ရွှေဝါရောင် တော်လှန်ရေး ကိုးနှစ်အလွန်

သံဃာတော်တွေ ဦးဆောင်ပြီး အာဏာရှင် စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးကို ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်အစိုးရက စတင် အကြမ်းဖက်နှိမ်းနင်းခဲ့ပြီး ပါဝင်ခဲ့တဲ့ သံဃာတော်အများအပြားအပါအဝင် လူပုဂ္ဂိုလ်တွေကိုပါ ဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးအပြီး ကိုးနှစ်အကြာမှာတော့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေကတော့ဟာ ချို့ချို့ငဲ့ငဲ့နဲ့ ရှင်သန်နေကြရပြီး သူတို့ရဲ့ အခန်းကဏ္ဍဟာလည်း မှေးမှိန်နေခဲ့ရပါပြီ။

ထွန်းခိုင် ရေးသားသည်။

ရန်ကုန်နဲ့ သံလျင်ကို ဆက်သွယ်ထားတဲ့ သံလျှင်တံတားအနီးက ၁၀ ပေပတ်လည်လောက်ပဲရှိတဲ့ ကျောင်းဆောင်ငယ်လေးပေါ်မှာ ဦးဇဝနတစ်ပါးတည်း သီတင်းသုံးနေထိုင်တာ သုံးနှစ်လောက် ရှိပါပြီ။

ကျောင်းဆောင်ငယ်လေးရဲ့ နံရံလေးဘက်ကို အကာအရံလေးမျိုးနဲ့ တည်ဆောက်ထားပါတယ်။

အရှေ့ဘက် နံရံက ဝါးတွေနဲ့ ရက်လုပ်ထားတဲ့ ထရံပါ။ အနောက်ဘက်မှာတော့ ငါးထပ်သားပြားတွေ ကာရံထား ပါတယ်။ တောင်ဘက်အခြမ်းကိုတော့ သစ်တိုသစ်စတွေနဲ့ တည်ဆောက်ထားပြီး မြောက်ဘက်ကိုတော့ ဗီနိုင်းစတွေ အသုံးပြုပြီး တည်ဆောက်ထားပါတယ်။

“ဒါတွေက ကျောင်းဆောင်ကြီးတွေ ဆောက်တုန်းက ပိုနေတဲ့ သစ်တိုသစ်စတွေကို သွားရှာပြီး ဆောက်ထားရတာ”လို့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ပတ်သတ်တယ်ဆိုတဲ့ ပြစ်ချက်နဲ့ ချိတ်ပိတ်ခံထားတဲ့ ဘုန်းတော်ကြီး ကျောင်းအနီးမှာ တည်ဆောက်ထားတဲ့ သူ့ကျောင်းကိုကြည့်ရင်း ဦးဇင်းမုတ်ဆိတ်လို့လည်း လူသိများတဲ့ ဦးဇဝနက ပြောပါတယ်။

ဦးဇဝနဟာ ၁၉၈၈ အရေးအခင်းနောက်ပိုင်း အာဏာစွဲကိုင် အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အကြီးအကျယ်ထိတ်လန့်စေခဲ့ရတဲ့ ၂၀၀၇ ရွှေဝါရာင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတွေထဲက တစ်ပါး ဖြစ်ပါတယ်။

သံဃာတော်တွေ ဦးဆောင်ပြီး အာဏာရှင် စစ်အစိုးရကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးကို ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်အစိုးရက စတင် အကြမ်းဖက်နှိမ်းနင်းခဲ့ပြီး ပါဝင်ခဲ့တဲ့ သံဃာတော်အများအပြားအပါအဝင် လူပုဂ္ဂိုလ်တွေကိုပါ ဖမ်းဆီးခဲ့ပါတယ်။ သံဃာတော်တွေ သီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်တွေထဲကို စစ်သားတွေက အကြမ်းဖက်ဝင်ရောက်ပြီး သံဃာတော်တွေကို ဖမ်းဆီးထောင်ချခဲ့သလို ကျောင်းတိုက်တွေကိုလည်း ချိတ်ပိတ်ထားခဲ့ပါတယ်။

