ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ့် မြန်မာနိုင်ငံ

မကြာမီက တရုတ်သမ္မတ၏မြန်မာပြည်ခရီးကို တရုတ်က မြန်မာထံ ကြွေးတောင်းသွားသောခရီး၊ မြန်မာကလည်း အခြားရွေးစရာလမ်း သိပ်မရှိတော့ဘဲ ကြွေးဆပ်ရန်သာရှိ၍ ပေးစရာကြွေးကို ပြန်ဆပ်လိုက်ရသောခရီးအဖြစ် ရှုမြင်လိုက ရှုမြင်နိုင်ပါသည်။

မှန်ပါသည်။ ရိုဟင်ဂျာအကျပ်အတည်းတွင် တရုတ်က မြန်မာကို သံတမန်ရေးရာ အကာအကွယ်ပေးခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိ ယူသွားမည့်အရေးကို လမ်းလွှဲပေးနိုင်ခဲ့သည်။

မှန်ပါသည်။ တရုတ်သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြည်ပမှ လွှမ်းမိုးမှုအရှိဆုံးနေရာမှ ပါဝင်နေပြီး မြန်မာနိုင်ငံမြောက်ပိုင်း၌ ငြိမ်းချမ်းရေးမရသေးသော်မှ တည်ငြိမ်မှုရအောင် အဓိကသော့ချက်ကို ကိုင်ထားသူဖြစ်ပါသည်။

မှန်ပါသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင် ထောက်တိုင်တစ်ခုအဖြစ် တရုတ်ကအလိုချင်ဆုံး ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် သဘောတူညီချက်နှစ်ခုကို မြန်မာက လက်မှတ်ထိုးပေးခဲ့သည်။ အပေးအယူလုပ်ခဲ့ကြတာတော့ သေချာပါသည်။ ဒီအတွက် မြန်မာအတော်များများက သိပ်တော့ စိတ်မသက်သာခဲ့ကြပေ။

ဆက်ဆံရေးက ဒီလောက်ရိုးရှင်းသည်ဟု ယူဆလျှင်တော့ နှစ်နိုင်ငံစလုံးအတွက် အကျိုးမဲ့စေပါလိမ့်မည်။ မြန်မာနိုင်ငံသည် တရုတ်၏ဖောက်သည် လက်ဝေခံနိုင်ငံ မဟုတ်ပေ။ မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး အရွေ့စွမ်းအင်နှင့် ပြည်ပလွှမ်းမိုးမှုအပေါ် သတိကြီးကြီးထားတတ်သော မြန်မာတို့၏ ဗီဇကြောင့် ဒီလိုမဖြစ်နိုင်ချေ။ ထိုနည်းတူပင် တရုတ်၏အကာအကွယ်ပေးမှုကလည်း အကန့်အသတ်မဲ့တော့ မဟုတ်ချေ။ ကျန်နိုင်ငံတကာ အသိုက်အဝန်းကို လျစ်လျူပြု၍ မြန်မာက ထင်ရာစိုင်းနိုင်မည်တော့ မဟုတ်ချေ။

မြန်မာ-တရုတ် ဆက်ဆံရေး၏ ရှုပ်ထွေးနက်နဲမှုကို သမ္မတရှီ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြသော သဘောတူစာချုပ် ၃၃ ခုက ဖော်ပြနေသည်။ စာချုပ်များမှာ ကျောက်ဖြူ၊ မီးလင်းချိုင် စွမ်းအင်စီမံကိန်းနှင့် ရန်ကုန်မြို့သစ် စီမံကိန်းတို့မှစ၍ ကချင်နေရပ်ပြောင်းရွှေ့ဒုက္ခသည်များကို ပြန်လည်နေရာချထားရေး ထောက်ပံ့ကူညီရန်နှင့် မြန်မာ့စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များအတွက် တရုတ်ဈေးကွက် တရားဝင်ဖွင့်ပေးရေးအထိ ကျယ်ပြန့်စွာပါဝင်သည်။

