မြန်မာနိုင်ငံအတွက် Su-30 တိုက်လေယာဉ် ခြောက်စီး ရောင်းချသွားမည်ဟု ရုရှားကာကွယ်ရေး ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Alexander Formin က ပြောကြားကြောင်း ရုရှားသတင်းဌာနတစ်ခုက ယနေ့ ရေးသားထားသည်။
မြန်မာနိုင်ငံသို့ ရုရှားကာကွယ်ရေးဝန်ကြီး လာရောက်ခဲ့စဉ်အတွင်း ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ယနေ့ပြောကြားကြောင်း TASS သတင်းဌာနက ရေးသားထားသည်။
Su-30 တိုက်လေယာဉ်ခြောက်စင်းကို မြန်မာနိုင်ငံသို့ ရောင်းချရန်အတွက် ရုရှားကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။ အဆိုပါလေယာဉ်များသည် “မြန်မာနိုင်ငံ၏ အချုပ်အခြာကို ကာကွယ်ရန်နှင့် အကြမ်းဖက်မှုများကို တားဆီးရာတွင် မြန်မာလေတပ်အတွက် အဓိကကျသည့် တိုက်လေယာဉ်များ ဖြစ်လာလိမ့်မည်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
လေသူရဲနှစ်ဦး လိုက်ပါနိုင်သည့် အင်ဂျင်နှစ်လုံးတပ် Su-30 တိုက်လေယာဉ်များကို ရုရှားနိုင်ငံ Sukhoi Aviation Corporation က ထုတ်လုပ်ထားခြင်းဖြစ်သည်။ ရာသီမရွေး တိုက်ပွဲဝင်နိုင်သည့် ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် တန်ဖိုးရှိမည်ဟု ခန့်မှန်းထားသည်။
ရုရှားစစ်လက်နက်များ၏ စွမ်းဆောင်ရည်ကို မြန်မာ့တပ်မတော်က အသုံးပြုမှုနေစဉ် သက်သေပြခဲ့ပြီးဖြစ်သည်ဟုလည်း ရုရှားကာကွယ်ရေး ဒုဝန်ကြီးက ပြောကြားကြောင်း သတင်းတွင် ဆက်လက်ရေးသားထားသည်။
“အဲဒါတွေက အထူးသဖြင့် Mi-24၊ Mi-35 နဲ့ Mi-17 ရဟတ်ယာဉ်တွေအပြင် MiG-29 တိုက်လေယာဉ်၊ Yak-130 အမောင်းသင် တိုက်ခိုက်ရေးလေယာဉ်၊ Pechora-2 လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ အခြားကိရိယာတွေ ဖြစ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးက ပြောကြားသည်။
ထို့ပြင် ရုရှား၏ အဆင့်မြင့် စစ်တပ်ပညာရေးကျောင်းများတွင် မြန်မာတပ်မတော်မှ သင်တန်းသား ၆၀၀ ကျော် လာရောက် ပညာသင်ယူနေကြသည်ဟုလည်း ၎င်းက ပြောကြားသည်။
ရုရှားကာကွယ်ရေးဝန်ကြီးသည် နေပြည်တော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ေ တွ့ဆုံခဲ့ပြီး နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ တပ်မတော်(ရေ)နှစ်ရပ်အကြား စစ်သင်္ဘောများ အပြန်အလှန် လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီးများ အပြန်အလှန်လည်ပတ်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေခဲ့ကြသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံ တပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။