၂၆ နှစ်ကြာ စစ်အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ပြီး ရွေးကောက်ပွဲနဲ့အတူ အရပ်သား အစိုးရအုပ်ချုပ်မှုပေါ်ပေါက်ခဲ့တဲ့အချိန်အထိ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းမှာ ရွှေဝါရောင်တော်လှန်ရေးဟာ အရေးအပါဆုံး အခန်းကဏ္ဍမှာ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ရွှေဝါရောင်တော်လှန်ရေးအပြီး ကိုးနှစ်အကြာမှာတော့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်တွေကတော့ဟာ ချို့ချို့ငဲ့ငဲ့နဲ့ ရှင်သန်နေကြရပြီး သူတို့ရဲ့ အခန်းကဏ္ဍဟာလည်း မှေးမှိန်နေခဲ့ရပါပြီ။

ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်မှုနဲ့ ဦးဇဝနကို တရားရုံးက ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဦးဇဝနကို ၎င်း၏ ကျောင်းငယ်လေးအတွင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဦးဇဝနကို ၎င်း၏ ကျောင်းငယ်လေးအတွင်း၌ တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ဖမ်းဆီးခံသံဃာတွေထဲမှာ အရင်ဆုံးပြန်လွတ်လာခဲ့တဲ့ သူ့ကို ရန်ကုန်မြို့ပေါ်က ဘယ်ကျောင်းတိုက်ကမှ သီတင်းသုံးဖို့ လက်မခံရဲဘူးလို့ ဦးဇဝနက မိန့်ကြားပါတယ်။

“ထောင်ထဲကထွက်လာတဲ့ ကိုယ်တော်တိုင်း ခဲရာခဲစစ် ရုန်းကန်ရတာချည်းဘဲ။ ပေါ့ပေ့ါပါးပါးနဲ့  ကိုယ့်ကျောင်းကိုယ် ပြန်နေလို့ မရတဲ့ ကိုယ်တော်တွေချည်းဘဲ”လို့ ဦးဇဝနက မိန့်ကြားပါတယ်။

ရွှေဝါရောင် သံဃာတော်များကွန်ရက်ရဲ့ သုတေသနစာရင်းအင်းများအရ ၂၀၀၇ ရွှေဝါရောင်မှာ ပါခဲ့တဲ့အတွက် အနည်းဆုံး သံဃာတော် ၁,၅၀၀ လောက် ဖမ်းဆီး ထိန်းသိမ်းခံရပြီး အဲဒီထဲက ၂၈၂ ပါးဟာ ထောင်နန်းစံခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ သံဃာတော်တွေကို စစ်ခုံရုံးကနေ အနည်းဆုံး ထောင်ဒဏ်နှစ်နှစ်ကနေ ၅၅ နှစ်အထိ ချမှတ်ခဲ့ပါတယ်။ ၂၀၀၃ မှာတော့ ဦးသိန်းစိန်အစိုးရက အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဖမ်းခံရချိန်တုန်းကလို မဟုတ်တော့ပဲ ထောင်တွေထဲက ပြန်လွတ်လာတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေပါ အတူပါလာခဲ့ကြပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ အဓိကကျတဲ့ သံဃာငါးပါးထဲက နှစ်ပါးဟာ အကျဉ်းထောင်တွေထဲက ထွက်လာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရတယ်လို့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ မကွေးမြို့က ဦးအောင်ကျော်ကျော်က ပြောပါတယ်။

“မန္တလေးက ဆရာတော်ဦးသုမနဆိုရင် စိတ်ဝေဒနာရသွားပြီး ပြန်မကောင်းတော့ဘူး။ သူလွတ်လာတော့ ကျွန်တော်တို့သိရတာတော့ လမ်းတွေပေါ်မှာ စိတ်ဖောက်ပြီး လျှောက်သွားနေတယ်လို့ သိရတယ်” လို့ ဦးအောင်ကျော်ကျော်က ပြောပါတယ်။

