နေပြည်တော်၊ ဖေဖော်ဝါရီ ၁
ဥပဒေပြုရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့် ပြည်နယ်နှင့် တိုင်းလွှတ်တော်လုပ်ငန်းများအား အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုမှ ခွဲထွက်ကာ ကိုယ်ပိုင်ရုံးဝန်ထမ်းများဖြင့် အစားထိုး ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေတစ်ခု ပြဋ္ဌာန်းမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က Frontier ကို အတည်ပြုပြေကြားသည်။
“ဥပဒေပြဋ္ဌာန်းဖို့ လုပ်နေပါတယ်။ ဝန်ထမ်းဖွဲ့စည်းပုံရှိဖို့ သူ့လွှတ်တော်နဲ့ သူ့ဝန်ထမ်းနဲ့သူ ဖြစ်ဖို့ပါ”ဟု ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော်၌ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး အားလပ်ချိန်အတွင်း Frontier ကို ၎င်းကပြောကြားသည်။
ထိုသို့ စီစဉ်ရန် ဇန်နဝါရီ ၁၅ နှင့် ၁၆ ရက်နေ့များက နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ဝန်းအတွင်း ပြုလုပ်သော ပြည်ထောင်စုအဆင့်နှင့် တိုင်းပြည်နယ်အဆင့် လွှတ်တော်ဥက္ကဋ္ဌများ၏ အစည်းအဝေး၌ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကာ ဧပြီ ၁ ရက်နေ့မတိုင်မီ အပြီးဆောင်ရွက်မည်ဖြစ်သည်။
“လက်ရှိက ပြည်နယ်နဲ့ တိုင်းလွှတ်တော်ရုံးတွေအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကနေလာပြီး အလုပ်လုပ်ပေးနေတာ။ အခုအဲဒီဝန်ထမ်းတွေထဲက လွှတ်တော်ရုံးဖက်မှာ ကျန်ခဲ့မယ့်သူ၊ မိခင်ဌာနကိုပဲ ပြန်သွားမယ့်သူတွေ စာရင်းပြုစုနေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က Frontier ကိုပြောသည်။
အသစ်ပေါ်ထွန်းလာမည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ လွှတ်တော်ရုံးများသည် ပြည်ထောင်စုလွှတ်တော်ကို မိခင်ဌာနအဖြစ်သတ်မှတ်၍ လုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“လွှတ်တော်ဝန်ထမ်းတွေက အစိုးရအဖွဲ့ဌာနတစ်ခုအောက်မှာ မဟုတ်တော့ဘူးပေ့ါ”ဟု ဦးအောင်ကျော်ခိုင်က ဆိုသည်။
သို့သော် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကမူ အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ထုတ်ဖော်ပြောဆိုရန် အကြောင်းတစ်စုံတစ်ရာ မရှိသေးဟု ဆိုသည်။
၂၀၁၀ ပြည့်နှစ်တွင် လွှတ်တော်များ စတင်ပေါ်ပေါက်လာပြီးနောက်ပိုင်း စောင့်ကြည့်လေ့လာ၍ အစီရင်ခံစာများ ထုတ်ပြန်လေ့ရှိသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၊ သုတေသနဒါရိုက်တာ ဦးထင်ကျော်အေးကမူ အဆိုပါ အပြောင်းအလဲသည် လွှတ်တော်တို့၏ ဝန်ထမ်းဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စ သက်သက်သာဖြစ်သည်ဟု ရှုမြင်ကြောင်း ပြောကြားသည်။
“တိုင်းပြည်နယ်လွှတ်တော်တွေက အရင်ကတော့ ဝန်ထမ်းဖွဲ့စည်းပုံမရှိဘူး၊ သီးခြားဝန်ထမ်းမရှိဘူး။ အခုလိုစီစဉ်တော့ လွှတ်တော်လုပ်ငန်းတွေ ပံ့ပိုးကူညီတဲ့ကိစ္စတွေမှာ ဒီထက်ပိုကောင်းလာမယ်လို့တော့ထင်ပါတယ်” ဟု ၎င်းက Frontier ကိုပြောသည်။
ထိုသို့ စီစဉ်ပြီးပါက လက်ရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ရုံးများကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ရုံးများသည်လည်း ကိုယ်ပိုင်ဝန်ထမ်းများဖြင့် သီးခြားရပ်တည်လာနိုင်မည် ဖြစ်သည်။
သတင်း-ဉာဏ်လှိုင်လင်း