အရှေ့တောင်အာရှနှင့် ပစိဖိတ်အနားသတ်ဒေသတွင် မြန်မာက ရုရှား၏ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်ကာ နှစ်နိုင်ငံဆက်ဆံရေးတွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက အဓိကကျသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားကြောင်း ရုရှားသတင်းဌာနတစ်ခုက သြဂုတ် ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu တို့ မော်စကို၌ သြဂုတ် ၂၁ ရက်နေ့က တွေ့ဆုံစဉ် ၎င်းက ပြောကြားခြင်းဖြစ်သည်။
“အရှေ့တောင်အာရှနဲ့ ပစိဖိတ်အနားသတ်ဒေသတွင်းမှာ မြန်မာက ရုရှားရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ကျွန်တော်တို့က သတ်မှတ်ထားပါတယ်။ ရုရှားမြန်မာ ဆက်ဆံရေးတစ်ခုလုံးမှာ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုက အဓိကကျပါတယ်” ဟု ရုရှားကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ကာကွယ်ရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများမှာ နှစ်စဉ် တိုးတက်နေသည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အသင်းက International Army Games မှာ ပါဝင်ခဲ့ရတာကို ဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ဒီလိုပွဲမျိုးမှာ ပါဝင်ခွင့်ရရှိခြင်းအားဖြင့် ရုရှားစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အတွေ့အကြုံတွေရရှိဖို့အတွက် ကြီးမားတဲ့အခြေခံကို ရရှိစေမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရှရှားနိုင်ငံ၌ မကြာသေးမီက ကျင်းပခဲ့သည့် International Army Games တွင် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာနှင့် စစ်ဘက်နည်းပညာပိုင်း ဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် ပြဿနာများ ဖြေရှင်း ဆောင်ရွက်ရာတွင် ရုရှားနိုင်ငံမှ ထောက်ခံအားပေး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့သည် သြဂုတ် ၂၂ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတကာစစ်ဘက် နည်းပညာဖိုရမ် (Army Forum-2018) ရှိ စစ်ဘက်နည်းပညာပြခန်းများနှင့် ရုရှားနိုင်ငံမှ အသုံးပြုလျက်ရှိသည့် လေကြောင်း ရန်ကာကွယ်ရေး လက်နက်စနစ်များ၊ သံချပ်ကာယာဉ်များ၊ တင့်ယာဉ်များ၊ လေယာဉ်များနှင့် စစ်ဘက်သုံး ပစ္စည်းများအား လိုက်လံကြည့်ရှု လေ့လာကြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံက ရုရှားမှ အမေရိကန်ဒေါ်လာ ၂၃၉ သန်းတန်ဖိုးရှိသည့် ကုန်စည်များကို ဝယ်ယူတင်သွင်းခဲ့သည်။ ထိုအထဲမှ ၇၈ ရာခိုင်နှုန်းကျော်မှာ စက်ပစ္စည်း၊ ကိရိယာများနှင့် မော်တော်ယာဉ်များ ဖြစ်သည်။
လာမည့်နှစ်နှစ်အတွင်း မြန်မာက ရုရှားမှ Yak-130 လေ့ကျင့်တိုက်ခိုက်ရေးလေယာဉ် ခြောက်စီးဝယ်ယူမည်ဖြစ်ကာ Su-30 တိုက်လေယာဉ်ခြောက်စီးဝယ်ယူရန်လည်း စီစဉ်နေသည်။