ဦးအောင်ကျော်ကျော်က ရွှေဝါရောင်တော်လှန်ရေးမှာ အထူးထင်ရှားခဲ့တဲ့ ဆရာတော်ဦးဂမ္ဘီရရဲ့အကိုဖြစ်ပြီး သူကိုင်တိုင်လည်း ရွှေဝါရောင်တော်လှန်ရေးကြောင့် အကျဉ်းချ ခံခဲ့ရပါတယ်။

သူ့ရဲ့ညီဖြစ်တဲ့ ဆရာတော်ဦးဂမ္ဘီရဟာလည်း အကျဉ်းထောင်ထဲမှာ ခံခဲ့ရတဲ့ ညှဉ်ပန်းနှိပ်စက်မှုတွေကြောင့် သံဃာတော်အဖြစ်ကနေ လူဝတ်လဲပြီး စိတ်ပိုင်းဆိုင်ရာ ဆေးဝါးကုသမှုတွေ ခံယူခဲ့ရပါတယ်။

ထောက်လှမ်းရေးရဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲမှာ ခြောက်နှစ်နီးပါးကြာ ဖြတ်သန်းလာခဲ့အပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို မခံစားခဲ့ရရင်တောင် ကံကောင်းတယ်လို့တော့ မဆိုသာပါဘူး။

ဆရာတော်ဦးသုမနတို့၊ ဦးဂမ္ဘီရတို့လို ထင်ရှားတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာ မကြုံရပေမယ့် သံဃာတော် တစ်ပါးအဖြစ် ရပ်တည်လို့မရတဲ့အထိ ဖိအားတွေခံရတဲ့ သံဃာတွေလည်း ရှိပါတယ်။

“ရွှေဝါရောင်မှာပါတာ သံဃာငယ်တွေ များတယ်။ သူတို့က ကျောင်းပိုင်ရှိတဲ့ ကျောင်းထိုင်တွေ မဟုတ်ကြဘူး။ ပြန်ထွက်လာတော့ သီတင်းသုံးစရာ ကျောင်းမရှိကြတာများတယ်” လို့ ရွှေဝါရောင်အရေးအခင်းကြောင့် ထောင် ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရပြီး လေးနှစ်ကျော်ကြာ ထောင်ထဲနေခဲ့ရတဲ့ ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။

ရွှေဝါရောင်တော်လှန်ရေးအား ဖြိုခွင်းခဲ့ပြီးနောက် စစ်အစိုးရက ပိတ်ထားခဲ့သည့် သံလျင်မှ ကျောင်းတိုက်တစ်ခု။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ရွှေဝါရောင်တော်လှန်ရေးအား ဖြိုခွင်းခဲ့ပြီးနောက် စစ်အစိုးရက ပိတ်ထားခဲ့သည့် သံလျင်မှ ကျောင်းတိုက်တစ်ခု။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ဒါ့အပြင် အကျိုးဆက်အဖြစ် သံဃာတော်တွေဟာ ဗုဒ္ဒစာပေတွေ သင်ကြားခွင့်နဲ့ အစိုးရက စစ်ဆေးတဲ့ သံဃာစာမေးပွဲ ဖြေဆိုခွင့်တွေလည်း ဆုံးရှုံးခဲ့ရတယ်လို့ ရွှေဝါရောင်ဆရာတော်တွေက မိန့်ကြားပါတယ်။

“သံဃာတွေ စာမေးပွဲဖြေရင် ဘယ်ကျောင်းမှာ ဝါဆိုတယ်ဆိုတာ ဖြည့်ရတယ်။ ကျောင်းမရှိတဲ့အတွက် ဖြည့်စရာမရှိတော့ ဘယ်စာမေးပွဲ သွားဖြေမလဲ”လို့ ရွှေဝါရောင် သံဃာတော်များကွန်ရက်က ဦးပဏ္ဍာဝံသ(ခေါ်)ဦးပြည်ကျော်က မိန်ကြားပါတယ်။

