စွဲချက်ဟောင်းများကြောင့် ဦးဂမ္ဘီရ ထောင်ဒဏ်များ ထပ်မံ ကျခံရဖွယ်ရှိနေ

မန္တလေးအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာရန် မျှော်လင့်ထားသည်ရက် မတိုင်မီ ရက်အနည်းငယ်အလိုတွင် ရဟန်းလူထွက် ကိုညီညီလွင်အား နောက်ထပ်ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်သော စွဲချက်များကို ရင်ဆိုင်စေရန် ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်သည်။

ရဟန်းဘွဲ့အမည် ဦးဂမ္ဘီရအဖြစ် ပိုမိုလူသိများသော ကိုညီညီလွင်သည် ၂၀၁၂ ခုနှစ်က စွဲချက်တင်ထားသည့် ကျော်နင်းမှု၊ ရာဇဝတ်မှုမကင်းသော ဆိုးသွမ်းမှုတို့ဖြင့် အမှုရင်ဆိုင်ရန် ဇွန် ၂၈ နေ့၊ နံနက်တွင် ဗဟန်းမြို့နယ်တရားရုံးသို့ ခေါ်ဆောင်လာခြင်းခံခဲ့ရသည်။ ရန်ကုန်သို့ စတင်ရောက်ရှိချိန်ကတည်းက ၎င်းအား အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။

၂၀၁၃ ခုနှစ်ကတည်းက ထိုင်းနိုင်တွင် အခြေစိုက်နေထိုင်ခဲ့သော ကိုညီညီလွင်သည် တာချီလိတ်မှတစ်ဆင့် မန္တလေးသို့ သွားရောက်ခဲ့စဉ် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်မှုဖြင့် ယခုနှစ် အစောပိုင်းက မန္တလေးတွင် ဖမ်းဆီးခံခဲ့ရပြီး အာမခံပေးရန် ငြင်းဆိုခြင်းလည်း ခံခဲ့ရသည်။ ၎င်း၏ သြစတြေးလျလူမျိုး ဇနီးဖြစ်သူ မစ္စမာရီ ဆီအိုချာနာကမူ ကိုညီညီလွင်တွင် မြန်မာနိုင်ငံသားဖြစ်ကြောင်း ဖော်ပြထားသည့် သက်သေခံအထောက်အထား စာရွက်စာတမ်းများ ရှိနေပြီး နိုင်ငံတွင်းသို့ တရားဝင် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ခံယူထားသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ ပြောင်းရွှေ့သွားပြီးနောက်ပိုင်းတွင်လည်း ကိုညီညီလွင်သည် မြန်မာနိုင်ငံတွင်းသို့ ဝင်ထွက်သွားလာမှုအချို့ရှိခဲ့သော်လည်း ပြဿနာမရှိခဲ့ပေ။ ဇန်နဝါလကတည်းက ဖမ်းဆီးခံခဲ့ရပြီး ဧပြီလတွင် ထောင်ဒဏ်ခြောက်လ ချမှတ်ခံရသော ကိုညီညီလွင်သည် ဇူလိုင် ၁ ရက်နေ့တွင် လွတ်ရက်စေ့မည် ဖြစ်သည်။ သို့သော်လည်း ၎င်း၏အမှုသည်သည် နောက်ထပ် ရုံးချိန်းရှိသည့် ဇူလိုင် ၄ ရက်နေ့အထိ အင်းစိန်ထောင်ထဲတွင် ရှိနေဦးမည်ဟု ရှေ့နေ ဦးရောဘတ် စန်းအောင်က Frontier ကို ဇွန် ၂၈ ရက်နေ့တွင် ပြောသည်။

ကိုညီညီလွင်အား နောက်တစ်ကြိမ် အမှုကြားနာမှုမတိုင်မီ ချုပ်မိန့်လိုအပ်ကြောင်း ပြသခြင်းမရှိခဲ့ဟု နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင် (International Commission of Jurists) မှ တရားရေး အကြံပေးတစ်ဦးဖြစ်သူ ဗာနီဆာသီဆန်က ပြောသည်။

ကိုညီညီလွင်သည် ပထမဆုံးအကြိမ် ဖမ်းဆီးခံခဲ့ရသည့် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာကတည်းက ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုများနှင့် ထပ်တလဲလဲ ရင်ဆိုင်နေခဲ့ရပြီး ၎င်းအားလွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များက ထပ်တလဲလဲ တောင်းဆိုလျက်ရှိသည်။

“အဓိကပြောလိုရင်းက စစ်ဆေးမယ့်ဆဲဆဲ တရားခွင်အပါအဝင် သူတို့ရဲ့လွတ်လပ်မှု တစ်ခုချင်းစီကို ပိတ်ပင်မယ်ဆိုရင် လိုအပ်ကြောင်း၊ ဆီလျော်ကြောင်း ပြောကြားဖို့က နိုင်ငံတော်အပေါ် မူတည်ပါတယ်”ဟု ဗာနီဆာသီဆန်က Frontier ကို ပြောသည်။ “ယခင်တရားခွင်မှာ ဒါကို သက်သေ မပြနိုင်ခဲ့ပါဘူး။ ကျွန်မတို့ မျှော်လင့်တာက အစိုးရရှေ့နေတွေက ဒီအမှားကို ထပ်ဖြစ်မှာ ဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ကိုညီညီလွင်သည် ၂၀၀၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးတွင် အထင်ရှားဆုံး သူတစ်ဦးဖြစ်သည်။ ယင်းတော်လှန်ရေးကို ဘုန်းတော်ကြီးများက ဦးဆောင်ခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် စစ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့သည်။

