ရန်ကုန်၊ ဇွန် ၄
ဧရာဝတီမြစ်အပေါ် ကျရောက်မည့် အန္တရာယ်များကို ကာကွယ်ကြရန် မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်က မဘသဆရာတော်များကို ယနေ့တိုက်တွန်းလိုက်သည်။
ယခုပြောကြားချက်သည် ရာထူးမှအနားယူသွားသည့် သမ္မတဦးသိန်းစိန် သက်တမ်းအတွင်း ဆိုင်ငံ့ရန် ဆုံးဖြတ်ခဲ့သော မြစ်ဆုံစီမံကိန်းကို ပြန်စတင်ရန် တရုတ်က စိတ် အားထက်သန်ကြောင် းထုတ်ဖော် ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အင်အား အကောင်းဆုံးသော အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် မဘသ၏ ပထမဆုံးသော တုန့်ပြန်ချက်လည်းဖြစ်သည်။
“ကာကွယ်သင့် ကာကွယ်ထိုက်တာကို ကာကွယ်ရမယ်” ဟု ဧရာဝတီမြစ်ကို ရည်ညွှန်းပြီး မဘသဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသက မိန့်ကြားခဲ့သည်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက်၌ ယနေ့စတင် ကျင်းပသည့်အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကြီး (မဘသ) ၏ တတိယအကြိမ်စုံညီ ညီလာခံအစည်းအဝေးတွင် ဆရာတော်က ထိုကဲ့သို့မိန့်ကြားခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် ခေစိုက် သတင်းဌာနများ၏အဆိုအရ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က မြစ်ဆုံစီမံကိန်းကို ပြန်လည် စတင်လိုကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇွန် ၃ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ဆိုသည် ။
မဘသ(ဗဟို) ဥက္ကဋ္ဌ ဆရာတော်က သူ၏မိန့်ခွန်းတွင် မြစ်ဆုံစီမံကိန်းဟု တိုက်ရိုက် သုံးစွဲခဲ့ခြင်း မရှိသော်လည်း ဧရာဝတီမြစ်အပေါ်ကျရောက်မည့် အန္တရာယ်များဟု သုံးနှုန်းခဲ့သည်။
ထို့အပြင် ဆရာတော်၏ အခမ်းအနားအဖွင့် သြဝါဒမိန့်ခွန်းတွင် ရိုဟင်ဂျာအမည် သုံးစွဲမှုကို ကန့်ကွက်ခြင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေ၊ အမျိုးစောင့် ဥပဒေများနှင့် အစိုးရက ရပ်တန့်လိုက်ကြောင် း သတင်းစတင် ထွက်ပေါ်နေသည့် ဘဂ်လားဒေ့ရှ်နှင့် မြန်မာနယ်စပ် ခြံစည်းရိုးခတ်သည့် လုပ်ငန်းစသည်တို့ကိုလည်း ထည့်သွင်း မိန့်ကြား ဆွေးနွေးသွားသည်။
သတင်း- ထွန်းခိုင်နှင့် မြတ်ကျော်သူ