မန္တလေး၊ သြဂုတ် ၇
ဦးဝီရသူအပေါ်ရေးသားချက်ကို အခြေအမြစ်မရှိဝေဖန်သည်ဟု စွပ်စွဲပြီး Myanmamr Now သတင်းဌာန၏ အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲဆိုခဲ့သူ ဦးကျော်မျိုးရွှေကို အစိုးရအားဆန့်ကျင်သည့် မန္တလေး သပိတ်တွင် ပါဝင်ခဲ့မှုအတွက် ယနေ့ တရားခွင်အပြီးတွင် ဖမ်းဆီးလိုက်သည်။
ကိုဆွေဝင်းကို တရားလိုပြုအမှုဖွင့်ထားသည့် ဦးကျော်မျိုးရွှေကို ယခုတပတ်အစောပိုင်းက မန္တလေး၊ သသနာ ၂၅၀၀ ဓမ္မရုံရှေ့တွင် အစိုးရကို ဆန့်ကျင်ဆန္ဒပြသည့်အုပ်စုတွင် ပါဝင်မှုဖြင့် လွန်ခဲ့သည့် ၂ ရက်က ချမ်းမြသာစည် အမှတ် (၁၀) ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားခဲ့ခြင်းဖြစ်သည်။
သြဂုတ် ၅ နံနက်က မန္တလေးရှိ အစိုးရဆန့်ကျင်သပိတ်ကို ဖြိုခွင်းခဲ့ရာမှ ဘုန်းကြီး ၆ ပါးကို ဖမ်းဆီးခဲ့ပြီး ဘုန်းကြီး ၂ ပါးနှင့် လူ ၅ ယောက် ထွက်ပြေးသွားခဲ့သဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ရသည်။ အဆိုပါ လူ ၅ ယောက်တွင် ဦးကျော်မျိုးရွှေ ပါဝင်နေခြင်းဖြစ်သည်။
ရန်ကုန်တွင် ကိုဆွေဝင်းကို ဖမ်းဆီးခဲ့ပြီး ပထမဆုံးအကြိမ် မန္တလေးတွင် ရမန်ယူခဲ့ရာတွင် ဦးကျော်မျိုးရွှေ ရောက်ရှိလာခဲ့ခြင်း မရှိပေ။ သို့သော် ယနေ့ မဟာအောင်မြေတရားရုံးတွင် ကိုဆွေဝင်းကို စတင်ရုံးထုတ်ရာတွင် ဦးကျော်မျိုးရွှေ ရောက်ရှိလာသည်ကို တွေ့ရှိရသည်။
_tzh3938_1.jpg
title=
ဦးကျော်မျိုးရွှေသည် မဟာအောင်မြေ တရားရုံးသို့ နံနက် ၁၁ နာရီခန့်တွင် ရောက်ရှိလာခဲ့သော်လည်း ၎င်းကို ဖမ်းဝရမ်းထုတ်ထားသည့် ချမ်းမြသာစည် အမှတ် (၁၀) ရဲစခန်းက လာရောက် ဖမ်းဆီးခြင်း မရှိပေ။ တရားရုံးစတင်သည့် ၁၁ နာရီ ၅၂ မိနစ်အချိန်တွင် ဦးကျော်မျိုးရွှေရောက်ရှိလာခဲ့ပြီး ကိုဆွေဝင်း၏ရှေ့နေက “ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူ (ဦးကျော်မျိုးရွှေ) ကို တရားခွင်တွင် ဆုံးဖြတ်ချက်တခုအရင်ချပြီးမှ ဒီအမှုကို ဆက်လက် စစ်ဆေးပေးရန်” လျှောက်တင်ခဲ့သည်။ သို့သော် ကိုကျော်မျိုးရွှေ၏ ရှေ့နေက “စာရွက်စာတမ်း တစုံတရာဖြင့် တင်ပြခြင်း မဟုတ်ဘဲ လေဖြင့် ပြောနေသည့်အတွက် တရားလို ဦးကျော်မျိုးရွှေကို ၅၀၅ (ခ) ဖြင့် ဖမ်းဝရမ်း ထုတ်ထားသည့်ကိစ္စကို ဒီတရားရုံးတွင် အမိန့်တစုံတရာ မချရန် ကန့်ကွက်ခဲ့သည်။
ငါးမိနစ်ခန့် ကြာမြင့်ပြီးနောက် တရားသူကြီးက တရားခွင်ကိုရပ်တန့်ခဲ့ပြီးနောက် သုံးမိနစ်အကြာတွင် ပြန်စတင်ခဲ့ကာ ဦးကျော်မျိုးရွှေကို ၅၀၅ (ခ) နှင့် ဖမ်းဝရမ်းထုတ်ထားသည့်ကိစ္စနှင့်ပတ်သက်၍ “နည်းလမ်းတကျ လုပ်ဆောင်ရန် ညွှန်ကြားလိုက်သည်” ဟု အမိန့်ချလိုက်သည်။
ထို့နောက် အမှုကို ယခုလ ၂၁ ရက်သို့ ရုံးချိန်းသတ်မှတ်လိုက်ပြီး တရားခွင်ကို ရပ်နားခဲ့သည်။ ထို့နောက် တရားလို ဦးကျော်မျိုးရွှေကို ရဲက ခေါ်ဆောင်သွားရာ တရားရုံးအောက်မှ လူအုပ်ကြီးက “ဝမ်းသာတယ်၊ ဝမ်းသာတယ်” ဟု လက်ခုပ်တီးအော်ဟစ်ခဲ့ပြီး “အောက်တန်းစား၊ အောက်တန်းစား” ဟုလည်း အော်ဟစ်ခဲ့ကြသည်။
ကိုဆွေဝင်း တရားရုံးထုတ်တွင် ရန်ကုန်မှ ဝန်းရံသူအချို့အပါအဝင် မန္တလေးရှိ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုကိုလည်း လာရောက်ခဲ့သည်ကို တွေ့ရသည်။
ဦးကျော်မျိုးရွှေသည် အာမခံမရသည့် ပုဒ်မ ၅၀၅(ခ) ဖြင့်ဖမ်းဆီးခံရခြင်း ဖြစ်သည့်အတွက် ၎င်းကို မန္တလေး အိုးဘိုထောင်သို့ ပို့ဆောင်တော့မည်ဖြစ်သည်။
ကိုဆွေဝင်းသည် “မဘသအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်” ဟူသည့် စွပ်စွဲချက်ဖြင့် မတ်လ ပထမပတ်ကတည်းက မန္တလေးတွင် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။ ကိုဆွေဝင်းသည် ထိုင်းနိုင်ငံသို့သွားရန် ရန်ကုန်လေဆိပ်သို့ ရောက်ရှိနေချိန် ဇူလိုင် ၃၀ တွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။
ထို့နောက် မင်္ဂလာဒုံရဲစခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ၃၁ ရက်၊ နံနက် ၇ တွင် မင်္ဂလာဒုံတရားရုံးတွင် ချုပ်ရမန်ယူခဲ့သည်။
ရန်ကုန်မှတဆင့် မန္တလေးရဲများထံ လွှဲပြောင်းခဲ့ပြီး ကိုဆွေဝင်း၏ အာမခံလျှောက်ထားမှုကို မဟာအောင်မြေတရားရုံးက ခွင့်ပြုခဲ့သည်။
သတင်း-မြတ်ကျော်သူ