာထဲတွင် ရေးသားထားသည်။

“ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ” ကို ပယ်ဖျက်ပြီး “ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ” ဟု အစားထိုးပြဋ္ဌာန်းရန် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက မေ ၅ ရက်နေ့က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ဥပဒေကြမ်းအရ ဆန္ဒပြလိုသည့် ရည်ရွယ်ချက်၊ နေရာ၊ နေ့ရက်၊ အချိန် အပိုင်းအခြား၊ ဟောပြောလိုတဲ့အကြောင်းအရာနှင့် ကြွေးကြော်မည့် စာသား၊ ဦးဆောင်မယ့် ပုဂ္ဂိုလ်နှင့် ဟောပြောမယ့်သူရဲ့ ကိုယ်ရေးအချက်အလက်၊ စီတန်းလှည့်လည်မှုအစီအစဉ်၊ ခန့်မှန်းလူဦးရေများကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ နှစ်ရက်ကြိုတင် အကြောင်းကြားရုံဖြင့် ဆန္ဒပြခွင် ရရှိမည်ဖြစ်သည်။

၂၀၁၁ ခုနှစ်က ပြဌာန်းထားသည့် လက်ရှိဥပဒေကို ပြည်ထဲရေး ဝန်ကြီးဌာနက တင်ပြကာ အတည်ပြု ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြမည့်သူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ထံမှ ကြိုတင်ခွင့်ပြုချက် တောင်းခံရန် လိုအပ်ပြီး တရားမဝင် ဆန္ဒပြပါက ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်ကြောင်း လက်ရှိဥပဒေတွင် ပြဌာန်းထားသည်။

သို့သော် ဝေဖန်မှုများကြောင့် ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ခဲ့ရာ ဆန္ဒပြရန် လေ ျှာက်ထားချက်များကို ရဲတပ်ဖွဲ့က ပယ်ချခွင့် မရှိတော့ပေ။ သို့သော် ခွင့်ပြုချက်ကို ငါးရက် ကြိုတင်လေ ျှာက်ထားရန် လိုအပ်ပြီး ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုချက်ရရှိမှသာ ဆက်လက် ဆောင်ရွက်ခွင့် ပြုထားသည်။ ဥပဒေအား ချိုးဖောက်ပါက ယခင် ထောင်ဒဏ် တစ်နှစ်မှ ခြောက်လသို့ လေ ျှာ့ချပေးခဲ့သည်။

ပြင်ဆင်မည့် ဥပဒေတွင် လုံးဝ အကြောင်းမကြားပဲ ဆန္ဒပြသူများကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ပြီး ထပ်မံကျူးလွန်လ ျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်မည်ဟု ပြဌာန်းထားသည်။

အကြောင်းကြားထားသည့် စည်းကမ်းများကို ဖောက်ဖျက် ကျူးလွန်သူများကမူ သုံးလထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သောင်းထက်မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဟု ဖော်ပြထားသည်။

မူလအကြောင်းကြားထားသည့် မြို့နယ် ပြင်ပကို ကျော်လွန်ဆန္ဒပြသည့်အခါ လက်ရှိ ဥပဒေအရ ခွင့်ပြုချက် မတင်ထားသည့် မြို့နယ်အားလုံးက တရားစွဲဆိုမှုကို ခံရမည်ဖြစ်သော်လည်း ပြင်ဆင်မည့် ဥပဒေကြမ်းတွင်မူ အကြောင်းကြားမထားပဲ စတင်ဖြတ်သန်းသည့် မြို့နယ်တစ်ခုကသာ တစ်ပေါင်းတည်း အရေးယူ ဆောင်ရွက်မည် ဖြစ်သည်။

ဥပဒေကြမ်းတွင် ပါဝင်သည့် ထူးခြားချက်မှာ သတ်မှတ်စည်းကမ်း ဖောက်ဖျက်ကျူးလွန်သူများကို အရေးယူခွင့်ရှိသည့်ကာလ သတ်မှတ်ထားခြင်းဖြစ်သည်။

“ပြစ်မှုဖောက်ဖျက်ကျူးလွန်သူတွေကို အာဏာပိုင်တွေက ၁၅ ရက်အတွင်း တရားစွဲဆိုတင်ပို့ရမှာပါ” ဟု ဒေါက်တာ မြတ်ဉာဏစိုးက ပြောသည်။

သတင်း- Frontier

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.