ဝန်ကြီးဌာနနှစ်ခုတိုးခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဝန်ပိုများကို လျှော့ရန်ဟု ယုံကြည်ရ

ဌာနများကို ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းပြီး ဘဏ္ဍာငွေသုံးစွဲမှု လျှော့ချဖို့ မူဝါဒချထားတဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းနှစ်နှစ်ဝန်းကျင်ရှိလာချိန်မှာ ပြည်ထောင်စုဝန်ကြီးဌာန အသစ်နှစ်ခုတိုးချဲ့ဖို့ စီစဉ်လိုက်ပါပြီ။

ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဆိုပြီး နှစ်ခု ထပ်မံ ဖွဲ့စည်းတယ်မှုကို သဘောတူပေးဖို့ နေပြည်တော်မှာ နိုဝင်ဘာ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို အစိုးရက တင်သွင်းလိုက်တာပါ။

လွှတ်တော်ကို ပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာမှာ လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်မှုရဖို့၊ လုပ်ငန်း တာဝန်များကို ဆက်စပ်ဆောင်ရွက်နိုင်ဖို့ အဲဒီဝန်ကြီးဌာနနှစ်ခုကို ဖြည့်စွက်လိုတယ်လို့ ပါဝင်ပါတယ်။

ဒါပေမယ့် ဝန်ထမ်းတွေ ထပ်တိုးမှာမဟုတ်ဘဲ ရှိပြီးသား ဦးစီးဌာနဝန်ထမ်းတွေနဲ့သာ လုပ်ငန်းတွေဆောင်ရွက်မယ်လို့ နိုင်ငံတော်သမ္မတရဲ့ တာဝန်ပေးအပ်မှုနဲ့ လွှတ်တော်ကို လာရောက်ရှင်းပြတဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကိုတော့ လက်ရှိမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဦးသောင်းထွန်းက ပူးတွဲတာဝန်ယူမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနကိုတော့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးဖြစ်တဲ့ ဦးကျော်တင့်ကို တာဝန်ယူစေမှာဖြစ်ပါတယ်။

ညွှန်ကြားရေးမှူးချုပ်တစ်ဦးရဲ့ ဦးဆောင်မှုနဲ့ ကက်ဘိနက်၊ အုပ်ချုပ်ရေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ ဥပဒေကြမ်း တင်သွင်းခြင်းတို့လို တာဝန်တွေဆောင်ရွက်နေတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

ဦးထွန်းထွန်းဦးကလည်း “နိုင်ငံတော် သမ္မတအား တာဝန်ခံပြီး ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ပြည်ထောင်စု အစိုးရဝန်ကြီးတစ်ဦးကို ခန့်အပ်၍ တာဝန်ယူ ဆောင်ရွက်စေမည်ဆိုပါက ပိုမိုဆောင်ရွက်နိုင်မည်”လို့ ပြည်ထောင်စုလွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

ဒီအလုပ်တွေဟာ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးအဖြစ်တာဝန်ယူထားတဲ့ သမ္မတရုံးဝန်ကြီးဌာနအောက်မှာ ထားရှိ ဆောင်ရွက်နေရတဲ့ လုပ်ငန်းအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနဆိုတာဟာလည်း နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်က နိုင်ငံတကာဆက်ဆံရေးဦးစီးဌာနကို အသွင်ပြောင်းဖွဲ့စည်းမှာဖြစ်တယ်လို့ Frontier ရဲ့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

လက်ရှိမှာ နိုင်ငံတော်၏ အတိုင်ပင်ခံရာထူးအပြင် နိုင်ငံခြားရေးဝန်ကြီးတာဝန်အရပါ နိုင်ငံတကာ ဧည့်သည်တွေ၊ အခမ်းအနားတွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ငန်းတာဝန်တွေကို လျှော့ချနိုင်ဖို့ ရည် ရွယ်တဲ့အကြောင်း သူတို့က ရှင်းပြတယ်။

ဦးထွန်းထွန်းဦးရဲ့ လွှတ်တော်သို့ ရှင်းပြချက်မှာ “နိုင်ငံတကာအရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျှက်ရှိရာ နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို နိုင်ငံရေးရှုထောင့်အပြင် စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ရှုထောင့်မှလည်း ခြုံငုံသုံးသပ်ရန်” လို့ ပါဝင်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကတော့ အသစ်ထပ်တိုးမယ့် ဝန်ကြီးဌာနနှစ်ခုနဲ့ တာဝန်ယူဆောင်ရွက်မယ့် ဝန်ကြီးနှစ်ဦးနဲ့ စပ်လျဉ်းပြီး မနက်ဖြန် (နိုဝင်ဘာ ၂၂ ရက်နေ့) မှာ ဆွေးနွေးဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.