ရွှေဝါရောင်သံဃာတော်တွေကို လက်ခံဖို့အတွက် ဘုန်းတော်ကြီးကျောင်းတွေက ငြင်းဆိုတဲ့ အဓိကအချက်ကတော့ ကျောင်းတိုက်တွေကို စစ်ထောက်လှမ်းရေးတွေက အမြဲစောင့်ကြည့်နေတဲ့အတွက် ဖြစ်ပါတယ်။

ငြိမ်းအေးစွာ တရားအားထုတ်နေကြတဲ့ ဆရာတော်ကြီးတွေဟာ စစ်ထောက်လှမ်းရေးတွေက မကြာခဏ လာရောက် စုံစမ်းမေးမြန်း ထောက်လှမ်းတာတွေကို မနှစ်မြို့ကြဘူးလို့ ရွှေဝါရောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။

သီတင်းသုံး နေထိုင်စရာ ကျောင်းတိုက်မရှိတဲ့ ပြဿနာ ကြုံရတဲ့အထဲမှာ မန္တလေးက ရွှေဝါရောင် ဆရာတော်ဦးပါကဋလည်း အပါအဝင်ဖြစ်ပါတယ်။

တရားရုံးက ထောင်ဒဏ် ၈၄ နှစ် ချမှတ်ခဲ့အပြီး လေးနှစ်ကျော်ကြာ ထောင်ထဲနေခဲ့ရတဲ့ သူ့ကို ပြန်လည်လက်ခံဖို့ ဆွေမျိုးတော်စပ်တဲ့ ဘုန်းတော်ကြီးတွေတောင် တွေဝေနေခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

“မင်းဒီလမ်းကြောင်းကို ဆက်လျှောက်မယ်ဆိုရင် သင့်တော်မယ့် နေရာကိုရှာပါလို့ ဘုန်းကြီးရဲ့ ဘကြီး ဘုန်းကြီးကိုယ်တိုင် ပြောတာခံခဲ့ရတယ်”လို့ ဦးပါကဋက မိန့်ကြားပါတယ်။

ဒီလို ဖိအားတွေကြောင့် သံဃာအဖြစ် ဆက်လက်မရပ်တည်နိုင်တဲ့အတွက် ရွှေဝါရောင်သံဃာ ၄၀ လောက်လူဝတ်လဲသွားခဲ့တယ်လို့ သံဃာတော်များကွန်ရက်က ဦးပဏ္ဍာဝံသ(ခေါ်)ဦးပြည်ကျော်က မိန့်ကြားပါတယ်။

ရွှေဝါရောင်သံဃာတော်တွေအတွက် ဆင်းရဲကျပ်တည်းမှုဆိုတာ အထူးအဆန်းတော့ မဟုတ်လှပါဘူး။ သူတို့ ကိုယ်တိုင် ပြည်သူတွေ ဆင်းရဲကျပ်တည်းမှုကို ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုဖို့ ၂၀၀၇ ခုနှစ်တုန်းက လမ်းမတွေ ပေါ်ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ တပ်မတော်အစိုးရဟာ စက်သုံးဆီဈေးတွေ ရုတ်တရတ် တိုးမြှင့်လိုက်တာကြောင့် လူထုကြားထဲမှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်ခဲ့မှု အပါအဝင် အကျပ်အတည်းအမျိုးမျိုး ကြုံခဲ့ရပါတယ်။

ဒီအခက်အခဲကို ဖြေရှင်းပေးဖို့အတွက် ရက်စက်တဲ့ စစ်အုပ်ချုပ်ရေးကို အံတုပြီး ဘယ်သူကမှ မပြောရဲကြပါဘူး။ အဲဒီအချိန်က အစိုးရကို အမြဲတစေ ဝေဖန်ထောက်ပြပြီး လူထုအပေါ်သြဇာညောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေလို နိုင်ငံရေးအင်အားစုတွေအားလုံးက အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရပါတယ်။

