နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မြန်မာနှင့် ရုရှား ကော်မတီများ ပထမအကြိမ် ဆွေးနွေး

လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော် စစ်အစိုးရလက်ထက်က ရုရှားနိုင်ငံနဲ့ သဘောတူညီခဲ့တဲ့ နျူကလီယားနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေရဲ့နောက်ဆက်တွဲအဖြစ် နှစ်ဖက်လုပ်ငန်းကော်မတီတွေကတစ်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကဏ္ဍတွေကို နေပြည်တော်မှာ အောက်တိုဘ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြပါတယ်။

ဒါဟာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ရုရှားနဲ့ အစိုးရချင်း သဘောတူထားတဲ့ အဆင့်မြင့်နျူကလီးယား အနုမြူစွမ်းအင် နည်းပညာတွေ ပံ့ပိုးပေးရေးဆိုင်ရာ သဘောတူညီမှု လုပ်ငန်းစဉ်ကတစ်ဆင့် ပေါ်ပေါက်လာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတုန်းက သဘောတူညီမှုထဲမှာ ၁၀ မဂ္ဂါဝပ်ရှိတဲ့ အနုမြူဓါတ်ပေါင်းဖိုတစ်လုံးနဲ့ ဆေးပညာသုံး အနုမြူဓါတ်ခွဲခန်းတစ်ခု တည်ဆောက်ရေး၊ နျူကလီးယား စွန့်ပစ်အညစ်အကြေး ထိန်းသိမ်းရေးနဲ့ မြှုပ်နှံရေးအစီအမံတွေ ပါဝင်တယ်လို့ RFA သတင်းဌာနက ရေးသား ဖော်ပြဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

“အရပ်ဘက်သုံး စမ်းသပ်ဓာတ်ပေါင်းဖိုတစ်ခုလုပ်ဖို့ အရင်က စီစဉ်ခဲ့တယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်သုံးသပ်တာရှိတယ်။ အဲဒီတုန်းက နိုင်ငံရေးအခြေအနေအရ ဒီဟာကို လုပ်တယ်ဆိုရင် မြန်မာနိုင်ငံအပေါ် သံသယတွေပိုမိုကြီးထွားနိုင်တဲ့အတွက် မလုပ်တော့ဘူးလို့ ပြောလိုက်တယ်” လို့ ပြီးခဲ့တဲ့ အစိုးရလက်ထက်ကစပြီး နိုင်ငံတော် သမ္မတရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးဇော်ဌေးက Frontier ကို ပြောပါတယ်။

၂၀၁၀ ပြည်နှစ်မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲအပြီးမှာ အာဏာရရှိလာတဲ့ အရပ်သားတစ်ပိုင်း သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ တာဝန်ယူစဉ် ၂၀၁၁ ခုနှစ်မှာတော့ အခြားနိုင်ငံတွေနဲ့ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းထားမယ်လို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတစ်ဆင့် နိုင်ငံတကာကို သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ခါနီး ၂၀၁၅ ခုနှစ်၊ မတ်လအတွင်းမှာ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံက Rosatom ခေါ် ရုရှားအနုမြူစွမ်းအင် အေဂျင်စီတို့အကြား အဆင့်မြင့် နျူကလီးယား အနုမြူနည်းပညာရပ်တွေ ပံ့ပိုးကူညီနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေဖန်တီးဖို့ နားလည်မှု စာချွန်လွှာတစ်ခု (MOU) တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သဘောတူညီချက်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီးဦးကိုကိုဦးနဲ့ Rosatom ရဲ့ ညွှန်ကြားရေးမှူးချုပ်တို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ Rosatom က ၂၀၁၅ ခုနှစ်၊ ဇွန် ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ နျူကလီးယားစွမ်းအင်ကဏ္ဍမှာ အပြန်အလှန်ဆောင်ရွက်ဖို့အတွက် ရုရှားနဲ့ မြန်မာနိုင်ငံတို့အကြား သမိုင်းတစ်လျောက် ပထမဆုံးအကြိမ် ဥပဒေကြောင်းအရ အခြေခံအုတ်မြစ်ချလိုက်ခြင်းလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် နှစ်နိုင်ငံလုပ်ငန်းကော်မတီတွေ အခုလိုတွေ့ဆုံဖို့ အကြောင်းပေါ်ပေါက်လာခြင်းလည်း ဖြစ်ပါတယ်။

