ရန်ကုန်၊ ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်မှာ ပါတီအား ကိုယ်စားပြု ပြောကြားခြင်းဖြစ်ပါက တစ်ပါတီလုံးက ပြန်လည်ဖြေရှင်းရမည်ဟု မဘသက ယနေ့ တုံ့ပြန်လိုက်သည်။
ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံသို့ သွားရောက်စဉ် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရှိရန် မလိုအပ်တော့ဟု ပြောကြားခဲ့သလို စင်ကာပူမှ ရန်ကုန်မြို့သို့ ဇူလိုင် ၇ ရက်နေ့၊ ညနေပိုင်းက ပြန်လည်ရောက်ရှိချိန်တွင်လည်း ထပ်မံပြောကြားခဲ့သည်။
ဦးဖြိုးမင်းသိန်းက လေဆိပ်တွင် စောင့်ကြိုနေသည့် သတင်းထောက်များ၏ မေးမြန်းမှုကို ၎င်းစီးနင်းလာသည့် မော်တော်ယာဉ်ပေါ်မှ ဖြေကြားရာတွင် ”မဘသ မလိုအပ်တော့ဘူး” ဟု ထပ်မံပြောကြားလိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ပြောကြားချက်မှာ ပါတီအား ကိုယ်စားပြု ပြောကြားခြင်းဖြစ်ပါက ပါတီအနေဖြင့် ပြန်လည်ဖြေရှင်းရမည်ဖြစ်သည်ဟု မဘသ ဥက္ကဋ္ဌ ဆရာတော် ဦးတိလောကဘိဝံသက ယနေ့ မိန်ကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် ဆရာတော်က ဦးဖြိုးမင်းသိန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမည်ကိုမူ ထည့်သွင်း မိန့်ကြားခဲ့ခြင်းမရှိပေ။
“မဘသအနေနဲ့ကတော့ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး ရည်မှန်းချက် ပန်းတိုင် ပြည့်မီသည်အထိ ဆရာတော်သံဃာတော်များ အသက်ရှင်နေသမ ျှ ဆောင်ရွက်သွားမည်” ဟု ဆရာတော်က မိန့်ကြားသည်။
ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်နှင့် စပ်လျဉ်းပြီး မဘသအဖွဲ့၏ အရေးပေါ်အစည်းအဝေးကို ရန်ကုန်မြို့တွင် ယနေ့ မွန်းလွဲ ၂ နာရီက စတင်ကျင်းပစဉ် ဆရာတော်က မိန့်ကြားခြင်း ဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ ဦးဝီရသူအပါအဝင် မဘသဦးဆောင်ဆရာတော်အားလုံး နီးပါး တက်ရောက်လျက်ရှိသည်။
အစည်းအဝေးပြီးဆုံးချိန်တွင် ဆုံးဖြတ်ချက် ကြေညာစာတမ်း ထုတ်ဝေပြီး နိုင်ငံတစ်ဝှမ်းရှိ မဘသအဖွဲ့များအားလုံးထံ ဖြန့်ဝေသွားမည်ဟု သိရသည်။
မဘသ၏ တုံ့ပြန်ချက်နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြောကြားရန် မရှိသေးဟု Frontier ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
အစည်းအဝေးတက်ရောက်နေသည့် ဦးဝီရသူ။ ဓာတ်ပုံ- တေဇလှိုင်
”ဦးဖြိုးမင်းသိန်းပြောသွားတဲ့ စကားတောင် ကျွန်တော်တို့ မသိရသေးပါဘူး။ အဲဒီကိစ္စနဲ့ ပက်သက်ပြီး ဟုတ်မဟုတ် ခွင့်ပြုတယ်၊ မပြုဘူးဆိုတာကို ပါတီက ပြောစရာ မရှိသေးပါဘူး” ဟု ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်းက ဖြေကြားသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား မဘသအဖွဲ့ဝင် ၁၀ ဦးခန့်ကလည်း ဇူလိုင် ၇ ရက်နေ့ ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်စောင့်ကြို ကန့်ကွက်ခဲ့ကြသေးသည်။
“အခြားဘာသာ မပြောရဲ၊ ဗုဒ္ဓဘာသာ အသင်းအဖွဲ့ မလိုအပ်ဟု ပြောကြားမှုအား ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချပါသည်” ဟူသော စာသားအပါအဝင် ဝန်ကြီးချုပ် အလိုမရှိဟူသည့် စာသားများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
သတင်း- ဟိန်းကိုစိုး