ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ လာမည့် ရက်သတ္တပတ်တွင် သွားမည်

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ရက်သတ္တပတ်တွင် အမေရိကန်သို့ သွားရောက်မည်ဖြစ်ပြီး အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနှင့် တွေ့ဆုံမည်ဟု အိမ်ဖြူတော်အဆင့်မြင့်အရာရှိတစ်ဦးက စက်တင်ဘာ ၆ ရက်နေ့က ပြောကြားသည်။

ထိုသို့ သွားရောက်မည့် အစီအစဉ်ကို ပြီးခဲ့သည့် ဇွန်လကတည်းက ကြေညာခဲ့ခြင်းဖြစ်သော်လည်း သွားရောက်မည့် ရက်အတိအကျကိုမူ ကြေညာခဲ့ခြင်း မရှိပေ။

“သူမဟာ ဝါရှင်တန်ကို သွားရောက်မှာဖြစ်ပြီး သမ္မတနဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်” ဟု အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေးဖြစ်သူ ဘန်ရိုဒ့်က သတင်းထောက်များကို လာအိုနိုင်ငံတွင် ပြောကြားသည်။ သမ္မတ အိုဘားမားသည် လာအိုနိုင်ငံသို့ နှစ်ရက်ကြာခရီး ရောက်ရှိနေသည်။

စက်တင်ဘာ ၆ ရက်နေ့ အစောပိုင်းက ပြောကြားခဲ့သည့် အိုဘားမား၏ မိန့်ခွန်းတွင် ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသည်ဟု ပြောကြားခဲ့ပြီး “ကွဲပြားခြားနားမှုများနှင့် ငြိမ်းချမ်းမှုဆီသို့ မြန်မာနိုင်ငံအနေဖြင့် လျောက်လှမ်းရာတွင် ပြည်သူများနဲ့အတူ ကျွန်တော်တို့က ရပ်တည်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဥပဒေအရ နိုင်ငံခေါင်းဆောင် ဖြစ်ခွင့်မရရှိသော်လည်း နိုင်ငံတကာဇာတ်ခုံတွင် နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်နေမှုကို ယခုဖိတ်ကြားမှုက ထပ်မံအားဖြည့်ပေးလိုက်သည်။

ပြီးခဲ့သည်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် တခဲနက် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရ ရေးဆွဲခဲ့သည့် အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မရရှိစေရန် တားမြစ်ထားသည်။

ထိုအစား ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုလည်း ဖန်တီး ရယူခဲ့သည်။ ထို့အပြင် နှစ်ပေါင်းများစွာ ၎င်းနှင့်အတူ လက်တွဲရပ်တည်ခဲ့သည့် ဦးထင်ကျော်အား သမ္မအဖြစ် တင်မြှောက်ခဲ့သည်။

စစ်အစိုးရ လက်အောက်တွင် ဆယ်စုနှစ် နှစ်ခုနီးပါးခန့် ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး မကြာမီတွင် အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ သွားရောက်ချိန်တွင် အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်တို့ ထပ်မံတွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်စေရန် တားမြစ်ထားမှုကို ဝေဖန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း အမေရိကန်က ပိတ်ဆို့အရေးယူမှုအချို့အား ဖယ်ရှားပေးဖွယ်ရှိသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း လူ့အခွင့်အရေးအဖွဲ့များကမူ တားဆီးနေကြသည်။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေက မြန်မာဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီတွေကို ဦးတည်ထားတာပါ” ဟု Human Rights Watch အဖွဲ့မှ John Sifton ကပြောသည်။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက နောက်ပြန်မသွားနိုင်တော့တဲ့အချိန်အထိ ပိတ်ဆို့မှုတွေကို မဖယ်ရှားသင့်ပါဘူး” ဟု ၎င်းကပြောသည်။

နိုင်ငံတကာနှင့် ကုန်သွယ်မှုကို ကူညီခြင်းဖြင့် မြန်မာနိုင်ငံ၏ မေ ျှာ်လင့်ချက်များကို တိုးတက်လာရန်အတွက် ဝါရှင်တန်က ဆုံးဖြတ်ထားသည်ဟု ရိုဒ့်က ပြောသည်။

“တချို့သော ပိတ်ဆို့အရေးယူမှုတွေကို လျော့ပေါ့ပေးပြီးပါပြီ။ ပိတ်ဆို့အရေးယူမှုတွေ လေ ျှာ့ပေးဖို့၊ ပိုမို ဆောင်ရွက်နိုင်ဖို့ အခွင့်အာဏာပေးဖို့ကို ဆောင်ရွက်နေပါတယ်။ ဒါတွေကို ကျွန်တော်တို့ ဆက်လက်ကြည့်ရှုဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.