“သံဃာတွေက ဆွမ်းခံကြွရင်း ပြည်သူတွေရဲ့ အခက်အခဲကို သိလာတယ်”လို့ ဦးပဏ္ဍာဝံသ(ခေါ်)ဦးပြည်ကျော်က မိန့်ပါတယ်။

ပြဿနာတွေက လိပ်ခဲတည်းလည်းဖြစ်နေတုန်း ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့မှာတော့ ပခုက္ကူမြို့မှာ သံဃာတော်သုံးပါးကို အစိုးရလုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

သံဃာတွေကို ပြန်တောင်းပန်ဖို့ အစိုးရက ငြင်းဆိုခဲ့တဲ့နောက်မှာတော့ စက်တင်ဘာ ၁၈ ရက်နေ့ကစပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေက လမ်းမတွေပေါ်မှာ မေတ္တာသုတ် ရွတ်ဆိုလှည့်လည်ဖို့ သံဃာတော်တွေက ဆုံးဖြတ်လိုက်ပါတော့တယ်။

သံဃာတွေ လှည့်လည်နေတာ ရက်သတ္တပတ်ပေါင်းများစွာ ကြာလာပြီးတဲ့နောက်မှာတော့ တပ်မတော်အစိုးရက ပစ်ခတ်နှိမ်နှင်းမှုတွေလုပ်ခဲ့ပြီး ရွှေဝါရောင် တော်လှန်ရေးကို ဖြိုခွဲပစ်လိုက်ပါတော့တယ်။

တပ်မတော်အစိုးရက ပစ်ခတ်နှိမ်နှင်းမှုတွေလုပ်ခဲ့ပြီး ရွှေဝါရောင် တော်လှန်ရေးကို ဖြိုခွဲပစ်လိုက်ပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

တပ်မတော်အစိုးရက ပစ်ခတ်နှိမ်နှင်းမှုတွေလုပ်ခဲ့ပြီး ရွှေဝါရောင် တော်လှန်ရေးကို ဖြိုခွဲပစ်လိုက်ပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

နောက်ရှစ်လလောက်အကြာ ၂၀၀၈ ခုနှစ်၊ မေလမှာတော့ စစ်အစိုးရဟာ ၁၅ နှစ်လောက် အချိန်ဆွဲခဲ့တဲ့ အမျိုးသားညီလာခံကို အပြီးသတ်ကျင်းပခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဌာန်းဖို့အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ခဲ့ပါတော့တယ်။

၂၀၁၀ အရောက်မှာတော့ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီး စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာလွဲပေးလိုက်ပြီးနောက် ၁၉၆၂ ခုနှစ်ကနေစခဲ့ပြီး နှစ်ပေါင်း ၅၀ နီးပါးကြာခဲ့တဲ့ စစ်တပ်က ဦးစီးတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခု ပြီးဆုံးသွားခဲ့ပါတယ်။

“ရွှေဝါရောင်ဖြစ်လာရင် ဒါတွေ(နိုင်ငံရေးအပြောင်းအလဲ) ဖြစ်လာနိုင်စရာ မမြင်ဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံရေးအင်အားစုတွေအားလုံးကို အစိုးရက ထိန်းသိမ်းထားတာလေ”လို့ ဦးပဏ္ဍာဝံသ(ခေါ်)ဦးပြည်ကျော်က မိန့်ပါတယ်။

“ရွှေဝါရောင်ကြောင့် သေနေတဲ့ မြန်မာ့နိုင်ငံရေးက တစ်လှမ်းတိုးခဲ့တယ်”လို့ ဦးအောင်ကျော်ကျော်ကလည်း ဆို ပါတယ်။