“နှစ်ဖက် လုပ်ငန်းကော်မတီတွေကနေပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေ ဆွေးနွေးကြမယ်ဆိုတဲ့အချက်ကို ဆောင်ရွက်ကြတာပါ။ သူတို့ရဲ့ စိတ်ဝင်စားမှု၊ ကျွန်တော်တို့ရဲ့ စိတ်ဝင်စားမှု ဒါတွေကို ဆွေးနွေးကြတာပါ” လို့ ပညာရေးဝန်ကြီးဌာန၊ အနုမြူစွမ်းအင်ဌာန တာဝန်ခံ ဒေါက်တာခင်မောင်လတ်က ဆိုတယ်။

Rosatom Asia Pte Ltd ရဲ့ ဒေသတွင်း ဒုတိယဥက္ကဋ္ဌ Mr.Egor Simonov ကလည်း “ကျွန်တော်တို့အနေနဲ့ အခြေခံကိစ္စတွေ ဆွေးနွေးနေပါတယ်။ ဘုံသဘောတူညီချက်တွေ ရရှိဖို့ လုပ်ဆောင်နေကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မြန်မာအစိုးရဖက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံအပြီး နောက်တစ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ မီဒီယာအချို့နဲ့ နေပြည်တော်က ဟီလ်တန်ဟိုတယ်မှာ တွေ့ဆုံစဉ်သူက အခုလိုပြောကြားတာဖြစ်ပါတယ်။

ယခင်အစိုးရလက်ထက်က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အစိုးရပြောင်းသွားချိန်မှာလည်း သဘောတူညီချက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ယခင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ကနေ ယခုအစိုးရလက်ထက်မှာ ဝန်ကြီးဌာနတွေ ပေါင်းစည်းလိုက်လို့ ပညာရေးဝန်ကြီးဌာနလက်အောက် ရောက်သွားတဲ့ အနုမြူစွမ်းအင်ဌာနရဲ့ တာဝန်ခံ ဒေါက်တာခင်မောင်လတ်ကတော့ “ဘာသဘောတူညီချက်မှ မရှိပါဘူး။ ကျွန်တော်တို့က ဆွေးနွေးချက်တွေကို သက်ဆိုင်ရာလူကြီးတွေကို တင်ပြပြီး လမ်းညွှန်မှု ခံယူရဦးမယ်။ နှစ်နိုင်နိုင်ငံချစ်ကြည်ရေးကိုရှေးရှုပြီး တွေ့တာပေါ့” လို့ Frontier ကိုပြောတယ်။

ဒါ့အပြင် ရုရှားနဲ့ လက်မှတ်ထိုးထားတဲ့ MOU ဟာ တစ်ဖက်ဖက်က ရပ်လိုက်ချင်ရင် ကြိုတင်အကြောင်းကြားရုံနဲ့ ပြီးစီးနိုင်တဲ့အဆင့်သာဖြစ်တယ်လို့လည်း သူက အတည်ပြု ပြောကြားပါတယ်။

ရှရှားကုမ္ပဏီဖက်က နျူကလီယားနည်းပညာပံ့ပိုးတာကို စွမ်းအင်ထုတ်တဲ့ကဏ္ဍမှာ အသုံးချဖို့ ပိုမိုလိုလားပေမယ့် မြန်မာနိုင်ငံဖက်ကတော့ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ရေအရင်းအမြစ်ရှာဖွေရေးတို့လို့ စွမ်းအင်မထုတ်တဲ့ ကဏ္ဍပိုင်းမှာပဲ သုံးစွဲဖို့ ဆန္ဒရှိနေတယ်လို့လည်း ဒေါက်တာခင်မောင်လတ်က ဆက်လက်ပြောကြားပါတယ်။