စာချုပ်များကို ကြည့်လျှင် တစ်လမ်းသွား တစ်ဖက်သတ် တရုတ်တောင်းသမျှ မြန်မာက လိုက်လျောပေးနေရပုံတော့ မပေါ်ချေ။ အချို့စာချုပ်တွေက တရုတ်၏ဦးစားပေးများဖြစ်ပြီး အချို့စာချုပ်များမှာ မြန်မာအတွက် အကျိုးအမြတ်များစွာရမည့် စာချုပ်များဖြစ်သည်။ ထုံးစံအတိုင်းပင် လက်တွေ့သက်သေဆိုသည်က လုပ်ရင်းမှသာ တွေ့လာရလိမ့်မည်။

နှစ်နိုင်ငံဆက်ဆံရေးတွင် အဆိပ်အတောက်အဖြစ်ဆုံးကိစ္စမှာ ရပ်ဆိုင်းထားသော ကချင်ပြည်နယ်မှ မြစ်ဆုံစီမံကိန်းဖြစ်သည်။ နှစ်ဘက်ဆွေးနွေးသည့် အကြောင်းအရာအစီအစဉ်တွင် ဒီကိစ္စလုံးဝ မပါဝင်ချေ။ ယခင်တုန်းကတော့ မြန်မာက ဒီကိစ္စအဆုံးအဖြတ်မပေးသမျှ တရုတ်သမ္မတက မြန်မာပြည်မလာနိုင်ဟု ဒီအတိုင်းနားလည်ထားခဲ့ကြရာ သည်အချက်ကတော့ တရုတ်ဘက်က အလွန်အရေးပါသော အလျှော့ပေးလိုက်လျောမှု ဖြစ်ပုံရသည်။

မြန်မာနိုင်ငံသည် တရုတ်နှင့် အခြားနိုင်ငံတစ်ခုခုကို ရွေးချယ်ဖို့လိုသည်။ သို့တည်းမဟုတ် မြန်မာသည် တရုတ်နှင့် ဆက်ဆံရေး ဖြည်းဖြည်းချင်းနောက်ဆုတ်သင့်ပြီစသော ပြောဆိုမှုများမှာ ဘာမျှအသုံးမဝင်၊ အထောက်အကူလည်း မဖြစ်ပါ။

တရုတ်နှင့် မြန်မာတို့သည် ကီလိုမီတာ ၂,၀၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေပြီး ကာလကြာရှည်စွာ ယဉ်ကျေးမှုချင်း ဆက်သွယ်ဖလှယ်လာခဲ့ကြသည်။ မြန်မာ၏တစ်ခုတည်းသော အရေးပါဆုံး စီးပွားရေး မိတ်ဖက်နိုင်ငံဖြစ်ပြီး သိသာထင်ရှားသော စီးပွားရေးအခွင့်အလမ်းများကိုလည်း ပေးသည်။ ဆက်ဆံရေးကတော့ ရှုပ်ထွေးသည်၊ ဝန်စည်စလှယ်အလွန်များသည်။ သို့သော် မရှိလို့တော့မဖြစ်ချေ။ ရိုဟင်ဂျာအကျပ်အတည်းမှ အကျိုးဆက်များက မြန်မာအဖို့ မိမိဘက်က ထောက်ခံပေးမည့်သူအဖြစ် တရုတ်ကိုသာ အားကိုးနိုင်သည်ဆိုသော အယူအဆသည်လည်း အထောက်အကူမဖြစ်ချေ။

မြန်မာသည် လွတ်လပ်ရေးရခဲ့ချိန်မှစ၍ ဘက်မလိုက်ဝါဒ မျှခြေရှိသော နိုင်ငံခြားရေးပေါ်လစီကိုသာ ဂုဏ်ယူစွာ လက်ကိုင်ထားခဲ့သော နိုင်ငံဖြစ်သည်။ ဒီအတိုင်းသာ ဆက်နေရန်ကြိုးစားလိမ့်မည်၊ ၎င်း၏နိုင်ငံတကာ ဆက်ဆံရေးမှာ Zero-sum game ကဲ့သို့ တ‌စ်ယောက်နိုင်သော် နောက်တစ်ယောက်က ရှုံးသည့်ကစားနည်းမျိုး မဖြစ်သင့်ချေ။

သမ္မတရှီ၏ ခရီးကြောင့် နှစ်နိုင်ငံဆက်ဆံရေး တစ်ခေတ်ဆန်းသွားခဲ့သည်။ ဒါကြောင့်တော့ မြန်မာသည် အခြားနိုင်ငံများနှင့် ဆက်ဆံရေးထိန်းသိမ်းထူထောင်ထားမှုကို ထိခိုက်မည်မဟုတ်ချေ။ မြန်မာကို အပြင်းထန်ဆုံး ဝေဖန်သောနိုင်ငံများနှင့်ပင်လျှင် ဆက်ဆံရေးပျက်မည်မဟုတ်ချေ။ ဤဆက်ဆံရေးတံခါးများ ပိတ်တော့မည့်ပုံ ပေါ်နေလျှင် မြန်မာက တံခါးကို ဆောင့်ပိတ်လိုက်သောကြောင့်သာ ဖြစ်လိမ့်မည်။

ရိုဟင်ဂျာအကျပ်အတည်းက မြန်မာ့ပုံရိပ်ကို အတော်ပင်ထိခိုက်ပျက်စီးစေခဲ့ပါသည်။  ဒါကြောင့် ကမ္ဘာ့နိုင်ငံတွေက မြန်မာကို ကျောခိုင်းသွားကြပြီဟုဆိုလျှင်တော့ တရားမျှတမည် မဟုတ်ချေ။ ၂၀၁၇ ခု၊ ဩဂုတ်လ၊ စက်တင်ဘာလတွေက ရခိုင်တွင်ဖြစ်ခဲ့သော အဖြစ်အပျက်များ၏ ကြီးလေးမှုများ ရှိခဲ့သည့်ကြားကပင် နိုင်ငံအများစုမှာ သင့်တင့်ရုံမျှသာ တုံ့ပြန်ခဲ့ကြပါသည်။ မြန်မာအစိုးရကို သင့်တင့်သော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ရန် လိုအပ်သောအချိန်နှင့် နေရာကို ပေးထားကြပါသည်။

ရက်စက်ကြမ်းတမ်းခဲ့မှုကို လုံးဝငြင်းဆိုခြင်း၊ သင့်တင့်သော စုံစမ်းစစ်ဆေးမှုလုပ်ရန် ငြင်းဆိုခဲ့ခြင်း၊ အခြေခံအကြောင်းရင်းများကို ဖြေရှင်းရန်ဆန္ဒမရှိခြင်းစသော ရခိုင်အရေးအပြီး မြန်မာအစိုးရ၏ နောက်ဆက်တွဲ ကိုင်တွယ်ဆောင်ရွက်ပုံ အမှားများကြောင့်သာလျှင် ကမ္ဘာက တင်းမာသောနည်းကို သုံးလာရခြင်းဖြစ်သည်။ တရုတ်-မြန်မာ ဆက်ဆံရေးလားရာနှင့်ပတ်သက်၍ ကံကိုသာ အားကိုးစရာမလိုပါ၊ သမ္မတရှီကျင့်ဖျင်၏ခရီးက ကျွန်ုပ်တို့အား တစုံတခုကို အလင်းပြခဲ့သည်ဆိုပါလျှင် မြန်မာတို့သည် အင်အားချည့်နဲ့နေသည်ဟု ထင်ရချိန်မှာပင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ကြသော အရှင်သခင်များဖြစ်သည်ဆိုသော အချက်ပင်ဖြစ်ပေသည်။

ဦးကိုကို ဘာသာပြန်သည်။

ယခုအယ်ဒီတာ့အာဘော်ကို ဇန်နဝါရီ ၂၃ ရက်ထုတ် Frontier Myanmar မဂ္ဂဇင်းတွင် ဖော်ပြထားပါသည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.