အောက်တိုဘာ ၁၂
ရိုဟင်ဂျာလူနည်းစုများအပေါ် “အင်အား မလျော်မကန်အသုံးပြုခဲ့သည်” ကို ကန့်ကွက်သည့်အနေဖြင့် ဥရောပသမဂ္ဂ (အီးယူ)က မြန်မာတပ်မတော်ခေါင်းဆောင်များနှင့် ဆက်ဆံရေးဖြတ်တောက်မည်ဖြစ်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
ပြီးခဲ့သည့်သြဂုတ်လက စတင်ခဲ့သည့် တပ်မတော်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများကြောင့် လူပေါင်း ငါးသိန်းခန့် ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးနေရသည့် ကိစ္စနှင့်ပတ်သက်ပြီး အခြေအနေ တိုးတက်မှုမရှိပါက အရေးယူမှုများ ဆောင်ရွက်သွားရန်လည်း အီးယူက စဉ်းစားသွားမည်ဖြစ်သည်။
လူအများအပြား အလျှင်အမြန် ထွက်ပြေးနေကြခြင်းက “လူနည်းစုများအား မောင်းထုတ်ရန် တမင်ရည်ရွယ် လုပ်ဆောင်နေသည်” ကို ခိုင်မာစွာပြသနေသည်ဟု အီးယူသံအမတ်များက အတည်ပြုထားပြီး နိုင်ငံခြားရေးဝန်ကြီးများက လာမည့်တနင်္လာနေ့တွင် လက်မှတ်ရေးထိုးမည့် သဘောတူညီချက်တွင် ဖော်ပြထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားကို မလျော်မကန်အသုံးပြုနေသည့်အတွက် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများအား ဖိတ်ခေါ်မှုများကို ဥရောပသမဂ္ဂက ဆိုင်းငံ့ထားမည်ဖြစ်ပြီး ကာကွယ်ရေးဆိုင်ရာ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပြန်လည်သုံးသပ်သွားမည်ဟု သဘောတူညီချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အကြမ်းဖက်မှုများ ရပ်တန့်ရန်လည်း နှစ်ဖက်လုံးကို တိုက်တွန်းထားသည်။
ပြည်တွင်းဖိနှိပ်မှုများအတွက် အသုံးပြုနိုင်သည့် လက်နက်များနှင့် ကိရိယာများ မြန်မာနိုင်ငံသို့ တင်ပို့မှုကို အီးယူက လက်ရှိအချိန်တွင် တားမြစ်ထားပြီး အခြေအနေများ တိုးတက်မှုမရှိပါက ထပ်မံဆောင်ရွက်သင့်သည်များကို စဉ်းစားသွားမည်ဟု ၎င်းတို့က ပြောကြားသည်။
ဆင်းရဲပြီး လူဦးရေထူထပ်ပြည့်ကြပ်နေသည့် ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ဒုက္ခသည်များ အစုလိုက်ဝင်ရောက်လာမှုမှာ ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း နည်းပါးခဲ့သော်လည်း ယခုအခါ ပြန်လည်မြင့်တက်လာပြီး ပြီးခဲ့သည့် တနင်္လာနေ့ တစ်ရက်ထဲတွင် အသစ်ဝင်ရောက်လာသူ ၁၁,၀၀၀ ခန့် ရှိခဲ့သည်။
သတင်း-အေအက်ဖ်ပီ