ရွှေတိဂုံစောင်းတန်းဆိုင်များ၌ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ မရောင်းချရန် ဆွေးနွေး

ရွှေတိဂုံစေတီတော် စောင်းတန်းရှိ ဈေးတန်းများတွင် ဆင်စွယ်အပါအဝင် တောရိုင်းတိရိစ္ဆာန် အစိတ်အပိုင်းများ ရောင်းချမှု မရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် ရွှေတိဂုံစေတီ ဂေါပကအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရံပုံငွေအဖွဲ့ (WWF) က ပြောကြားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံအတွင်း ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းများ အပါအဝင် တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းများ ရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေးကြိုးပမ်းနေသည့် “မိုမိုတို့အတွက် ရင်တွင်းစကားသံ” လူထု အသိပညာပေး လှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ဇန်နဝါရီ ၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ် စေတီတော် ဂေါပကအဖွဲ့ဝင် ဦးသောင်းထိုက်က စောင်းတန်းများတွင် ရောင်းချနေသည့် ပစ္စည်းများနှင့် ပတ်သက်ပြီး ဂေါပကအဖွဲ့က ကြပ်မတ်နေကြောင်း ပြောကြားခဲ့သည်ဟု WWF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဂေါပကအဖွဲ့အနေနဲ့ နိုင်ငံတော်က တရားဝင်ထုတ်ပြန်ထားတဲ့ ဥပဒေများကို ထိန်းသိမ်းလိုက်နာလျက် ရှိပါတယ်။ စောင်းတန်းတွေမှာရောင်းတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း လိုက်နာဖို့ ကျွန်တော်တို့ ကြပ်မတ်ပါတယ်။ ဆိုင်ခန်းပိုင်ရှင်တွေလည်း လိုက်နာဖို့ တာဝန်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ စောင်းတန်းအသီးသီးမှ ဈေးဆိုင်ခန်းကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပြီး အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

“ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့အနေနဲ့ စေတီတော်နယ်နိမိတ်အတွင်း တောရိုင်းတိရိစ္ဆာန် အစိတ်အပိုင်းရောင်းချမှု မရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုပူးပေါင်းဆောင်ရွက်မှုဟာ ရန်ကုန်မြို့ကို အရှေ့တောင်အာရှမှာ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်မှု ကင်းရှင်းတဲ့ ပထမဆုံးမြို့တော်ဖြစ်လာစေရေး ကြိုးပမ်းမှုအတွက် ပထမခြေလှမ်းလည်း ဖြစ်ပါတယ်” ဟု WWF-မြန်မာ၏ ဌာနညွှန်ကြားရေးမှူး မစ္စတာခရစ္စတီးလ် ဝီလီယမ်က ပြောသည်။

ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝနယ်မြေများ ကာကွယ်ရေးဥပဒေအရ တားမြစ်ထားသော်လည်း မြန်မာနိုင်ငံတွင်းရှိ အချို့နေရာများတွင် ရောင်းဝယ်ဖောက်ကားနေကြသည်ဟု WWF က ဆိုသည်။ ဆင်များ၏ အစွယ်၊ အရေပြား၊ သွားနှင့် အမြှီးစသည့် အစိတ်အပိုင်းများကို ရန်ကုန်၊ မန္တလေးနှင့် ကျိုက်ထီးရိုးစေတီတော်တို့ရှိ ဈေးဆိုင်ခန်းအချို့တွင် ရောင်းဝယ်နေကြသည်။

“ဒီဥပဒေကို ပိုမိုခိုင်မာလာအောင်၊ လူထုပိုမိုသိရှိလာအောင်လည်း အသိပညာပေးဖို့ လိုအပ်ပါတယ်။ လူတွေအားလုံးသိမှ အားလုံးပူးပေါင်း ပါဝင်လာကြမှာပါ” ဟု ဦးသောင်းထိုက်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာ့တောရိုင်းတိရိစ္ဆာန်များအနက် တောဆင်ရိုင်းများ အများဆုံး အမဲလိုက် သတ်ဖြတ်ခံနေရပြီး ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကောင်နှုန်း သေဆုံးနေသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar