မြန်မာ့ဆင်များအား ကယ်တင်ရေးအတွက် အနုပညာလှုပ်ရှားမှုအား ရန်ကုန်မြို့လယ်၌ ပြသထား

ရန်ကုန်၊ နိုဝင်ဘာ ၄

မြန်မာနိုင်ငံတွင် ဆင်များ အမဲလိုက် သတ်ဖြတ်ခံနေရပြီး အရေခွံခွာခံနေရသည့် အရေးကိစ္စကို လူထုက သိရှိလာစေရေးအတွင် အနုပညာရှင် အာကာကျော်၏ “မိုမိုတို့ကို ချစ်တယ်” (We Love Our Momos) ဟု ခေါ်သည့် အများပြည်သူ ပါဝင်ခံစားနိုင်သော အနုပညာဖန်တီးလုပ်ရှားမှု (public art) ကို ရန်ကုန်မြို့လယ်တွင် ယနေ့နံနက်ပိုင်းက စတင်ပြသထားသည်။

“ကျွန်တော့်ရဲ့ အနုပညာလက်ရာဟာ ကျွန်တော့်ရဲ့စကားသံ၊ ကျွန်တော့်ရဲ့ ရင်တွင်းစကားပါပဲ။ ကျွန်တော့်ရဲ့ အခုဒီ အနုပညာဖန်တီးမှုကတစ်ဆင့် ကျွန်တော်တို့ရဲ့ ဆင်ကြီးတွေအတွက် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကြီးမားတဲ့ အခက်အခဲတွေကို ဖော်ထုတ်ပြသနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အခုချိန်မှာမှ ကြီးကြီးမားမား မလုပ်ဆောင်ရင် ကျွန်တော်တို့ရဲ့ တောဆင်ရိုင်းကြီးတွေကို ထာဝရဆုံးရှုံးရပါတော့မယ်။ ကျွန်တော်တို့ရဲ့ မိုမိုတွေကို ကျွန်တော်တို့ချစ်တယ်။ သူတို့ကို ကယ်တင်ချင်တယ်။ ကျွန်တော်တို့ရဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေလည်း သူတို့ကို ဆက်ပြီးတွေ့မြင်စေချင်တယ်” ဟု အာကာကျော်က ပြောကြားသည်။

ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် ထားရှိမည့် အလွန်ကြီးမားသော စက္ကူဆင်ရုပ်ကြီး ၇ ကောင်သည် “မိုမိုတို့အတွက် ရင်တွင်းစကားသံ” (VOICES FOR MOMOS) လှုပ်ရှားမှုအတွက် အာကာကျော်၏ ပူးပေါင်းပါဝင် အားဖြည့်မှုတစ်ခု ဖြစ်သည်ဟု သိရသည်။

ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကောင်နှုန်းဖြင့် သတ်ဖြတ်ခံနေရသည့် မြန်မာ့တောဆင်ရိုင်းများအား ကာကွယ်ရန်အတွက် “မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ” (VOICES FOR MOMOS) လှုပ်ရှားမှုကို ယခုလတွင် စတင်ပြုလုပ်နေသည်။ အရေခွံခွာယူရန်အတွက် တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရခြင်းကြောင့် တောဆင်ရိုင်းအရေအတွက် လျှင်မြန်စွာ လျော့နည်းလာသည့် အခြေအနေကို ကာကွယ်တားဆီး တုန့်ပြန်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် အဖွဲ့အစည်း ၆ ခုက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ မြန်မာ့ဆင် ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ် (MECAP) ကို အထောက်အပံ့ဖြစ်စေရန် နယ်ပယ်အသီးသီးမှ ပါဝင်လုပ်ဆောင်နိုင်သည့် ထိုလှုပ်ရှားမှုကို စတင်လိုက်ခြင်းလည်း ဖြစ်သည်။

We Love Our Momos ဆိုသည့် အနုပညာဖန်တီးမှုကို မြန်မာကလေးငယ်များ ဆော့ကစားလာခဲ့ကြသည့် မြန်မာ့ရိုးရာ ဆင်ရုပ်ကလေးများ၏ ခံစားသက်ဝင်မှုကို အဓိက ဖော်ဆောင်ထားခြင်းဖြစ်သည်။

ထို့ပြင် အာကာကျော်သည် ကမ္ဘာ့အကြီးဆုံးစက္ကူရုပ်အဖြစ် ဂင်းနစ်မှတ်တမ်း ဝင်နိုင်ရန်လည်း ကြိုးပမ်းလျက် ရှိသည်။ ၎င်း ဖန်တီးထားသော အကြီးဆုံးသော စက္ကူဆင်ရုပ်၏ အရွယ်အစားသည် အလျား ၂၁ ပေ၊ အနံ ၇ ပေ၊ အမြင့် ၂၁ ပေရှိပြီး ပျမ်းမျှအားဖြင့် ၇ ပေမှ ၉ ပေကြား အမြင့်ရှိသည့် သက်ရှိဆင်အထီးတစ်ကောင်၏ အရွယ်အစားထက် ၃ ဆခန့် ပိုမိုကြီးမားသည်။

ယခုလက်ရှိ ဂင်းနစ်စံချိန် တင်ထားသည့် စက္ကူရုပ်မှာ မက္ကဆီကိုတွင် ဖန်တီးထားသော စောင်းကောက်နှင့် မက္ကဆီကို ဂီတပညာရှင်ကို ပုံဖော်ထားပြီး အရွယ်အစားမှာ အလျား ၁၁ ပေ ၄ ဒသမ ၅၇ လက်မ၊ အနံ ၃ ပေ ၉ ဒသမ ၅၉ လက်မ၊ အမြင့် ၁၂ ပေ ၆ ဒသမ ၄၃ လက်မ ရှိသည်ဟု သိရသည်။

အဆိုပါဆင်ရုပ်ကြီးများ စိတ်ကူးအဖြစ်မှ ယခုကဲ့သို့ အကောင်အထည်ဖော်ပြီးမြောက်ရန် ဝါးအရုပ် ရက်လုပ်ကျွမ်းကျင် ပညာရှင် ဦးမြင့် (ရုပ်လုံးကမ္ဘာ) အပါအဝင် အာကာကျော်၏ အဖွဲ့များက ၂ လကျော် ကြာအောင် လုပ်ဆောင်ခဲ့ကြသည်။ ဝါးဖြင့် ရက်လုပ်ထားသည့် အောက်ခံဘောင်များပေါ်၌ အများပြည်သူက ပေးပို့လှူဒါန်းထားသော သတင်းစာစက္ကူ အဟောင်းများကိုကပ်ကာ ရောင်စုံခြယ်ဖန်တီးထားခြင်း ဖြစ်သည်။

“နေ့ရောညပါ မနားတမ်း ကြိုးစားပမ်းစား လုပ်ကိုင်ပေးကြတဲ့ ဦးမြင့်နဲ့ သူ့ရဲ့ ရုပ်လုံးကမ္ဘာ အဖွဲ့သားတွေကိုရော၊ အနုပညာရှင်တွေ အားလုံးကိုရော၊ သတင်းစာဟောင်းတွေ လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်ပုဂ္ဂိုလ်တွေကိုရော၊ ဒီဖန်တီးမှု အကောင်အထည် ပေါ်လာအောင် အချိန်တွေ၊ အရင်းအမြစ်တွေ ထည့်ဝင်ပေးခဲ့ကြသူတွေအားလုံး အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်။ ကျွန်တော်တို့အားလုံး ပူးပေါင်းပြီး အတူလက်တွဲလုပ်ဆောင်ကြရင် ကျွန်တော်တို့ရဲ့ မိုမိုတွေကို ကယ်တင်နိုင်မှာပါ။ အခု ဒါက အစပဲရှိပါသေးတယ်” ဟု အာကာကျော်က ပြောကြားသည်။

We Love Our Momos အနုပညာဖန်တီးမှုလက်ရာကို အများပြည်သူ ခံစားကြည့်ရှုနိုင်ရန် နိုဝင်ဘာလ ၆ ရက်နေ့အထိ ဆက်လက်ထားရှိသွားမည် ဖြစ်သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.