သူနာပြုလိုအပ်ချက်မြင့်၍ သုံးနှစ်တာဝန်ပေးရဟု အစိုးရက တုံ့ပြန်၊ တောင်းဆိုချက်များကို ညှိနှိုင်း ဖြေရှင်းမည်ဟုဆို

နေပြည်တော်၊ မတ် ၁၇

အစိုးရဆေးရုံပေါင်း ၁,၁၂၃ ရုံတွင် လိုအပ်သော သူနာပြုနှင့် သားဖွားဦးရေ၏ ၅၀ ရာခိုင်နှုန်းနီးပါးကိုသာ ခန့်အပ်ထားနိုင်သည့် အခြေအနေရှိနေသဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုလိုင်စင် ထုတ်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူတို့က ပြောကြားသည်။

နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှ လိုင်စင်ထုတ်ပေးခြင်းအပါအဝင် ဝန်ကြီးဌာန၏ အခြားသော ညွှန်ကြားချက်များကို ကန့်ကွက်ကြောင်း ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ဦးဆောင်ကာ အင်အား ၅၀၀ ကျော်ဖြင့် ရန်ကုန်မြို့တွင် မတ် ၁၅ ရက်က ဆန္ဒပြကြပြီး နောက်တစ်ရက်တွင် နေပြည်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း တာဝန်ရှိသူတို့က ထိုသို့ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

“ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် သူနာပြုတွေ လိုအပ်နေပါတယ်”ဟု ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာမြင့်ဟန်က ပြောသည်။

အဆိုပါ ကန့်ကွက်ဆန္ဒပြမှုမှာ ဖေဖော်ဝါရီ ၁ ရက်နေ့၊ ရက်စွဲဖြင့် ထုတ်ပြန်သော ဝန်ကြီးဌာန၏ ညွှန်ကြားစာကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အဆိုပါစာထဲတွင် နိုင်ငံ့တာဝန်သုံးနှစ် တာဝန်ထမ်းဆောင်ပြီးသော သူနာပြုတက္ကသိုလ်၊ သင်တန်းကျောင်းဆင်းများကိုသာ ပုဂ္ဂလိက ဆေးရုံများတွင် အမြဲထမ်းဝန်ထမ်းအဖြစ် ခန့်အပ်ကြရန်တို့ကို ညွှန်ကြားထားသည်။

ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတို့ကမူ သူနာပြုတက္ကသိုလ်နှင့် ကျောင်းများ ဝင်ခွင့်လျှောက်ထားစဉ်က တည်းက ကျောင်းသား ကျောင်းသူတို့က သုံးနှစ်တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိပြုပြီးဖြစ်ခြင်း၊ သုံးနှစ် မပြည့်သေး၍ လိုင်စင်မရသေးသော်လည်း ထုတ်ပေးထားသော သူနာပြုလုပ်ငန်းဆိုင်ရာ မှတ်ပုံတင်ဖြင့် နိုင်ငံ့ တာဝန်ချိန်ပြင်ပတွင် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ၌ လွတ်လပ်စွာ တာဝန်ထမ်းဆောင်ခွင့်ပြုထားပြီးဖြစ်သည်ဟု ပြောကြားကြသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူတို့၏ တောင်းဆိုချက်များကို ဖြေရှင်းပေးနိုင်ရန် ခုနစ်ဦးပါအဖွဲ့ကို ဝန်ကြီးဌာနက ဖွဲ့စည်း တာဝန်ပေးထားပြီး လိုလားချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်နိုင်ဝင်း ပြောကြားသည်။

‘‘ဒီအဖွဲ့လေးကနေမှ ကျွန်တော်တို့ အသံတွေ နားထောင်မယ်။ လိုအပ်ချက်က ဘာလဲ။ ကျွန်တော်တို့ဘက်က ဘာတွေ လုပ်ပေးနိုင်မလဲ။ ကျွန်တော်တို့က နားထောင်ရမှာပါ။ စိတ်မပူပါနဲ့။ နစ်နာစေလိုတဲ့သဘောနဲ့ ဆောင်ရွက်ထားခြင်းမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် အမြန်ဆုံး ဆောင်ရွက်သွားမှာပါ’’ ဟု ၎င်းက ဆိုသည်။

ထို့အတူ သူနာပြုတက္ကသိုလ်နှင့် သင်တန်းကျောင်းဆင်းများ လုပ်ငန်းခွင်မဝင်ရောက်ကြသော အခြေအနေများကိုလည်း ဝန်ကြီးဌာနက လေ့လာသုံးသပ်နေပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် စီမံနေပြီဟု တာဝန်ရှိသူတို့က အသိပေးသည်။

“သင်တန်းဆင်းတွေရဲ့ ၂၅ ရာခိုင်နှုန်း၊ သူနာပြုလေးဦးမှာ တစ်ဦးနှုန်းက ပြည်သူ့ဆေးရုံတွေမှာ ပြည်သူတွေ အကျိုးကို ဖော်ဆောင်နေတဲ့ဆေးရုံတွေကို ဝင်ရောက်ခြင်းမရှိကြပါဘူး” ပါမောက္ခဒေါက်တာမြင့်ဟန်က ပြောသည်။

သူနာပြုများကို ဒုတိယဦးစီးမှုးအဆင့် သတ်မှတ်ခန့်ထားရန် စီစဉ်ဆောင်ရွက်နေပြီဟု ဒေါက်တာသက်နိုင်ဝင်းက အသိပေးသော်လည်း မည်သည့်အချိန်တွင် အတည်ဖြစ်မည်ကိုမူ အတိအကျမပြောနိုင်သေးဟု ဆိုသည်။

သူနာပြုဦးရေ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပြီး လက်ရှိတွင် တစ်နှစ်ဦးရေ ၁,၅၀၀ မှ ၂,၂၀၀ ဦးအထိ မွေးထုတ်ပေးနိုင်ရန် ဝန်ကြီးဌာနက စီမံဆောင်ရွက်နေသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ခုတင် ၅၀၀ ဆံ့ ကလေးဆေးရုံ (မန္တလေး) မှ လာရောက်၍ တက်ရောက်သူ သူနာပြု မမေသူနှင်းက တာဝန်ရှိသူများအနေဖြင့် တောင်းဆိုထားချက်များအပေါ် တိကျသော အဖြေပေးနိုင်ခြင်း မရှိသေးဟု ပြောကြားသည်။

“ကျွန်မတို့ဘက်က လိုချင်တဲ့ အဖြေတခု၊ ပွင့်လင်းမြင်သာတဲ့ အဖြေတစ်ခု၊ ထွက်မလာမချင်း တစ်ခုခုကို လုပ်ဆောင်သွားပါမယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နိုင်ပါတယ်။ အားလုံးကိုယ်စား ပြောပါတယ်။ ကျွန်မတို့ အကုန်လုံး စဉ်းစားပါမယ်။ အားလုံး နှိုင်းဆချင့်ချိန်ပြီးမှ လုပ်ပါမယ်”ဟု ၎င်းက သတင်းစာရှင်းလင်းပွဲအပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

၎င်းတို့၏ တောင်းဆိုချက်များကို ပြေလည်အောင်မဖြေရှင်းပေးပါက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ သူနာပြုဝန်ထမ်းများ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြမည်ဟူသော သတင်းစကားများလည်း ထွက်ပေါ်လျှက်ရှိသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar