သံဃာတော်များ ဆန္ဒပြပွဲတွင် မပါဝင်စေရေး ဆောင်ရွက်မည်ကို ဦးဖြိုးမင်းသိန်း ထောက်ခံ

ရန်ကုန်၊ စက်တင်ဘာ ၂၀

သံဃာတော်များအနေဖြင့် ဆန္ဒပြပွဲများတွင် မပါဝင်ကြရေးအတွက် ထိန်းသိမ်းသွားရေး ဆွေးနွေးရန် စီစဉ်ထားမှုကြောင့် အားတက်မိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ပြောကြားသည်။

“အလှူခံခြင်း၊ မူူးယစ်သောက်စား၊ ဘောလုံးကစားခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆန္ဒဖော်ထုတ်ခြင်း၊ မကြည်ညိုဖွယ်ဆောင်သည့် ဖြစ်ရပ်များ မပေါ်ထွန်းရေးအတွက် သံဃာ့အဖွဲ့အစည်းတွေ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ထိန်းသိမ်းပေးရန်နှင့် အစည်းအဝေးတွင် ဆွေးနွေးမည်ကို သိရှိရသဖြင့် သာသနာအတွက် အားတက်မိပါသည်” ဟု ၎င်းက ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး သံဃာ့ဂိုဏ်းပေါင်းစုံအစည်းအဝေးတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သံဃာဂိုဏ်ပေါင်းစုံအစည်းအဝေးကို ဗဟန်းမြို့နယ်ရှိ၊ ရွှေတိဂုံဘုရားအရှေ့ဖက်မုခ်၊ ကြေးသွန်းဘုရားကြီးရှေ့ရှိ သံဃနာယကအဖွဲ့တိုင်းရုံးတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ခြင်း ဖြစ်သည်။

သံဃာတော်များ ဦးဆောင်ကာ စစ်အစိုးရအား ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် ရွှေဝါရောင်တော်လှန်ရေး ကိုးနှစ်ပြည့်မြောက်သည့်အချိန်တွင် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ ပြောကြားခြင်းလည်း ဖြစ်သည်။

သံဃာများ ဆန္ဒမပြရေးအတွက် တိုက်တွန်းသည့်အပေါ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးစန္ဒာသီရိက “ဦးဇင်းတို့ကတော့ ဘယ်အစိုးရက ဘယ်လောက်တားတား ကိုယ့်ဒါယိကာမတွေ၊ ဒါယိကာတွေ နေထိုင်စားသောက်ရေး အဆင်မပြေခဲ့ရင်တော့ မေတ္တာပို့သ၊ ဆန္ဒပြသတာကိုတော့ လုပ်ရမှာပါပဲ” ဟု မိန့်ကြားသည်။

စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်တွင် စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လာမှုနှင့် ပြည်သူများ စားဝတ်နေရေး ကြပ်တည်းလာမှုတို့ကြောင့် သံဃာတော်များက ဦးဆောင်ကာ စစ်အစိုးရကို ဆန္ဒပြခဲ့ကြသော်လည်း အကြမ်းဖက်နှိမ်နင်းခြင်းကို ခံခဲ့ရသည်။

မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ ဦးနေဝင်းလက်ထက်က စတင်ကာ၊ ဦးသိန်းစိန်အစိုးရလက်ထက်အထိ သံဃာများ ဆန္ဒပြသမှုမရှိရေးကို စာများရေးသား ထုတ်ဝေကာ တားမြစ်ခဲ့ကြောင်းနှင့် လက်ရှိအစိုးရ လက်ထက်တွင်မူ တားမြစ်မှု မရှိသေးသော်လည်း တားမြစ်ရန် ပြင်ဆင်နေသည်မျာကို တွေ့ရှိနေရသည်ဟု ဦးစန္ဒာသီရိက မိန့်ကြားသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ်ကလည်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆန္ဒပြခြင်းများကို မပြုလုပ်ကြတော့ရန် တိုက်တွန်းခဲ့သေးသည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar