ယှဉ်ပြိုင်မှု များပြားလာသဖြင့် ဟိုတယ်အခန်းခများ ကျဆင်းလာ

လာမည့်နှစ်အကုန်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဟိုတယ်ခန်း အရေအတွက်မှာ ၂၀၁၃ ခုနှစ်ကထက် သုံးဆခန့် တိုးလာမည်ဖြစ်သဖြင့် ခရီးသည်များအနေဖြင့် ဟိုတယ်အခန်းခဈေးနှုန်းများ ကျဆင်းလာမှု၏ အကျိုးကျေးဇူးကို ခံစားရမည်ဟု အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်သည့် Colliers International က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း ကမ္ဘာလှည့်ခရီးသည်နှင့် စီးပွားရေးဧည့်သည်များ လာရောက်မှု တိုးတက်လာမှုကြောင့် ဟိုတယ်အခန်းများ မလုံမလောက် ဖြစ်ခဲ့ရသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။ အလယ်အလတ်တန်းနှင့် အဆင့်မြင့်ဟိုတယ်များအကြား ပြိုင်ဆိုင်မှု တိုးမြင့်လာသည့်အတွက် ဈေးနှုန်းများလည်း လျော့ကျလာသည်ဟု ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့်ဟိုတယ်များတွင် ဇွန် ၃၀ ရက်နေ့အထိ အခန်းများ၏ ၄၂ ရာခိုင်နှုန်းသာ ပြည့်ခဲ့ပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လ ျှင် နှစ်ရာခိုင်နှုန်း ထပ်မံကျဆင်းသွားခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် ရှစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းဖွယ်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဈေးကွက်တွင်းရှိ အဆင့်မြင့် ဟိုတယ်များ၏ ပျမ်းမ ျှ အခန်းခများမှာလည်း ၂၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

အလယ်အလတ်တန်း ဟိုတယ်များ၏ နေ့စဉ်အခန်းခ ဈေးနှုန်းများမှာ အဆိုပါ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၀၁ မှ ဒေါ်လာ ၇၀ အထိ ၃၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။ သို့သော် အခန်းများ ငှားရမ်းရမှုမှာ အခန်းစုစုပေါင်း၏ လေးပုံသုံးပုံရှိနေပြီး ထိုအခြေအနေတွင် တည်ငြိမ်နေသည်။

လက်ရှိတည်ဆောက်နေသည့် စီမံကိန်းများကြောင့် အနာဂတ်တွင် ဈေးကွက်တွင်း ပြိုင်ဆိုင်မှုများ ထပ်မံပေါ်ပေါက်လာမည်ဖြစ်ရာ ခရီးသွားလုပ်ငန်း ထပ်မံတိုးတက်လာရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်စဉ်းစား သုံးသပ်မှုများ လိုအပ်မည်ဟု Colliers ၏ ဝေဖန်ဆန်းစစ်သူ မတင်သန္တာဦးကပြောသည်။

“နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဈေးကွက်ဟာ အခြေတည်စ အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဇိမ်ခံကမ္ဘာလှည့်ခရီးသည်တွေ အများအပြားကို စွဲဆောင်နိုင်ဖို့အတွက် အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေပါတယ်” ဟု ၎င်းက သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“ခရီးသွားလုပ်ငန်း လှုံဆော်မှုတွေကို အပြင်းအထန် လုပ်ဖို့လိုအပ်သလို အခြေခံအဆောက်အဦးတွေ အားနည်းနေမှုကိုလည်း ကိုင်တွယ်ဖို့ကလည်း အရေးကြီးပါတယ်” ဟု ၎င်းကပြောသည်။

ဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပေါ်လစီများကို ပြောင်းလဲပစ်ရန်နှင့် ဈေးကွက်ရှာဖွေရေး လှုပ်ရှားမှုများ ပြုလုပ်ရန် အစိုးရကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက တိုက်တွန်းထားကြသည်။

ခရီးသွားလုပ်ငန်းက ၂၀၁၅ ခုနှစ်တွင် နိုင်ငံ ဂျီဒီပီတွင် ငါးရာခိုင်နှုန်းအထိ ပါဝင်နေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ငါးနှစ်တာ စီးပွားရေး ပေါ်လစီတွင် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်ကာ ပါဝင်ခြင်းမရှိဟု ခရီးသွား လုပ်ငန်းရှင်များက Frontier ကို ပြီးခဲ့သည် သြဂုတ်လ၌ ပြောကြားခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားလုပ်ငန်း၌ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အလုပ်လုပ်ကိုင်နေသူ နှစ်သန်းအထိ ရှိလာမည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ပြီးခဲ့သည့် ဇွန်လက ခန့်မှန်းခဲ့သည်။

သို့သော် မြန်မာနိုင်ငံသို့ လာရောက်သည့် ဧည့်သည်အရေအတွက်အား တွက်ချက်ပုံနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနကို ဝေဖန်မှုများ ရှိနေသည်။ ပြီးခဲ့သည့်နှစ်က ခရီးသည် ၄ ဒသမ ၆ သန်း လာရောက်ခဲ့သည်ဟု စာရင်းများက ဖော်ပြနေသော်လည်း ထိုအထဲမှ သုံးပုံနှစ်ပုံမှာ အိမ်နီးချင်းနိုင်ငံများမှ နယ်စပ်ကို ဖြတ်ကျော်ပြီး နေ့ချင်းပြန် လာရောက်ကြသူများ ဖြစ်ကြသည်။ ကျန်အရေအတွက်တွင်လည်း စီးပွားရေးနှင့် လူမှုရေးအရ လာရောက်သူများ ပါဝင်နေသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသို့မူ ၂၀၁၅ ခုနှစ်က ကမ္ဘာလှည့်ခရီးသည် သန်း ၃၀ ခန့် လာရောက်ခဲ့ကာ တိုင်းပြည် ဂျီဒီပီ၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ခရီးသွားလုပ်ငန်းက အထောက်အကူ ပြုနေသည်။

သတင်း- ရှောင် ဂလေစင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.