မြစ်ဆုံကော်မရှင်ထံ သဘောထားအမြင်များ ပြောကြားခွင့် မရရှိခဲ့ဟု ဒေသခံအချို့ဆို

ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်က မြစ်ကြီးနားမြို့သို့ သွားရောက်ကာ ဒေသခံလူထု၏ သဘောထားများကို ရယူခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ဒေသခံအချို့ကမူ ၎င်းတို့၏ သဘောထားများအား ပြောကြားခွင့် မရရှိခဲ့ဟု ဆိုသည်။

“သူတို့ သတင်းထုတ်ပြန်ချက်မှာလို ရွာတွေကိုသွားရောက်ပြီး ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံပြီး သဘောထားများနှင့် ခံစားချက်များကို မေးမြန်းခဲ့တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ အောင်မြင်သာရွာကနေပြီးတော့ ကော်မရှင်ကို စက်တင်ဘာ ၁၅ ရက်နေ့က တည်းက ရွာကို လာရောက်ပြီး အေးဆေး စကားပြောဖို့ရန် စာပို့ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမပြန်ခဲ့ပါဘူး” ဟု စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အောင်မြင်သာကျေးရွာမှ ဦးတူးခေါင်က Frontier ကို ပြောကြားသည်။

ကော်မရှင်အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၆ ရက်နေ့တွင် မြစ်ဆုံရေအားလ ျှပ်စစ်စီမံကိန်း လုပ်ငန်းခွင်တည်ရှိရာနေရာသို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ရာ စီမံကိန်း ဆောင်ရွက်ခဲ့သည့် China Power Investment Corporation မှ တာဝန်ရှိသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခဲ့သည့် အချက်အလက်များကို ကော်မရှင်အဖွဲ့ဝင်များအား ရှင်းလင်းတင်ပြခဲ့သလို စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသည့် အောင်မြင်သာနှင့် မလိယန်ကျေးရွာများသို့ ကော်မရှင်အဖွဲ့ဝင်များ သွားရောက်ခဲ့ပြီး ဒေသခံ ရပ်မိရပ်ဖများ၊ ရွာသူရွာသားများနှင့် တွေ့ဆုံကာ ၎င်းတို့၏ သဘောထားများနှင့် ခံစားချက်များကို မေးမြန်းခဲ့သည်ဟု ကော်မရှင်က စက်တင်ဘာ ၁၉ ရက်နေ့၊ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသညထို့နောက် စက်တင်ဘာ ၁၈ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

“ကော်မရှင်အနေနဲ့ အဖွင့်အမှာ စကားပြောကြားပြီး၊ ပြည်သူလူထုတွေကို မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ သူတို့ရဲ့အမြင်ကို ငါးမိနစ်စာ ပြောကြားစေပြီးနောက် ကော်မရှင်အနေနဲ့ မြစ်ဆုံစီမံကိန်းရှိရာကို ကွင်းဆင်းကြည့်ရှု့ခဲ့ကြသလို ရွေ့ပြောင်းခံရွာများကိုလည်း သွားရောက်လေ့လာ မေးမြန်းခဲ့ပါတယ်” ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါင်က ပြောကြားသည်။

“ဒါကတော့ ပြည်သူလူထုတွေရဲ့ အသံကိုနားထောင်ပြီး၊ ကွင်းဆင်းလေ့လာတဲ့ အခမ်းအနားတစ်ခုပဲ ဖြစ်ပါတယ်လို့” ၎င်းက ပြောသည်။

ကော်မရှင်နှင့် တွေ့ဆုံစကားပြောခဲ့ကြသည့် အဖွဲ့ ၁၅ ဖွဲ့ထဲမှ ၁၄ ဖွဲ့က မြစ်ဆုံစီမံကိန်း ရပ်စဲရေးနှင့် ပတ်သက်ပြီး တင်ပြခဲ့ကြသော်လည်း လီဆူးရိုးရာ စာပေယဉ်ကျေးမှုအဖွဲ့ကတော့ အစိုးရအနေဖြင့် မြစ်ဆုံနှင့် ပတ်သက်ပြီး အကျိုးရှိအောင်လုပ်ပေးပါက သဘောတူကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“အဲဒါကတော့ သူများတွေ ဒီမြစ်ဆုံကိုရပ်ဖို့ တောင်းဆိုနေစဉ်မှာ သူတို့အနေနဲ့ ဒီလို ပြောတယ်ဆိုတော့ ဒီမြစ်ဆုံနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီး ဗဟုသုတရှိတဲ့ ပုံမပေါ်ပါဘူး” ဟု ဒေါ်ဂျာဆိုင်းခေါင်က ပြောသည်။

ကချင် ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့မှ ကိုစာဂျီးကမူ ကော်မရှင်နှင့် တွေ့ဆုံခွင့်ရရှိခဲ့သော အဖွဲ့များမှာ စာပေ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များသာ ဖြစ်သည်ဟု ပြောကြားသည်။

“ကျွန်တော်တို့ ဒီကော်မရှင်ရဲ့ အစည်းအဝေးကိုကြည့်ရသလောက် တကယ့် လူမှှုရေး၊ သဘာဝ ပတ်ဝန်းကျင်၊ သယံဇာတနဲ့ မြစ်ချောင်း အင်းအိုင် အစရှိတဲ့ လုပ်ငန်းတွေကို သေချာလုပ်နေတဲ့ CSOs တွေကို ပြောခွင့် မပေးဘူးဆိုတာ တွေ့ရပါတယ်။ ဒါပေမယ့် စာပေ ရိုးရာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေကိုတော့ ပြောခွင့်ပေးတာကိုတော့ ကျွန်တော်တို့ တော်တော်များများ သုံးသပ်မိကြပါတယ်” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ ဒီလူထုတွေ့ဆုံပွဲအတွက် စကားပြောဖို့ရန် အများကြီးပြင်ဆင်ခဲ့ကြပေမယ့် ကျွန်တော်တို့ အခွင့်အရေး မရခဲ့ကြပါဘူး”ဟု ၎င်းကပြောသည်။

ကော်မရှင်အဖွဲ့သည် မြစ်ဆုံစီမံကိန်းရှိရာကို သွားရောက်ခဲ့ကြသော်လည်း ရွေ့ပြောင်းခံခဲ့ရသည့် ကျေးရွာများသို့ သွားရောက်ခဲ့ခြင်းမရှိဟု ၎င်းက ပြောသည်။

“ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်အောင်ကို မြစ်ဆုံဆိပ်မှာ ကျွန်တော်တို့ သုံးမိနစ်စာ စကားပြောဖို့ မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် အချိန်မရှိဘူးဆိုပြီးတော့ ကျွန်တော်တို့ ပြောခွင့် မရခဲ့ပါဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ ကော်မရှင်ကု သြဂုတ် ၁၂ ရက်နေ့တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။ ကော်မရှင်အနေဖြင့် အစည်းအဝေး လေးကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကာ ဧရာဝတီ-မြစ်ဆုံမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ စာရွက်စာတမ်းများနှင့် အချက်အလက်များအား ဘက်စုံထောင့်စုံမှ လေ့လာစိစစ်သုံးသပ်နိုင်ရန် ဆောင်ရွက်နေဆဲဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ လေ့လာစိစစ်သုံးသပ်ရာတွင် ပြည်တွင်းပညာရှင်များသာမက လိုအပ်ပါက ပြည်ပညာရှင်များနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်၊ ဂေဟစနစ် အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊ စီမံကိန်းများဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေနှင့် ဧရာဝတီမြစ်၏ ရေသယံဇာတများ ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေများ၊ စီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှုအခြေအနေ၊ မြန်မာနိုင်ငံနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူတို့အကြား နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေး ညှိနှိုင်းဆောင်ရွက်နိုင်မည့်

နည်းလမ်းများ၊ ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ခံစားချက်များနှင့် သဘောထားအမြင်များ စသည်တို့ကို ထည့်သွင်းစဉ်းစားပြီး လေ့လာစိစစ် သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အစီရင်ခံတင်ပြနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.