မြန်မာနိုင်ငံ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံတွင် ကုလသမဂ္ဂ အကြီးအကဲဖြစ်သူနှင့် အမေရိကန်၏ ထိပ်တန်းသံတမန်တို့အား နိုဝင်ဘာ ၁၃ ရက်နေ့ တွေ့ဆုံခဲ့ချိန်တွင် နေရပ်စွန့်ခွာ ရိုဟင်ဂျာမူဆလင်များ အကျပ်အတည်း ဖြေရှင်းရန် မြင့်မားနေသည့် ကမ္ဘာလုံးဆိုင်ရာ ဖိအားများကို ရင်ဆိုင်ခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခဲ့သည့် ထောင်ပေါင်း၊ ရာပေါင်းများစွာသော မူစလင်များကို မြန်မာနိုင်ငံရှိ ၎င်းတို့၏ နေအိမ်များသို့ ပြန်လာခွင့်ပေးသင့်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်။
လူသားချင်းစာနာမှုဆိုင်ရာများ ပြုလုပ်ခွင့် ရရှိနိုင်မှု၊ အန္တရာယ်ကင်းပြီး ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် ပြန်လာမှုများအပြင် လူ့အသိုင်းအဝိုင်းနှစ်ခုအကြား စစ်မှန်သည့် ရင်ကြားစေ့ရေးမှာ မရှိမဖြစ်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်ဟု တွေ့ဆုံမှုနှင့် ပတ်သက်ပြီး အကျဉ်းချုပ်ဖော်ပြထားသည့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မနီလာတွင်ကျင်းပသော အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၏ အနားပေးချိန် ကာလများတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်နှင့် ဒေါ်အောင်ဆန်းစုကြည် မတွေ့ဆုံမီ နာရီအနည်းငယ်အလိုတွင် ဂူတာရက်စ်၏ သုံးသပ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကမူ ရခိုင်ဒေသ၏ အခြေအနေနှင့် ပတ်သက်၍ ၎င်းတို့၏ ကြေညာချက်များကို သတိကြီးစွာထားနေပြီး ဒေါ်အောင်ဆန်းစုကြည်အား တိုက်ရိုက်ဝေဖန်မှုကိုလည်း ရှောင်ရှားလျက်ရှိသည်။
တီလာဆန်နှင့် တွေ့ဆုံမှုအား ဓါတ်ပုံအရိုက်ခံစဉ် ရိုဟင်ဂျာများက မြန်မာနိုင်ငံသားများ ဖြစ်ပါလားဟု သတင်းထောက်တစ်ဦးက မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က လစ်လျူရှုခဲ့သည်။
မြန်မာခေါင်းဆောင်များအတွက် ပါးလိုသော သတင်းစကားရှိပါသလားဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအား သတင်းထောက်များက မေးမြန်းမှုကိုလည်း ဝန်ကြီးက လစ်လျူရှုခဲ့ပြီး “ကျေးဇူးတင်ပါတယ်”ဟုသာ ပြန်လည်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား တွေ့ဆုံမည်ဖြစ်ကာ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ဆွေးနွေးကြမည်ဖြစ်သည်။