မြန်မာ့တောဆင်ရိုင်းများ ကာကွယ်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုမှု စတင်

မြန်မာ့တောဆင်ရိုင်းများအား ကယ်တင်ရေးအတွက် ဆင်ခန္ဓာကိုယ်မှရသော ပစ္စည်းများကို ရောင်းဝယ်အသုံးပြုခြင်း မပြုကြရန် ဆန္ဒကတိပြု လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုကို မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) အဖွဲ့က ဇန်နဝါရီ ၁၆ ရက်နေ့တွင် စတင်လိုက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံလည်း အိတ်ဖွင့်ပေးစာ ပေးပို့သွားမည်ဖြစ်သည်။

အဆိုပါလှုပ်ရှားမှုတွင် ဆန္ဒပြုလက်မှတ်ရေးထိုးသူ ၁၀၀,၀၀၀ ခန့်ရရှိနိုင်မည်ဟု ရည်မှန်းထားပြီး ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့မည့် အိတ်ဖွင့်ပေးစာတွင် မြန်မာ့တောဆင်ရိုင်းများ ထိန်းသိမ်း စောင့်ရှောက်ရေးစီမံချက် (MECAP) ကို အားပေးထောက်ခံကြောင်း မြန်မာပြည်သူ ပြည်သားများ၏ ထောက်ခံကတိပြု လက်မှတ်များ ပါဝင်မည်သည်။

“မြန်မာနိုင်ငံမှာ ဆင်နဲ့ အခြား တောရိုင်းတိရစ္ဆာန် ထွက်ကုန်ပစ္စည်းတွေကို ပေါ်ပေါ်ထင်ထင် ရောင်းဝယ် ဖောက်ကားနေကြတာတွေကို အဆုံးသတ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။ တရုတ်နိုင်ငံမှာဆိုရင်လည်း ပြည်တွင်းမှာ ဆင်စွယ်တွေ ရောင်းဝယ်ဖောက်ကားမှုကို ပိတ်ပစ်လိုက်ပါပြီ။ အဲဒါက တကယ်ကြီးမားတဲ့ ခြေလှမ်းကောင်း တစ်ခုပါ။ ဒါပေမဲ့ ကျွန်တော်တို့တွေက ဆင်ခန္ဓာကိုယ်ကရတဲ့ ပစ္စည်းတွေကို ပြည်တွင်းမှာ ရောင်းဝယ် ဖောက်ကားနေကြတာတွေကို မရပ်တန့်ပစ်ဘူးဆိုရင် ရောင်းဝယ်ဖောက်ကားမှုတွေဟာ နယ်စပ်ကနေ ဖြတ်ကျော်ပြီး ဆက်ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေကို မြန်မာနိုင်ငံဟာ တရားမဝင် တောရိုင်းတိရစ္ဆာန်ပစ္စည်းတွေ ရောင်းဝယ် ဖောက်ကားတဲ့နေရာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိအောင် ပြရပါမယ်။ ဒီတရားမဝင် ရောင်းဝယ် ဖောက်ကားမှုတွေကိုလည်း မြန်မာ့မြေပေါ်ကနေ လုံးဝပပျောက်သွားအောင် လုပ်ဆောင်ရပါမယ်” ဟု WWF-မြန်မာမှ Conservation Director တစ်ဦးဖြစ်သူ Nick Cox က ပြောကြားသည်။

မြန်မာနိုင်ငံတွင် တစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်းဖြင့် အမဲလိုက် သတ်ဖြတ်ခံနေရသည်။ ဆင်အရေပြား၊ ဆင်အမြီး၊ ဆင်သွားနှင့် ဆင်စွယ်များကို ကျိုက်ထီးရိုးဘုရားတွင် ရောင်းချလျက်ရှိပြီး ဆင်စွယ်အလှဆင် ဆက်စပ်ပစ္စည်းများ ကို ရန်ကုန်နှင့် မန္တလေးတို့တွင် ရောင်းချလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်နေသော တရုတ်နိုင်ငံအပါအဝင် ရွှေတြိဂံဟု နာမည်ကြီးသော မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် ဆက်စပ်နေသည့် နယ်စပ်ဒေသများတွင် အကြီးအကျယ် ရောင်းဝယ်ဖောက်ကားကြသော ဈေးကွက်ကြီးများလည်း ရှိနေသည်။ ဆင်အရေပြားများကို ရိုးရာဆေးမြီးတိုများ ဖော်စပ်ရန်အတွက် သော်လည်းကောင်း၊ အရောင်တင်ပြီး ပုတီးလုံးလေးများနှင့် တွဲစပ်ကာ ကံကောင်းစေသော လက်ကောက်များ ပြုလုပ်ရန်အတွက်သော်လည်းကောင်း ရောင်းဝယ်ဖောက်ကားကြသည်။ ဆင်အမြီးများကို ငွေလက်စွပ်အတွင်းသို့ထည့်ကာ ကံကောင်းစေသော အဆောင်တစ်ခုအဖြစ် အသုံးပြု ဝတ်ဆင်လျက် ရှိသည်။

အဆိုပါ ကတိပြုတောင်းခံလွှာ လက်မှတ်ရေးထိုးပွဲတွင် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် ရွှေတောင်လုပ်ငန်းစုကလည်း ပူးပေါင်း ပါဝင်သွားမည်ဖြစ်သည်။ ရွှေတောင်လုပ်ငန်းစုနှင့် ၎င်း၏ ဝန်ထမ်း ၇,၀၀၀ တို့က တောဆင်ရိုင်းများကို ကာကွယ်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

“ကျွန်မတို့ အတူတကွလုပ်ဆောင်ပြီး မိုမိုတို့ကို ကာကွယ်ကြရအောင်ပါ။ ကျွန်မတို့ ဆန္ဒကတိပြုလက်မှတ်ကို ရေးထိုးသွားမှာဖြစ်သလို အများပြည်သူကိုလည်း အတူတူ ပါဝင်လက်မှတ်ရေးထိုးကြဖို့ တိုက်တွန်းပါတယ်” ဟု ရွှေတောင်အိမ်ခြံမြေလုပ်ငန်းမှ အမှုဆောင်အရာရှိချုပ် ဒေါ်စန္ဒာထွန်းကပြောသည်။

ထို့ပြင် မြန်မာအနုပညာရှင် အာကာကျော်၏ “ဆင်တွေကိုချစ်တယ်” (We Love Elephants) ဟု အမည်ပေးထားသည့် အနုပညာပြပွဲကို Junction City တွင် ယခုလကုန်အထိ ပြသထားမည်ဖြစ်သည်။ မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ၏ လူထုဝန်ဆောင်မှု ကြေညာချက်များ (PSA) နှင့် ဆင်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကုန်တိုက်၏ အတွင်းနှင့် အပြင်ရှိ ဒစ်ဂျစ်တယ်မျက်နှာပြင်များတွင်လည်း ပြသထားမည်ဖြစ်သည်။

ဆန္ဒကတိပြုလက်မှတ်တောင်းခံသော မိုမိုတို့အတွက် ရင်တွင်းစကားသံ (VOICES FOR MOMOS) ဗီဒီယိုကိုလည်း JCGV ၏ ရုပ်ရှင်ရုံများတွင် တစ်လကြာ ပြသသွားမည်ဟုဆိုသည်။

ကတိပြုတောင်းခံလွှာတွင် လက်မှတ်ရေးထိုးကြမည့်သူများသည် Junction City ရှိ VOICES FOR MOMOS လက်မှတ်ရေးထိုးရန် နေရာတွင်သော်လည်းကောင်း၊ အွန်လိုင်းရှိ www.voicesformomos.org/petition တွင် သော်လည်းကောင်း လက်မှတ်ရေးထိုးနိုင်ကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.