ရုရှားဖက်ကလည်း ဒါကိုနားလည်ထားပုံရပြီး လက်ရှိအချိန်မှာ စိုက်ပျိုးရေး၊ ဆေးဝါးကုသမှု၊ လူသား အရင်းမြစ်ပြုစုပျိုးထောင်ရေး၊ သိပ္ပံနည်းပညာစတဲ့ကဏ္ဍတွေမှာ အဓိက ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေတာဖြစ်တယ်လို့ Mr.Egor Simonov က ဆိုတယ်။

“ပမာဏကြီးမားတဲ့ နျူကလီးယားစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ လောလောဆယ် မဆွေးနွေးသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ရင် နျူကလီးယားစွမ်းအင်ဆောင်ရွက်မယ့် တည်နေရာ၊ အခြေခံ အဆောက်အဦ၊ စိတ်ချယုံကြည်ရလောက်တဲ့ တည်ဆောက်မှု စတာတွေကို ဆွေးနွေးဖို့ လိုပါသေးတယ်” လို့ သူက ပြောပါတယ်။

လုပ်ငန်းကော်မတီချင်းတွေ့ဆုံမှုမှာ မြန်မာဖက်က ဦးဆောင်ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်လတ်ကလည်း အစိုးရသစ်ရဲ့ နျူကလီးယားစွမ်းအင်မူဝါဒကလည်း သေချာမသိရသေးတာကြောင့် နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA)နဲ့ အဓိက ပူးပေါင်းဆောင်ရွက်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးကိစ္စတွေမှာပဲ နျူကလီးယားစွမ်းအင်ကို သုံးစွဲနေဦးမယ်ဆိုတဲ့အကြောင်း Rosatom ကုမ္ပဏီဖက်ကို ထပ်မံအတည်ပြုလိုက်တယ်လို့ ဆိုတယ်။

ဒီတွေ့ဆုံမှုအကြောင်း တရားဝင် ပူးတွဲသတင်းထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်နိုင်ဖို့ ပညာရေးဝန်ကြီးဌာနကို တင်ပြထားပြီး မကြာမီအသိပေးဖို့ရှိတယ်လို့လည်း ဒေါက်တာခင်မောင်လတ်က ပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၅၇ ခုနှစ်ကတည်းက နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး၊ ၁၉၉၂ ခုနှစ်မှာ NPT ခေါ် အနုမြူမပြန့်ပွားရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၈ ကနေ ၂၀၁၀ ပြည်နှစ်အထိ အုပ်ချုပ်ခဲ့တဲ့ တပ်မတော်အစိုးရလက်ထက်မှာတော့ ရုရှားနဲ့ မြောက်ကိုရီးယားတို့နဲ့ နျူကလီးယားဆိုင်ရာ ပတ်သက်မှုတွေ ရှိနေတယ်ဆိုပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။

၂၀၁၃ စက်တင်ဘာလအရောက် IAEA နဲ့ နောက်ဆက်တွဲစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာမှ မြန်မာရဲ့ နျူကလီးယားကိစ္စဆောင်ရွက်ချက်တွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ကျသွားခဲ့ပါတယ်။ အဲဒီစာချုပ်မှာ ကုလသမဂ္ဂ နိုင်ငံတကာအနုမြူအေဂျင်စီ IAEA ဟာ နျူကလီးယားကိစ္စတွေနဲ့ပတ်သက်ပြီး ကြိုတင် အကြောင်းကြားစရာမလိုဘဲ မြန်မာနိုင်ငံကို အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်ကြောင်း ပါဝင်ပါတယ်။

မြန်မာနဲ့ လာရောက်ဆွေးနွေးနေတဲ့ ရုရှားရဲ့ Rosatom ဟာ အာဆီယံဒေသတွင်းက အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတို့အပြင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံ ၃၆ ခုမှာ နျူကလီးယားစွမ်းအင်ထုတ် အဆောက်အုံတည်ဆောက်ခြင်းနဲ့ စီမံလည်ပတ်ခြင်းတို့ကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.