ထောင်ဒဏ် ၆၃ နှစ်ချခံခဲ့ရသော ကိုညီညီလွင်သည် သမ္မတဟောင်း ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီက ပြန်လည် လွတ်မြောက်လာခဲ့သည်။

စွဲချက်ဟောင်းများ

ထိုနှစ် ဖေဖော်ဝါရီလတွင် ၂၀၀၇ ဆန္ဒပြမှုများအပြီး ပိတ်ထားခဲ့သော ဘုန်းကြီးကျောင်းအချို့တွင်းသို့ ဘုန်းတော်ကြီးအုပ်စုတစ်ခုကို ဦးဆောင်ဝင်ရောက်မှုကြောင့် ရဲတပ်ဖွဲ့နှင့် နိုင်ငံတော် မဟာသံဃာ့နာယကအဖွဲ့က ကိုညီညီလွင့်အပေါ် မကျေမနပ်ဖြစ်ခဲ့သည်။ ထို့နောက် သီတင်းပတ်အချို့အကြာတွင် ပိတ်ထားသော ဘုန်းကြီးကျောင်းများ ပြန်ဖွင့်ခွင့်ပေးရန်အတွက် သဘောတူညီချက်တစ်ခုအား ရရှိခဲ့သည်။ သို့သော်လည်း ထိုနှစ်၊ ဒီဇင်ဘာတွင် ကိုညီညီလွင်သည် ဗဟန်း၊ သန်လျင်နှင့် သင်္ဃန်းကျွန်းတို့တွင် ကျော်နင်းမှုများဖြင့် သီးခြားစီ တရားစွဲခံခဲ့ရသည်။

သီတင်းနှစ်ပတ်အကြာတွင် သန်လျင်တရားရုံးမှ အာမခံဖြင့် လွတ်လာခဲ့သော ကိုညီညီလွင်က မုံရွာရှိ လက်ပံတောင်းကြေးနီသတ္တုတွင်းအား ဆန့်ကျင်ဆန္ဒပြမှုများတွင် မပါဝင်နိုင်စေရန် သူ့အား ဖမ်းဆီးထားခဲ့ခြင်းဖြစ်မည်ဟု ယူဆခဲ့သည်။ ၎င်းဖမ်းဆီးမခံရမီ ရက်အနည်းငယ်က မီးလောင်ကျည်များဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် သတ္တုတွင်းအား သပိတ်မှောက်နေသည့် ဘုန်းတော်ကြီး ဒါဇင်များစွာ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။

နောက်ခြောက်လအကြာတွင် ၎င်းထိုင်းနိုင်ငံသို့ ပြောင်းရွှေ့မသွားမီ အချိန်အထိ အမှုသုံးမှုမှာ ထူးခြားမှု မရှိခဲ့ပေ။

၎င်းတရားစွဲခံထားရသည့် မြို့နယ်တစ်ခုဖြစ်သည့် သန်လျင်ရဲစခန်းထံမှ သုံးသပ်ချက်ရရန် Frontier က ဇွန် ၂၈ ရက်နေ့တွင် ကြိုးပမ်းခဲ့သော်လည်း မရရှိခဲ့ပေ။ ထို့ကြောင့် အမှုမှာ ဆက်လက်ရှိနေ၊ မနေအား ရှင်းလင်းစွာ မသိရှိရသေးပေ။

ဇွန် ၂၈ ရက်နေ့က ရင်ဆိုင်ခဲ့ရသည့် စွဲချက်များသည် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းမပေါ်ရှိ ခြောက်ထပ်ကြီးဘုရား၏ ပရဝုဏ်အတွင်းရှိ သာသနာ့ဂုဏ်ရည်နှင့် သာသနာ့သိပ္ပံ ကျောင်းတိုက်များအတွင်းသို့ ၎င်း၏ဝင်ရောက်ခဲ့မှုများနှင့် ပတ်သက်နေသည်။

ထို့အပြင် ကိုညီညီလွင်သည် သင်္ဃန်းကျွန်းမြို့နယ်၊ မဂ္ဂင်ကျောင်းတိုက်သို့ တရားမဝင် ကျော်နင်းမှုအတွက် သီးခြားဖြစ်သည့် တရားခွင်များနှင့်လည်း အမှုရင်ဆိုင်ရနိုင်သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ရာဇဝတ်မှုဆိုင်ရာ ပြစ်မှုများဖြင့် တရားစွဲဆိုခြင်းများမှာ ဦးသိန်းစိန် အစိုးရလက်ထက်က ရာဇဝတ်မှုဆိုင်ရာတရားရေးစနစ်၏ တွေ့မြင်နေကျပုံစံကဲ့သို့ ဖြစ်နေသည်ဟု မတ်လကထုတ်ပြန်ခဲ့သည့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

“မြို့နယ်အသီးသီးမှာ တူညီတဲ့ ပြစ်မှုတစ်ခုတည်းအတွက် တရားစွဲဆိုခြင်းက မြန်မာနိုင်ငံရဲ့ ရာဇဝတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေနဲ့ ဆန့်ကျင်နေပါတယ်”ဟု AI ၏အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအတွက် ထောင်ဒဏ်တိုးလို့ရအောင် ဒီနည်းဗျူဟာကို အာဏာပိုင်တွေက အသုံးချနေတာဖြစ်ပါတယ်”ဟုလည်း အစီရင်ခံစာကဆိုသည်။

သတင်း- ရှောင် ဂလေစင်

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.