နိုင်ငံရဲ့အကျပ်အတည်းကို ပြေလည်အောင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပေမယ့် ရွှေဝါရောင်သံဃာတွေဟာ သူတို့အခက်အခဲကိုတော့ ထုတ်ဖော်မပြောကြပါဘူး။

ဗုဒ္ဒဘာသာ ရဟန်းတော်တွေ လိုက်နာရတဲ့အထဲမှာ ကိုယ့်အခက်အခဲကို လူတွေသိအောင် ထုတ်ဖော်ပြောတာမျိုး ရှောင်ကျဉ်ရတာပါတယ်လို့ ရွှေဝါရောင်သံဃာတော်တွေက ဆိုပါတယ်။

“ဝိနည်းသိက္ခာပုဒ်ထဲမှာ ပစ္စည်းလေးပါး(ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး) ဒါယကာလို့ မှတ်ပါလို့ မလျှောက်ထားရင် တောင်းဆိုလို့ မရဘူး”လို့ဆရာတော်ဦးဇဝနက ပြောပါတယ်။

အဲဒီလို ကိုယ်စီအခက်အခဲတွေကြောင့် တစ်ချိန်က စုစုဝေးဝေးနဲ့ စစ်အုပ်ချုပ်ရေးယန္တယားကို စိန်ခေါ်နိုင်ခဲ့တဲ့ ရွှေဝါရောင်သံဃာတွေဟာ အကျဉ်းထောင်က ပြန်ထွက်လာတဲ့အချိန်မှာတော့ ဝါးအစည်းပြေသလို တစ်နေရာစီ ရောက်ရှိသွားပြီး မြန်မာ့ခေတ်သစ် နိုင်ငံရေးဇာတ်ခုံပေါ်မှာ မှေးမှိန်ပျောက်ကွယ်သွားပါတော့တယ်။

အင်အားအကောင်းဆုံးနဲ့ ခေတ်သစ်မြန်မာ့နိုင်ငံရေးမှာ အညီညွတ်ဆုံး ရွှေဝါရောင်သံဃာတွေရဲ့မှေးမှိန်သွားတဲ့ နေရာမှာ မ.ဘ.သ လို အဖွဲ့အစည်းက အစားထိုးဝင်ရောက်လာတယ်လို့ ရွှေဝါရောင်တော်လှန်ရေး ခေါင်းဆောင် ဦးဂမ္ဘီရရဲ့အကို ဦးအောင်ကျော်ကျော်က ထောက်ပြပါတယ်။

“ရွှေဝါရောင်ရဲ့လစ်ဟာချက်ပေါ့ဗျာ”လို့ နှစ်အနည်းငယ်အတွင်း အားကောင်းလာတဲ့ သံဃာ့အဖွဲ့အစည်းဖြစ်တဲ့ မ.ဘ.သ ကို ရည်ညွန်းပြီး ဦးအောင်ကျော်ကျော်က ပြောပါတယ်။

ခေတ်သစ်မြန်မာ့သမိုင်းမှာ အကျိုးသက်ရောက်မှု အကြီးမားဆုံးဖြစ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၁၆ခ ခုနှစ်၊ စက်တင်ဘာဆိုရင် ကိုးနှစ်ပြည့်ပါပြီ။ ရွှေဝါရောင်သံဃာတော်တွေကတော့ ကိုးနှစ်ပြည့် အခမ်းအနားလုပ်ဖို့တောင် ဘဏ္ဍာရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

“ဘယ်လောက်တောင် ရုန်းကန်နေရသလဲဆိုတော့ ကိုးနှစ်ပြည့် အထိမ်းအမှတ်အတွက် ဆွမ်းကပ်ဖို့၊ သံဃာတွေ သွားလာရေးလုပ်ဖို့ကအစ အခက်အခဲဖြစ်နေတယ်” လို့ ဦးပဏ္ဍာဝံသ(ခေါ်)ဦးပြည်ကျော်က မိန့်ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar